Tuesday, May 30, 2017

အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် လွယ်ကူစွာရရှိရေး ဖြေလျှော့မှုများ ဥပဒေနှင့်အညီဆောင်ရွက်ပေးပြီးဖြစ်



 နေပြည်တော် မေ ၂၉


ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၉)မှ ဦးမောင်မောင်လတ်၏ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ပေါ်တွင် အဆင့်မီမြို့တော်ခန်းမတစ်ခုကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က အဆင့်မီမြို့တော်ခန်းမ ဆောက်လုပ်မည် ဆိုပါက ခန့်မှန်းကုန်ကျငွေ ငွေကျပ်သန်း ၃ဝဝ ကုန်ကျမည် ဖြစ်ကြောင်း၊ တမူးမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ တစ်နှစ်ဝင်ငွေမှာ ၂၈၃ ဒသမ ၂ သန်းသာရှိပြီး မြို့၏သန့်ရှင်း သာယာလှပရေး၊ လမ်းတံတားပြုပြင်ရေး လုပ်ငန်းများတွင် ပြန်လည်သုံးစွဲရပါကြောင်း၊ ခန်းမဆောက်လုပ်ခြင်းအတွက် စည်ပင် သာယာရေးဝင်ငွေဖြင့် ဆောက်လုပ်ပေးရန် မဖြစ်နိုင် သောကြောင့် ဒေသခံပြည်သူများပူးပေါင်း ဆောင်ရွက်နိုင်မှု ရှိ/မရှိ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၊ မြို့မိမြို့ဖ များ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲမှုကော်မတီများ တွေ့ဆုံဆွေးနွေး ရာတွင် ဒေသခံပြည်သူများမှ ခန်းမဆောက်လုပ်ခြင်းအတွက် ငွေကြေးထည့်ဝင်နိုင်ခြင်းမရှိပါသဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေလျာထားဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေ ကြားသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦး၏ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် သန်းခေါင်စာရင်းမရှိသော တိုင်းရင်းသားစစ်စစ်နိုင်ငံသားများကို လက်ရှိ မြေပြင်အခြေ အနေအတိုင်း နေထိုင်သည်မှာ မှန်ကန်ကြောင်း ကတ်ပြား နှင့် သန်းခေါင်စာရင်းစာရွက်တို့ကို တစ်နိုင်ငံလုံးရှိ နိုင်ငံသား စိစစ်ရေးကတ်မရှိသူများအတွက် ခြောက်လအတွင်း ဖြေလျှော့ မှုများဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မိမိဝန်ကြီးဌာန အနေဖြင့် တိုင်းရင်းသားပြည်သူများအား အိမ်ထောင်စု လူဦး ရေစာရင်းထုတ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများတွင် ပြည်သူလူထု ဝန်ထုပ်ဝန်ပိုး လျော့ပါးစေပြီး လွယ်ကူမြန်ဆန်စေရန် ယခင်က အိမ်ထောင်စု လူဦးရေစာရင်း တစ်စောင် ဖြည့်စွက်နိုင်ရေးအတွက် လိုအပ်ချက် အထောက်အထား ၁ဝ ချက်အစား ၅ ချက် ဖြေလျှော့၍ လည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရာတွင် လည်း ယခင်က တိုင်းရင်းသားများအား ခရိုင်ဦးစီးမှူး လက်မှတ်ရေးထိုးပေးခြင်းအစား မြို့နယ်ဦးစီးမှူးလက်မှတ်ရေးထိုးပေးခွင့်ပြုခြင်း၊ တိုင်းရင်းသားများအတွက် အထောက် အထားပြည့်စုံပါက အများဆုံး ၂၈ ရက်အတွင်း အပြီး ဆောင်ရွက်ပေးခြင်း၊ အထောက်အထားပြည်စုံပါက One Stop Service နေ့ချင်းပြီး ဆောင်ရွက်ပေးခြင်း၊ အထောက် အထားမပြည့်စုံသော်လည်း တိုင်းရင်းသားဖြစ်ကြောင်း မှန်ကန် ပါက မြို့နယ်နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်း စိစစ်ကြီးကြပ်ရေးအဖွဲ့ (၅ ဦးကော်မတီ) ထောက်ခံချက်ဖြင့် ဆောင်ရွက်ပေးခြင်း၊ ရပ်ကွက်/ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ပေးခြင်းများ ဖြင့်လည်းကောင်း ဖြေလျှော့ ဆောင်ရွက်ပေးခဲ့ပါကြောင်း။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွင်း နေထိုင် လျက်ရှိသော တိုင်းရင်းသားပြည်သူများအတွက် အဓိက လိုအပ် ချက်ဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားဆောင်ရွက်ပေးမှုနှင့် ပတ်သက်၍ ပြည်သူ လူထုဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စရပ်များ မဆုံးရှုံးစေရေးနှင့် လွယ်ကူမြန်ဆန်စွာ ရရှိစေရေး အတွက် ဖြေလျှော့မှုများအား ဥပဒေနှင့်အညီ ဆောင်ရွက်ပေးပြီး ဖြစ်ပါကြောင်း။
ထို့ပြင် အိမ်ထောင်စုလူဦးရေ စာရင်းမရှိသူများအား လက်ရှိ မြေပြင်အခြေအနေအတိုင်း နေထိုင်သည်မှာ မှန်ကန် ကြောင်း ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ဆောင် ရွက်ပေးမည်ဆိုပါက မြို့နယ်နှစ်ခုတွင် လူဦးရေစာရင်း ထပ်ခြင်း ဖြစ်ပေါ်ကာ လူဦးရေဖောင်းပွမှုဖြစ်ပေါ်ခြင်း၊ အချို့မှာ အကြောင်း အမျိုးမျိုးဖြင့် မူလနေထိုင်ရာဒေသ အပါအဝင် ကိုယ်ရေး အချက်အလက်များ မမှန်မကန်ဖော်ပြလျက် မူလကိုယ်ရေး အချက်အလက်များအား ဖုံးကွယ်မှုများရှိနိုင်ကာ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့တွင် မလိုလားအပ်သည်များ ဖြစ်ပေါ်လာနိုင်သည့်အပြင် တစ်နိုင်ငံလုံးရှိ နိုင်ငံသား စိစစ်ရေး ကတ်မရှိကြသူ နိုင်ငံသားများအတွက် နိုင်ငံသားမှတ်ပုံတင် ကတ်ပြားနှင့် သန်းခေါင်စာရင်းစာရွက်တို့ကို ခြောက်လအတွင်း ဆောင်ရွက်ပေးရန်မှာ တည်ဆဲဥပဒေ၊ နည်းဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ လက်တွေ့ဆောင်ရွက်ရမည့် လုပ်ငန်း ပမာဏအရ မိမိတို့ဌာနတွင် အခက်အခဲများစွာရှိနေပါသဖြင့် ခြောက်လအတွင်း ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် မိမိဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသား ပြည်သူ လူထုများ၏ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးရေးလုပ်ငန်းများ ပြည်သူလူထုဝန်ထုပ်ဝန်ပိုး မဖြစ်စေ ရေး၊ လွယ်ကူလျင်မြန်စွာ ရရှိစေရေး၊ ဥပဒေနှင့်အညီ ဖြေလျှော့ ဆောင်ရွက်ပေးထားပြီး စိစစ်မှု၊ လုပ်ငန်းဆောင်ရွက်မှုများ မကြန့်ကြာစေရေး တွန်းအားပေးကြပ်မတ်လုပ်ဆောင်လျက် ရှိပါကြောင်း ဖြေကြားသည်။
ထို့ပြင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးထိန်ဝင်း၊ ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၁၂)မှ ဦးအောင်သိန်းနှင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိအိပြုံး တို့၏ ဆောက်လုပ်ရေးကဏ္ဍဆိုင်ရာ မေးခွန်း၊ နိုင်ငံသားစိစစ် ရေးကတ်ပြားဆိုင်ရာ မေးခွန်းနှင့် ကလေးလုပ်သားဆိုင်ရာ မေးခွန်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်တို့က ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်း အဝေး ဆဋ္ဌမနေ့ကို မေလ ၃ဝ ရက်တွင် ဆက်လက်ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment