ရန်ကုန် ဧပြီ ၂၅
စားသုံးသူများအနေဖြင့် မိမိတို့စားသုံးလိုက်မှုအပေါ် ကုန်ကျစရိတ်၏ ငါးရာခိုင်နှုန်းကို အခွန်ငွေအဖြစ် ပေးဆောင်နေမှုများရှိသော်လည်း စားသောက်ဆိုင်များအနေဖြင့် ယင်းအပေါ် အခွန်တံဆိပ်ခေါင်း မှန်မှန်ကန်ကန် ကပ်ပေးခြင်း၊ အသုံးပြုခြင်းမရှိဘဲ အလွဲသုံးစားပြုလုပ်နေမှုကြောင့် အခွန်ငွေ လေလွင့်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေရကြောင်း ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောသည်။
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး စတုတ္ထပုံမှန်အစည်းအဝေး အဋ္ဌမမြောက်နေ့ ဧပြီ ၂၄ ရက်တွင် လှိုင်မြို့နယ် အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက စားသုံးသူ ပြည်သူများအနေဖြင့် စားသုံးမှုအပေါ် အခွန်ပေးဆောင်နေသော်လည်း စားသောက်ဆိုင်များအနေ ဖြင့် အခွန်တံဆိပ်ခေါင်း(commercial tax) ကို မှန်မှန်ကန်ကန်ကပ်ပေးမှုမရှိခြင်း၊ ကပ်ပေးသော်လည်း ပြန်လည်ခွာယူကာ အသုံးပြုခြင်း၊ လုံးဝကပ်ပေးမှုမရှိခြင်း စသည်တို့ကို ပြုမူဆောင်ရွက်နေကာ ပြည်သူများက အစိုးရထံသို့ အခွန်ဆောင်သော်လည်း ယင်းသို့ အလွဲသုံးစားပြုလုပ်နေမှုများကြောင့် အခွန်လေလွင့်မှုများရှိနေကြောင်း လွှတ်တော်သို့ တင်ပြဆွေးနွေးကာ မေးခွန်းမေးမြန်း ခဲ့ခြင်းဖြစ်သည်။
''ဆိုင်တွေမှာ လာရောက်စားသုံးသူတွေက မိမိတို့ စားသုံးတဲ့ ကုန်ကျငွေရဲ့ ငါးရာခိုင်နှုန်းကို အခွန်အဖြစ်ပေးဆောင်နေကြရပါတယ်။ ဒီအခွန်ကလည်း တံဆိပ်ခေါင်းတွေကပ်ပြီး ပေးဆောင်ရခြင်း ပဲဖြစ်ပါတယ်။
ဆိုင်ရှင်များက တာဝန်ယူကောက်ခံပေးရတာဖြစ်ပါတယ်။ ဒီနေရာမှာ ဆိုင်ရှင်များက မိမိတို့ စားသုံးသူများထံမှ အမြတ်ရရှိပြီးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းတို့ဆိုင်အတွက် ဝန်ဆောင်ခအနေဖြင့် ၁ဝ ရာခိုင်နှုန်း သတ်မှတ်ကောက်ခံနေတဲ့ဆိုင်တွေလည်း တွေ့ရှိရပါတယ်။ အဆိုးဆုံးကတော့ မိမိတို့ စားသုံးသူများက အစိုးရထံသို့ ပေးဆောင်ရသော အခွန်တံဆိပ်ခေါင်းများကို မှန်မှန်ကန်ကန် ကပ်ပေးမှုမရှိခြင်းပဲဖြစ်ပါတယ်။ တချို့ဆိုင်များဟာ လုံးဝကပ်မပေးခြင်းလည်း တွေ့ရှိရပါတယ်။ တချို့ဆိုင်များဟာ ကပ်ပေးပေမယ့် အလွယ်တကူ ပြန်လည်ခွာပြီး သုံးစွဲလို့ရအောင် ကပ်ပါတယ်။ စားသုံးသူများ တော်တော်များများဟာ ဘောက်ချာတွေကို ယူမသွားတဲ့အတွက် ဒီအခွန် တံဆိပ်ခေါင်းတွေကို ပြန်အသုံးချတယ်ဆိုတာ ဆိုင်ကဝန်ထမ်းတွေ ပြောပြချက်များအရ သိရပါတယ်။ စားသုံးလိုက်တဲ့သူတွေက အခွန်ဆောင် လိုက်တာကို မတရားသဖြင့် အစိုးရနှင့်စားသုံးသူကြားမှာ ဆိုင်တွေဟာ အခွန်ကိုအလွဲသုံးစား ရယူတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြင်းပြင်းထန်ထန် အရေးယူသင့်ပါတယ်'' ဟု ဦးကျော်ကျော်ထွန်းက လွှတ်တော်သို့ တင်ပြရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ယင်းအပြင် အခွန်တံဆိပ်ခေါင်းကပ်ရန် ပျက်ကွက်သည့် ဆိုင်များကို ပြည်တွင်းအခွန်များ ဦးစီးဌာနက အရေးယူဆောင်ရွက်လျက်ရှိရာတွင် ပထမအကြိမ် ဒဏ်ငွေ ငွေကျပ် နှစ်သိန်း၊ ဒုတိယအကြိမ် ငါးသိန်း၊ တတိယအကြိမ် ခုနစ်သိန်းနှင့် စတုတ္ထအကြိမ်တွင် ငွေကျပ် ၁ဝ သိန်း၊ ယင်းနောက် တရားစွဲ ဒဏ်ရိုက်ခြင်းတို့ကို ပြုလုပ်သည်ဟုသိရပြီး ပြီးခဲ့သည့် ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခွန်တံဆိပ်ခေါင်း မကပ်သည့် ဆိုင်ပေါင်း ၂၆၄ ဆိုင်ရှိကာ တပ်ရိုက်အရေးယူခဲ့သည့် ဒဏ်ငွေမှာ ငွေကျပ် သိန်း ၂၇ဝ သာ ရရှိခဲ့သဖြင့် ယင်းအပေါ်ကိုလည်း ၎င်းက ထိရောက်စွာ စစ်ဆေးပေးရန် ထည့်သွင်းတင်ပြခဲ့သည်။
''အနည်းဆုံး ကျပ်နှစ်သိန်းနဲ့တွက်ရင်တောင် ဆိုင်၂၆၄ ဆိုင်ဆိုတော့ သိန်းက ၅၂၈ သိန်း ရရမှာပါ။ သိန်း ၂၇ဝ ကျော်ဆိုတာ ဒါတောင် သုံးကြိမ် အခွန်မကပ်တဲ့ဆိုင် ၁၁ ဆိုင် မပါတဲ့အနေအထားပါ။ ငွေကြေးကွာဟချက်ကို တွေ့ရပါတယ်။ ဒါတွေကိုလည်း တာဝန်ရှိသူတွေအနေနဲ့ စိစစ်စေချင်ပါတယ်။ ဆိုင်တွေပေါ်မှာကြည့်ရတဲ့ ဆိုင်တော်တော်များများဟာ စားပွဲဝိုင်း ၅ဝ၊ ၁ဝဝ အဲလောက်ရှိတဲ့ ဆိုင်ကြီးတွေမှာ ဆိုင်ကြီးတွေကိုယ်တိုင်က လုပ်တာပါ။ အဲဒီတော့ အဲလိုဆိုင်တွေက တစ်လဆိုရင် သိန်း ၃ဝ လောက်အထိ အခွန် တံဆိပ်ခေါင်း လေလွင့်မှုတွေရှိပါတယ်။ ဒီဒဏ်ကြေးတွေဟာလည်း တိုင်မှ အရေးယူတဲ့အတွက် သူတို့ဟာ မှုမှာမဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့နဲ့ အစိုးရကြားမှာ အမြတ်အစွန်းရအောင် လုပ်ဆောင်နေတာတွေပါ။ ဒီစတုတ္ထအကြိမ်မှာ မကပ်ရင် တရားစွဲ ဒဏ်ရိုက်တာရှိပါတယ်။ တကယ်တော့ ဒီလိုဆိုင်ကြီးတွေကို ကျွန်တော်တို့ရဲ့ အခွန်ငွေတွေကိုလည်း မဆုံးရှုံးအောင် မှန်မှန်ကန်ကန် ဆောင်အောင် ပြည်သူတွေက ဆောင်တဲ့အခွန်ငွေ ဖြစ်တဲ့အတွက် တရားစွဲဒဏ်ရိုက်တာထက် လိုင်စင်ပိတ်သိမ်းမှုတွေအထိ အရေးယူသင့်တယ်လို့ ထင်ပါတယ်'' ဟု ဦးကျော်ကျော်ထွန်းက ဆက်လက်တင်ပြခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေစာပေါ်မှာ အခွန်အမှတ်တံဆိပ်ကပ်နှိပ်သည့် တံဆိပ်ခေါင်းများကို မှာယူသည့် စားသောက်ဆိုင် အရေအတွက် မှာ ၂ဝ၁၅- ၂ဝ၁၆ ခုနှစ်မှာ ဆိုင်ပေါင်း ၁၅ဝ၈ ဆိုင်သာရှိကြောင်း သိရပြီး ၂ဝ၁၆-၂ဝ၁၇ ခုနှစ် မတ်လကုန် စာရင်းများအရ ဆိုင်ပေါင်း ၂၂၆၅ ဆိုင်ရှိလာ ကာ ယခင်နှစ်ထက် ဆိုင်ပေါင်း ၇၅၇ ဆိုင် တိုးလာသည်ဟု ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၏ ပြောကြားချက်အရ သိရသည်။ ယင်းအပေါ် တံဆိပ်ခေါင်းရောင်းရသည့် ကောက်ခံရရှိသည့်ငွေမှာ ငွေကျပ် ၁၁ ဘီလီယံကျော်ဖြစ်ပြီး တစ်လပျမ်းမျှ ကျပ်သန်းပေါင်း ၉၅၃ သန်းရရှိသည်ဟု ဝန်ကြီးက ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် စားသောက်ဆိုင်ကြီးများ၊ ထမင်းဆိုင်ကြီးများ၊ ဘီယာဆိုင်ကြီးများ များစွာဖွင့်လှစ်ထားသော်လည်း အခွန်တံဆိပ်ခေါင်း မှန်မှန်ကန်ကန် အသုံးပြုမှုရှိနေပြီး အခွန်လေလွင့်မှုများ ရှိနေကာ စားသုံးသူများက အခွန်ဆောင်သော်လည်း အလွဲသုံးစားပြုလုပ်နေမှုများကို ထိရောက်စွာ အရေးယူပေးရန် လွှတ်တော်တွင် တိုက်တွန်းသွားခြင်း ဖြစ်သည်။ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် စစ်ဆေးရေးအဖွဲ့များ ဖွဲ့ထားကာ စည်းကမ်းပျက်သည့် စားသောက်ဆိုင်များ၊ ပြေစာထုတ်မပေးသည့် ဆိုင်များ၊ ပြေစာထုတ်ပေးသော်လည်း အခွန်တံဆိပ်ခေါင်း မကပ်သည့်ဆိုင်များကို စစ်ဆေးခဲ့ရာ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်တွင် ဆိုင်ပေါင်း ၅ဝ၇ ဆိုင်တွေ့ရှိခဲ့ရပြီး ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၁ (စ) အရ ဒဏ်ငွေတပ်ရိုက် အရေးယူခဲ့ရာ ကျပ်သန်း ၁၃၃ သန်းကျော်ဖြစ်ကြောင်း တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ဖြေကြားခဲ့သည်။
(ဆုနှင်းလဲ့)
No comments:
Post a Comment