Wednesday, April 26, 2017

သစ္စာအားမာန်နှင့် အား/ကာသိပ္ပံအသင်း သရေကျ



Image may contain: 2 people, people playing sports and outdoor
ရန်ကုန် ဧပြီ ၂၅
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် အမျိုးသမီးလိဂ် ပြိုင်ပွဲ ပွဲစဉ်(၂) ပထမနေ့ကို ယနေ့ညနေပိုင်းက အောင်ဆန်းအားကစားကွင်း၌ ပြန်လည်ကျင်းပသည်။
သစ္စာအားမာန် - တစ်ဂိုး
အား/ကာ သိပ္ပံ - တစ်ဂိုး

လေးလကျော်ရပ်နားထားသည့် အမျိုးသမီးလိဂ်ပြိုင်ပွဲကို ပြန်လည် ကျင်းပခြင်းဖြစ်ပြီး အား/ကာသိပ္ပံနှင့် သစ္စာအားမာန်အသင်းတို့ သရေကျခဲ့သည်။ ပွဲစဉ်(၁)တွင် ဂိုးပြတ်အနိုင် ရထားသည့် သစ္စာအားမာန်အသင်းသည် ယခုပွဲတွင် ရုန်းကန်ခဲ့ရပြီး နောက်ကျဂိုးကြောင့်သာ ရှုံးပွဲမကြုံ တွေ့ခဲ့ခြင်းဖြစ်သည်။
သစ္စာအားမာန် အသင်းတွင် လက်ရွေးစင်ကစားသမားများဖြစ်သည့် ခင်မိုးဝေ၊ နော်အားလိုဝါးဖော၊ ဂျူလိုင်ကျော်၊ ခင်မိုမိုထွန်းတို့က ဦးဆောင်ခဲ့ပြီး အား/ကာ သိပ္ပံ အသင်းမှာ လူငယ်ကစားသမား အများစုဖြင့် ပွဲထွက်ခဲ့သည်။ ပွဲအစ ခုနစ်မိနစ်မှာပင် အား/ကာသိပ္ပံ အသင်း ဦးဆောင်ဂိုးရခဲ့ပြီး တိုက်စစ်မှူး နုနုက သွင်းယူခဲ့ခြင်း ဖြစ်သည်။ ယင်းနောက်ပိုင်းတွင် သစ္စာအားမာန်အသင်း ချေပဂိုးရရန်ကြိုးပမ်းခဲ့သော်လည်း အား/ကာသိပ္ပံ ဂိုးသမား အေးအေးမြင့်နှင့် နောက်ခံလူများ အမှားမရှိခဲ့သလို တိုက်စစ်မှူးများမှာလည်း တစ်ကိုယ်တော် ထိုးဖောက်မှုများနေသောကြောင့် အရာမထင်ခဲ့ပေ။ ဒုတိယပိုင်းတွင်လည်း သစ္စာအားမာန်အသင်းကသာ ခြေအသာဖြင့် ကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်များ ဖန်တီးနိုင်ခဲ့သော်လည်း အား/ကာသိပ္ပံဂိုးသမား ခြေဖြင့်ကာကွယ်နိုင်ခဲ့ သည်။ သစ္စာအားမာန်အတွက် ချေပဂိုးကို ပွဲပြီးခါနီးတွင် အသင်းခေါင်းဆောင် ခင်မိုးဝေက သွင်းယူခဲ့ခြင်းဖြစ်သည်။
အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အသင်းခုနစ်သင်းဝင်ရောက် ယှဉ်ပြိုင်နေပြီး ဒီဇင်ဘာလ ဒုတိယပတ်တွင် စတင်ကျင်းပခဲ့သော်လည်း မြန်မာအမျိုးသမီးအသင်း၏ နိုင်ငံတကာ ပြိုင်ပွဲများကြောင့် လေးလကျော် ရပ်နားထားခြင်းဖြစ် သည်။ ပွဲစဉ်(၁)တွင် သစ္စာအားမာန်နှင့် အားကစား/ ပညာရေးအသင်းတို့ ဂိုးပြတ်အနိုင်ရထားသည်။ ပွဲစဉ်(၂) ဒုတိယနေ့ကို ဧပြီ ၂၆ ရက် ညနေ ၄ နာရီတွင် အောင်ဆန်းကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဂန္ဓမာ အသင်းနှင့် အားကစား/ပညာရေးအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-ဖိုးသော်ဇင်

No comments:

Post a Comment