
နေပြည်တော် ဧပြီ ၂၅
နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီမံကိန်းဒေသများ သတ်မှတ်ရာ၌ အဓိကဆောင်ရွက်မည့် မြို့နယ်ပေါင်း ၁၁၆ မြို့နယ်နှင့် လုပ်ငန်း လိုအပ်ချက်အရ ဆက်စပ်ဆောင်ရွက် မည့် မြို့နယ် ၅၂ မြို့နယ်တို့အား သတ်မှတ် ထားပါကြောင်း၊ မြန်မာနိုင်ငံရှိ ကျေးရွာ ပေါင်း ၆၃၈၆ဝ အနက် နယ်စပ်ဒေသ များတွင်ရှိသော ကျေးရွာ ၁၁ဝ၆၉ ရွာ တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ဆောင်ရွက်ရန်၊ ကျန်ကျေးရွာ ၅၂၇၉၁ ရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက် ရန် ညှိနှိုင်းသတ်မှတ်ခဲ့ကြောင်း၊ မြန်မာ နိုင်ငံလူဦးရေ၏ ၇ဝ ရာခိုင်နှုန်း ဖြစ်သော လူဦးရေ ၃၆သန်းခန့်သည် ကျေးလက် ဒေသနေပြည်သူများဖြစ်ကြပြီး ယင်းတို့ အနက်မှ နယ်စပ်ဒေသရှိ လူဦးရေ ကိုးသန်းခန့်အတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာနက နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေး နေပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြား သည်။
ဆက်လက်၍ ပညာရေးနှင့်လေ့ကျင့် ရေးဦးစီးဌာနအနေဖြင့်လည်း ပြည် ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး ရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်းနှင့် ရန်ကုန်)၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးလူငယ်သင်တန်းကျောင်း ၄၄ ကျောင်း၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာ သင်တန်း ကျောင်း ကိုးကျောင်း၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်း ၄၃ ကျောင်းတို့ကို ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးလျက် ရှိကြောင်း၊ အဆိုပါ လူငယ်သင်တန်း ကျောင်း၊ စက်မှုလက်မှု သင်တန်းကျောင်း၊ အိမ်တွင်းမှုသင်တန်းကျောင်းများတွင် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ များ၏ ထောက်ခံချက်များ ဖြင့် ရွေးချယ်စေလွှတ်သော သင်တန်း သား၊ သင်တန်းသူများကို သင်ကြား လေ့ကျင့် မွေးထုတ်ပေးလျက်ရှိသော ကြောင့် ယင်းသင်တန်းကျောင်းများသည် သက်ဆိုင်ရာအစိုးရအဖွဲ့၏ သင်တန်း ကျောင်းများဟုပင် ပြောဆိုနိုင်ပါ ကြောင်း။
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် နယ်စပ် ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော ဆောင် ရွက်ဆဲလုပ်ငန်း ၂၂၇ ခု၊ လုပ်ငန်းသစ် ၄၃၉ ခု စုစုပေါင်းလုပ်ငန်း ၆၆၆ ခုတို့ အတွက် ငွေကျပ် ၆၄ ဒသမ ၈၄၆ ဘီလီယံ ကိုလည်းကောင်း၊ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ်၊ ကောလိပ်၊ လူငယ်ကျောင်း များ၊ အိမ်တွင်းမှုကျောင်းများ၊ စက်မှု လက်မှုသင်တန်းကျောင်းများရှိ သင်တန်း သား ၁၂ဝဝဝ ကျော်အတွက် နေထိုင် စားသောက်ရေးနှင့် သင်တန်းဆိုင်ရာ လိုအပ်ချက်များ၊ သင်တန်းအဆောက် အအုံနှင့် သင်ထောက်ကူပစ္စည်းများ အတွက် ၂၄ ဒသမ ၇၈၅ ဘီလီယံ ဖြစ်သောကြောင့် ဝန်ကြီးဌာနအနေဖြင့် စုစုပေါင်း ၈၉ ဒသမ ၆၃၁ ဘီလီယံ သုံးစွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
မူးယစ်ဆေးဝါးစိုက်ပျိုးမှုပပျောက် ရေးအတွက်လည်း ဘိန်းအစားထိုး ဖွံ့ဖြိုး ရေးလုပ်ငန်းများကို ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် အတွင်း ကျေးရွာအုပ်စု လေးအုပ်စု၌ သက်ဆိုင်ရာဝန်ကြီးဌာန လေးခုနှင့် အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြေပြင် ကွင်းဆင်း စစ်တမ်းကောက်ယူခြင်း လုပ်ငန်းများကို ပြီးခဲ့သည့် ဖေဖော်ဝါရီ လ၌ ဆောင်ရွက်ပြီးဖြစ်၍ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှ စတင်ကာ သုံးနှစ်စီမံကိန်း ရေးဆွဲလျက် Pilot Project အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်အကြီးအကဲများ၏ လမ်း ညွှန်ချက်များနှင့်အညီ ဖွံ့ဖြိုးမှု နောက်ကျကျန်ရစ်နေသေးသော ဒေသ များ၌ တစ်နှစ်ချင်း တစ်နှစ်ချင်း ဖွံ့ဖြိုး တိုးတက်စေပြီး တစ်နိုင်ငံလုံး အကြား အလပ်မရှိ ဖွံ့ဖြိုးတိုးတက်စေရေး ပြည် ထောင်စုဝန်ကြီးဌာနနှင့်တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များအားလုံးက တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း၊ နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန် ဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြော ကြားခဲ့သည်။
ဆက်လက်၍ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာ နှစ်၌ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် ဆောင်ရွက်မည့် နယ်စပ်ဖွံ့ဖြိုး ရေးလုပ်ငန်းများအပေါ် သက်ဆိုင်ရာ အစိုးရအဖွဲ့အသီးသီးမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများက အသေးစိတ် ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည် ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဆောင် ရွက်မည့်လုပ်ငန်းများအပေါ် အတည် ပြုခဲ့သည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်က ဆွေးနွေးတင်ပြပြီးနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဆောင်ရွက်ခဲ့သော လုပ်ငန်း များ၏ အားသာချက်၊ အားနည်းချက် များကို ရှင်းလင်းဆွေးနွေးပြီး နယ်စပ် ဖွံ့ဖြိုးရေးလုပ်ငန်းများ အရည်အသွေး ပြည့်မီအောင် ဝိုင်းဝန်းကြပ်မတ်ဆောင် ရွက်ပေးကြရန် ညှိနှိုင်းမှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment