မြန်မာ့အလင်းအယ်ဒီတာအာဘော်
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ အရေးကြီးသော အခြေခံ
လိုအပ်ချက်တစ်ရပ်ရှိပါသည်။ ဤသည်မှာ ချမှတ်သင့်၊ ချမှတ်ထိုက်သော
မူဝါဒတို့ကို မဖြစ်ဖြစ်အောင် ဆောင်ရွက်မည်ဟူသော သန္နိဋ္ဌာန်ဖြင့်
နိုင်ငံတော်အစိုးရက ချမှတ်အကောင်အထည်ဖော်ခြင်း ဖြစ်ပါသည်။ တိုင်းပြည်၏
အတိတ်သမိုင်းကို ပြန်လည်သုံးသပ်ပါက တာဝန်ယူခဲ့ကြ သော
နိုင်ငံတော်အစိုးရတို့သည် ချမှတ်သင့်၊ ချမှတ်ထိုက်သော မူဝါဒတို့ကို
ချမှတ်ခဲ့သော်လည်း သန္နိဋ္ဌာန်မပြတ်သားမှုကြောင့် မအောင်မမြင်ဖြစ်ခြင်း
(သို့မဟုတ်) တစ်စိတ်တစ်ပိုင်းသာ အောင်မြင်ခြင်းတို့ကို မြင်တွေ့ရမည်
ဖြစ်ပါသည်။
အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ အားကောင်းသန်မာ ခြင်းသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက် ဖြစ်သည်ကို စီးပွားရေးပညာရှင်တိုင်းက ထောက်ပြကြပါသည်။ သို့သော် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတို့၏ အဓိကလိုအပ်ချက် တစ်ရပ်ဖြစ်သော ချေးငွေတို့ အလွယ်တကူရရှိရေးကို မဖြည့်ဆည်းနိုင် ခဲ့ခြင်းသည် ဖြတ်သန်းခဲ့သော အတိတ်သမိုင်း၌ သန္နိဋ္ဌာန်ပီပြင် ပြတ်သားမှု မရှိခဲ့ခြင်းကြောင့်ဟု ဆိုရမည်ဖြစ်ပါသည်။ အတိတ်သမိုင်း၌ ဤကဲ့သို့ သော အားမရစရာကိစ္စရပ်များ ရှိခဲ့ပါသော်လည်း လူထုအစိုးရသစ်က ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ချေးငွေရယူနိုင်ရေး နှင့်ပတ်သက်၍ ဖြစ်ပေါ်နေသော အကန့်အသတ်များကို ဖယ်ရှားမည်ဟု သန္နိဋ္ဌာန်ချမှတ်ခဲ့ခြင်းသည် ကြိုဆိုဝမ်းမြောက်ရမည့် ကိစ္စရပ်ဖြစ်ပါ သည်။
ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိကဘဏ်များအနေဖြင့် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သတ်မှတ်ရာခိုင်နှုန်းတစ်ရပ် မဖြစ်မနေ ထုတ်ချေးရေး ဆောင်ရွက်မည်ဟူသော မူဝါဒသည် ဤသန္နိဋ္ဌာန်၏ ပီပြင်အားကောင်းမှုကို လှစ်ဟဖော်ပြနေပါသည်။ အတိတ်သမိုင်းတွင် ဘဏ်လုပ်ငန်းဆိုင်ရာ ခါးဆက်ပြတ်မှုများ ရှိခဲ့သောကြောင့် ပြည်တွင်း ပုဂ္ဂလိကဘဏ်များက အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ပံ့ပိုးဆောင်ရွက်ရာတွင် ပိုမိုထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် ပြည်တွင်းပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံခြား ဘဏ်များအကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု အားကောင်းရန် လိုအပ်ပါသည်။ သို့ဖြစ်၍ ဗဟိုဘဏ်က နိုင်ငံခြားဘဏ်များအား ပြည်တွင်းတွင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပိုမိုဆောင်ရွက်ခွင့်ပြုမည် ဟူသောမူဝါဒကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်း ဖော်ပြအပ်ပါ သည်။ ဤမူဝါဒသည်လည်း အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေဆောင်ရွက်မည်ဟူသော လူထုအစိုးရသစ်၏ သန္နိဋ္ဌာန်ကို ဖော်ပြနေသည်ဖြစ်၍ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လူထုအစိုးရသစ်နှင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြပါရန် လေးစားစွာ တိုက်တွန်း နှိုးဆော်အပ်ပါသည်။ ။

No comments:
Post a Comment