Sunday, April 30, 2017

ဘက်စုံပညာထူးချွန် ကျောင်းသားကျောင်းသူများ ငွေဆောင်ကမ်းခြေ အပန်းဖြေစခန်းသို့ ရောက်ရှိ



Image may contain: 3 people, people standing and outdoor
ငွေဆောင် ဧပြီ ၂၉
ဘက်စုံပညာထူးချွန် အပန်းဖြေစခန်း (ငွေဆောင်)သို့ သွားရောက်ရန် ရန်ကုန်မြို့၌ ရောက်ရှိနေသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဘက်စုံပညာထူးချွန်လူငယ်များသည် အုပ်ချုပ်သူ ဆရာ ဆရာမများနှင့် အတူ ယနေ့နံနက် ၆ နာရီတွင် စုရပ် ဖြစ်သော ရန်ကုန်မြို့ မင်းရဲကျော်စွာ လမ်းရှိ အထက(၁)လမ်းမတော်မှ ရွှေတိဂုံစေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုကြသည်။
ထို့နောက် ခရီးဆက်လက် ထွက်ခွာရာ မွန်းတည့် ၁၂ နာရီတွင် ပုသိမ်မြို့သို့ရောက်ရှိပြီး ပုသိမ်ဟိုတယ်၌ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အခမ်းအနားဖြင့် ကြိုဆိုကြသည်။
အခမ်းအနားတွင် ထူးချွန်လူငယ် များအား နေ့လယ်စာဖြင့် ကျွေးမွေးဧည့်ခံပြီး ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေး မှူးချုပ်ဦးညွန့်စိုးက ဘက်စုံပညာ ထူးချွန်အပန်းဖြေစခန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ဘက်စုံပညာ ထူးချွန်လူငယ်များက အုပ်စုလိုက် မိတ်ဆက်ကြသည်။
ထို့နောက် အုပ်ချုပ်သူ ဆရာ ဆရာမများနှင့်အတူ ဘက်စုံပညာ ထူးချွန်လူငယ်များသည် ခရီးဆက်လက် ထွက်ခွာရာ ညနေ ၃ နာရီခန့်တွင် ငွေဆောင်အပန်းဖြေစခန်းသို့ ရောက်ရှိကြပြီး ဒေသခံကျောင်းသား ကျောင်းသူများက ဒေသထွက်ခရုလည်ဆွဲများဖြင့် ကြိုဆိုကြသည်။
ဧပြီ ၂၉ ရက်မှ မေ ၄ ရက်အထိ ဖွင့်လှစ်မည့် ဘက်စုံပညာထူးချွန် အပန်းဖြေစခန်း(ငွေဆောင်)တွင် ဘက်စုံပညာထူးချွန် ကျောင်းသား ကျောင်းသူများအား ငွေဆောင်ကမ်းခြေရှိ ပုလဲငွေဆောင်ဟိုတယ်နှင့် ယုဇနဟိုတယ်များ၌ တည်းခိုနေထိုင်ရန် စီစဉ်ပေးထားပြီး ဘက်စုံပညာ ထူးချွန်ကျောင်းသား ကျောင်းသူများအား အပန်းဖြေနေထိုင်စဉ်အတွင်း လေ့လာရေးခရီးစဉ်နှင့် ဟောပြောပွဲများလည်း စီစဉ်ထားကြောင်း သိရသည်။
သတင်း-မင်းသစ်(MNA)
ဓာတ်ပုံ-နေလင်း

No comments:

Post a Comment