Sunday, April 30, 2017

ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ရေကောင်းရေသန့်ရရှိရေးအား လူတန်းစားအားလုံး လက်လှမ်းမီရရှိနိုင်ရေး ဝန်ကြီးအဆင့်ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်



Image may contain: 10 people, people sitting and indoor
နေပြည်တော် ဧပြီ ၂၉
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဧပြီ ၁၉ ရက်တွင် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ Pan American Health Organization (PAHO)၌ကျင်းပသော ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ရေကောင်းရေသန့်ရရှိရေးအား လူတန်းစားအားလုံး လက်လှမ်းမီရရှိနိုင်ရေး ဝန်ကြီးအဆင့်ဆွေးနွေးပွဲသို့ တက်ရောက်ပြီး မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်လျက်ရှိသော စီမံချက်များနှင့် ရေရှည်တည်တံ့စေရန် ထိန်းသိမ်းဆောင်ရွက် နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ Ministerial Dialouge ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ၌ ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရေကောင်းရေသန့်ရရှိရေး၊ ယင်လုံ အိမ်သာစနစ် ကောင်းမွန်ရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် စနစ်တကျ အမှိုက်စွန့်ပစ်ရေးစသည့် အလုံးစုံပါဝင်သော ပြီးပြည့်စုံသည့် အမျိုးသားကျန်းမာရေး ရက်သတ္တပတ် (Comprehensive National Sanitaion Week) ကျင်းပနိုင်ရေးအတွက် ဆွေးနွေးသည်။
ယင်းနောက် ဝါရှင်တန်မြို့ Chemonics Headquarter တွင် Procurement and Supply Management(PSM) မှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် PSM ဆိုင်ရာကိစ္စရပ်များ စနစ်တကျဖြစ်စေရေး၊ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး၊ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးသည်။
ဧပြီ ၂ဝ ရက်တွင် ဝါရှင်တန်မြို့ PAHO ၌ကျင်းပသည့် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ရေကောင်းရေသန့် ရရှိရေးအား လူတန်းစားအားလုံး လက်လှမ်းမီရရှိနိုင်ရေး ဝန်ကြီးအဆင့် ဆွေးနွေးပွဲသို့တက်ရောက်ကာ အခြားနိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ဘဏ္ဍာရေးဝန်ကြီးများနှင့်အတူ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ရေကောင်းရေသန့်ရရှိရေးအတွက် ရန်ပုံငွေများ ဖြည့်တင်းရရှိနိုင်ရေး၊ ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးသည်။
နေ့လယ်ပိုင်းတွင် ဝါရှင်တန်မြို့ May Flower Hotel ၌ USAID မှ တာဝန်ရှိသူများအား တွေ့ဆုံကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ဆက်လက်ပြီး ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအခြေစိုက် ကမ္ဘာ့ဘဏ်ရုံးခွဲမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ မြန်မာနိုင်ငံအတွင်း ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ရန်ပုံငွေများကို အကျိုးရှိဆုံးဖြစ်အောင် အသုံးချနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်။ ယင်းနောက် မြန်မာနိုင်ငံတွင် အာဟာရမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လိုအပ်သည့်နည်းပညာ ပံ့ပိုးကူညီပေးနိုင်ရေးအတွက်လည်း တာဝန်ရှိသူများနှင့် ဆွေးနွေးသည်။
ဧပြီ ၂၁ ရက်တွင် ကမ္ဘာ့ဘဏ်မှ ဦးဆောင်ကျင်းပသော လူတိုင်းလက် လှမ်းမီနိုင်သည့် သာတူညီမျှကျန်းမာ ရေးစောင့်ရှောက်မှုစနစ် (Universal Health Coverage) ရရှိနိုင်ရေးအတွက် ရန်ပုံငွေခွဲဝေချထားခြင်း ဆိုင်ရာဖိုရမ် (Second Annual UHC Financing Forum, Greater Efficiency for Better Health and Financial Protection) သို့ တက် ရောက်သည်။ ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်အဖြစ် ဝင်ရောက်အရွေးခံမည့် ဗြိတိန်နိုင်ငံမှ ကိုယ်စားလှယ်ဖြစ်သူ David Nabarro နှင့်တွေ့ဆုံ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လုပ်ငန်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသည်။
ဧပြီ ၂၄ ရက်တွင် ကမ္ဘာ့ဘဏ်မှ ဦးဆောင်ကျင်းပသည့် Global Financing Facility Investors Group Meeting သို့ တက်ရောက်ကာ ကျန်းမာရေးဆိုင်ရာ ရန်ပုံငွေများအကျိုးရှိ ထိရောက်မှုအရှိဆုံးဖြစ်အောင် သုံးစွဲနိုင်ရေးကိစ္စရပ်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အကျိုးရှိနိုင်ဆုံးဖြစ်အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများအား ချမှတ်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment