Sunday, April 30, 2017

အာဖရိကတိုက်အတွင်း သာသနာပြန့်ပွားရေးအတွက် သီတဂူဆရာတော်ကြိုးပမ်း

Image may contain: 4 people, people standing, tree, child and outdoor
ရန်ကုန် ဧပြီ ၂၉
အာဖရိကတိုက် ယူဂန္ဓာနိုင်ငံသို့ သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ၊ တိပိဋကဆရာတော် အရှင်ဂန္ဓမာလဘိဝံသနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ ၏ ကျောင်းအုပ်ဆရာတော်များ သွားရောက်ကာ ယူဂန္ဓာ ထေရဝါဒဗုဒ္ဓစင်တာရှိ သိမ်တော်အား သွားရောက်ဖွင့်လှစ် ပေးခဲ့ပြီး ယူဂန္ဓာနိုင်ငံ၌ ဘာသာရေးနှင့် လူမှုရေးအကျိုးပြု လုပ်ငန်းများကို ဆက်လက်ကြိုးပမ်းအကောင်အထည်ဖော် မည်ဖြစ်ကြောင်း သိရသည်။
အဘိဓဇမဟာရဋ္ဌဂုရု သီတဂူဆရာတော်သည် သံဃာတော်များနှင့် သီတဂူသာသနာပြုအဖွဲ့ အတွင်းရေး မှူး ဦးကျော်မိုးနိုင် ပါဝင်သည့် ၁၃ ဦးအဖွဲ့သည် အာဖရိကတိုက် ယူဂန္ဓာနိုင်ငံသို့ ဧပြီ ၂ဝ ရက်မှ ၂၆ ရက် အထိ သာသနာပြုခရီးစဉ်အဖြစ် သွားရောက်ခဲ့ခြင်းဖြစ် သည်။
အာဖရိကတိုက်ဖွား အမေရိကန်နိုင်ငံတွင် နေထိုင်ခဲ့ သည့် အာဖရီကန်တစ်ဦးသည် ၂ဝဝ၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်အတွင်းရှိ ထေရဝါဒဗုဒ္ဓစင်တာတွင် ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ် ပြောင်းလဲလာခဲ့ပြီး အဆိုပါစင်တာတွင် မြန်မာနိုင်ငံ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်၏ ပထမဆုံး ပါမောက္ခချုပ်ဆရာတော်ကြီး ဖြစ်သည့် ဦးသီလာနန္ဒာဘိဝံသထံတွင် ဥပဇ္ဈာယ်ပြုကာ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့သူဖြစ်သည်။ ရဟန်း၏ ဘွဲ့အမည်မှာ အရှင်ဗုဒ္ဓရက္ခိတဖြစ်သည်။ မွေးရပ်ဇာတိ ယူဂန္ဓာနိုင်ငံတွင် ပထမဆုံး ထေရဝါဒဗုဒ္ဓစင်တာကို တည်ထောင်ခဲ့သူလည်းဖြစ်သည်။
သိမ်ဖွင့်ပွဲတွင် သီတဂူဆရာတော်ကြီးနှင့် သံဃာတော် အရှင်သူမြတ်တို့တက်ရောက်ချီးမြှင့်ခဲ့ပြီး အဆိုပါဖွင့်ပွဲသို့ ယူဂန္ဓာနိုင်ငံState Minister ကိုယ်တိုင် တက်ရောက်ဖွင့် လှစ်ပေးခဲ့ပြီး သီတဂူဆရာတော်မှ အီဂျစ်နိုင်ငံသားတစ်ဦး နှင့် ယူဂန္ဓာနိုင်ငံသားတစ်ဦးတို့ကို ရဟန်းအဖြစ်သို့ရောက် ရှိရန် ဥပဇ္ဈာယ်ပြုပေးခဲ့သည့်အပြင် ယူဂန္ဓာနိုင်ငံသား ကလေးငယ်တစ်ဦးကိုလည်း ရှင်သာမဏေ ဝတ်ပေးခဲ့ ကြောင်းသိရပြီး သီတဂူဆရာတော်သည် ယူဂန္ဓာနိုင်ငံ အတွင်းရှိ ထေရဝါဒဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်ကြသူ များနှင့် လေ့လာသူများအား တရားဟောကြားပေးခဲ့သည်။
ထို့နောက် ယူဂန္ဓာနိုင်ငံအတွင်း မြန်မာဆရာတော်ကြီး အား ဥပဇ္ဈာယ်ပြုကာ ရဟန်းအဖြစ်သို့ ရောက်ရှိလာခဲ့သည့် အရှင်ဗုဒ္ဓရက္ခိတအား ထေရဝါဒဗုဒ္ဓဘာသာ သာသနာပြု လုပ်ငန်းများနှင့် လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် သီတဂူဆရာတော်မှ အမေရိကန်ဒေါ်လာ သုံးသောင်းခန့်ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဧပြီ ၂၅ ရက်တွင် ယူဂန္ဓာနိုင်ငံ သမ္မတကြီး H.E Mr. Yoweri Museveni Kaguta ၏ ဖိတ်ကြားချက်ကို ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် လျှောက်ထားချက်အရ သီတဂူဆရာတော်နှင့် သံဃာတော်များသည် ယူဂန္ဓာ နိုင်ငံ မြို့တော် ကန်ပါးလားရှိ လွှတ်တော်အဆောက်အအုံ တွင် ဒုတိယသမ္မတနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
''ယူဂန္ဓာရဲ့ ဒုတိယသမ္မတက သီတဂူဆရာတော်ရဲ့ ထေရဝါဒဗုဒ္ဓဘာသာ ပြန့်ပွားရေးအတွက် အပြည်ပြည် ဆိုင်ရာ သာသနာရေးလုပ်ငန်းများနဲ့ လူမှုကူညီရေးလုပ်ငန်း များဖြစ်တဲ့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွေ တည်ထောင် ဖွင့်လှစ်မှုတွေ၊ ဝိပဿနာအကယ်ဒမီဖွင့်လှစ်နိုင်မှုတွေ၊ ဆေးရုံပေါင်း ၃၂ ရုံ ဖွင့်လှစ်ထားနိုင်တာ၊ ဆေးအလှူတွေ၊ စစ်ကိုင်းတောင်ရိုးတစ်လျှောက် ရေပေးလှူနေမှုတွေ၊ စာသင်ကျောင်းဆောက်လုပ်လှူဒါန်းမှုတွေ၊ သဘာဝ ဘေးအန္တရာယ်များအတွက် ကူညီကယ်ဆယ်နေမှုတွေ စတဲ့ ဆရာတော်ကြီးရဲ့ မြန်မာနိုင်ငံအတွင်းက လုပ်ဆောင်ချက်တွေကို သိရှိရပြီး ဂုဏ်ယူလေးစားတဲ့ အကြောင်း၊ ယူဂန္ဓာနိုင်ငံဟာလည်း ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံ ဖြစ်တာကြောင့် ဆရာတော်ရဲ့ မေတ္တာကို ခံယူလိုပါကြောင်း လျှောက်ထားတင်ပြခဲ့ပါတယ်။ ဒါ့အပြင် ယူဂန္ဓာနိုင်ငံမှာ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေ ဆောက်လုပ်လှူဒါန်းပေး ဖို့လည်း တောင်းဆိုခဲ့ပါတယ်။ သီတဂူဆရာတော်ကလည်း ဒုတိယသမ္မတကို အဲဒီလို လူမှုရေးအကျိုးပြုလုပ်ငန်းတွေ မဆောင်ရွက်ခင် ပထမဆုံးအနေနဲ့ ဥပမာပြောရရင် ရုပ်ခန္ဓာပိုင်းဆိုင်ရာ ကုစားမှုမပြုခင် စိတ်ဓာတ်ခွန်အားပိုင်း ဆိုင်ရာ ပြည်သူတွေအားလုံး စိတ်နှလုံး အေးချမ်းစေဖို့ အတွက် ရည်ရွယ်ပြီး ဗုဒ္ဓစင်တာတစ်ခုကို တည
်ဆောက်ဖို့ လိုအပ်တယ်လို့ ပြန်လည်မိန့်ကြားပါတယ်။ ဒါ့အပြင် သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့တွေကနေ မျက်စိအထူးကုဆရာဝန်ကြီးတွေကို ယူဂန္ဓာနိုင်ငံကို ပို့လွှတ် ပြီး ပထမဆုံးအကြိမ်အဖြစ် မျက်စိကုသမှုတွေ စတင်ပေး မယ်လို့ သီတဂူဆရာတော်က မိန့်ကြားပါတယ်။ ယူဂန္ဓာ နိုင်ငံရဲ့ ဒုတိယသမ္မတကလည်း ဆရာတော်ကြီးရဲ့ ဗုဒ္ဓဘာသာပြန့်ပွားရေးနဲ့ လူမှုကူညီစောင့်ရှောက်ရေး လုပ်ဆောင်ချက်များကို အကောင်းဆုံးကူညီပေးသွားမယ်လို့ လျှောက်ထားခဲ့ပါတယ်''ဟု ယူဂန္ဓာနိုင်ငံသို့ သာသနာပြု ခရီးလိုက်ပါသွားခဲ့သူ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့မှ အတွင်းရေးမှူး ဦးကျော်မိုးနိုင်က ပြန်လည်ပြောပြသည်။
ထို့နောက် သီတဂူဆရာတော်နှင့်အဖွဲ့သည် ယူဂန္ဓာနိုင်ငံ သမ္မတကြီးနှင့် တွေ့ဆုံခဲ့ပြီး သမ္မတကြီးက လည်း ယူဂန္ဓာနိုင်ငံအတွင်း သာသနာပြုလုပ်ငန်းများနှင့် လူမှုအကျိုးပြုလုပ်ငန်းများ ကူညီလုပ်ဆောင်ပေးနိုင်ပါရန် တောင်းဆိုလျှောက်ထားခြင်းကို လက်ခံတော်မူခဲ့သည်။
ယူဂန္ဓာနိုင်ငံသည် အာဖရိကတိုက်အတွင်းရှိ နိုင်ငံ တစ်ခုဖြစ်ပြီး ဗြိတိသျှကိုလိုနီလက်အောက်တွင် နှစ်ပေါင်း ၆ဝ ကျော် နေထိုင်ခဲ့ရသဖြင့် အင်္ဂလိပ်စကားကိုသာ အဓိက သုံးစွဲသည့် နိုင်ငံတစ်ခုဖြစ်လာခဲ့သည်။ ကိုးကွယ်ယုံကြည်မှု တွင် ခရစ်ယာန်ဘာသာကိုးကွယ်သူများပြားပြီး ဟိန္ဒူနှင့် အစ္စလာမ်ဘာသာကိုးကွယ်မှုများရှိသည်။ ထေရဝါဒ ဗုဒ္ဓဘာသာအတွက် အရှင်ဗုဒ္ဓရက္ခိတ တည်ထောင်တော်မူ သည့် ယူဂန္ဓာထေရဝါဒဗုဒ္ဓစင်တာ တစ်ခုသာရှိသေးသည့် အတွက် သီတဂူဆရာတော်က အားရဝမ်းသာစွာဖြင့် ပံ့ပိုး ကူညီပေးခဲ့ခြင်းဖြစ်သည်။
''ဆရာတော်ကြီးကိုယ်တိုင် ကြွချီပြီး တရားဓမ္မတွေ ဟောကြားပေးခဲ့တာ၊ သမ္မတကြီးနဲ့ ဒုတိယသမ္မတတို့နဲ့ တွေ့ဆုံခွင့်ရတာတွေကြောင့် အရှင်ဗုဒ္ဓရက္ခိတရဲ့ ထေရဝါဒ ဗုဒ္ဓစင်တာကို ပိုပြီးလူသိများလာခဲ့ပါပြီ။ ဒါက ဗုဒ္ဓဘာသာ ပြန့်ပွားရေးအတွက် အများကြီးအထောက်အကူဖြစ်မယ်လို့ သီတဂူဆရာတော်က မိန့်ပါတယ်။ သဲကန္တာရအတွင်းက အိုအေစစ်လေးတစ်ခုတည်ဆောက်နိုင်ခဲ့ပြီ။ သဲကန္တာရ အတွင်းမှာ ပဒုမ္မာကြာပွင့်ခဲ့ပြီလို့ ဆရာတော်ကြီးက ဝမ်းသာအားရမိန့်တယ်''ဟု လိုက်ပါသွားခဲ့သူ သီတဂူ အပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့၏ အတွင်းရေးမှူး ဦးကျော်မိုးနိုင်က ပြောသည်။
အာဖရိကတိုက်၏ နိုင်ငံတစ်ခုတွင် ပြည်သူများ အား စိတ်ဓာတ်ပိုင်းဆိုင်ရာမြှင့်တင်ရေး၊ မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းစွာနေထိုင်ခြင်း နည်းလမ်းများဖြင့် ကုစားတည် ဆောက်ရေးနှင့် ထေရဝါဒဗုဒ္ဓသာသာနာတော်ပြန့်ပွားရေး၊ ကလေးသူငယ်များအတွက် ပညာရေးဖြည့်ဆည်းမှုများစသည်တို့အတွက် ဆောင်ရွက်စရာများစွာ ကျန်ရှိနေသေး ကြောင်း သီတဂူဆရာတော်က မိန့်ကြားခဲ့သည်။
ဧပြီ ၂၆ ရက်တွင် သီတဂူဆရာတော်နှင့် သာသနာပြု အဖွဲ့ဝင်များသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ပြန်လည်ရောက်ရှိခဲ့ကြကြောင်း သိရသည်။
သတင်း-နေသန်၊ ဓာတ်ပုံ-အောင်သန်းဝင်း(သီတဂူ)

No comments:

Post a Comment