Sunday, April 30, 2017

ပြည်သူ့အတွက် ဝိုင်ဘီအက်စ်



Image may contain: text
ယခုအခါ ရန်ကုန်မြို့နှင့် ပတ်သက်၍ ပြဿနာများထဲက ပြဿနာတစ်ခုအနေဖြင့် ဝိုင်ဘီအက်စ် ဘတ်စ်ကားကိစ္စက ထိပ်တန်းတွင် အပြောများလာနေသည်ကို တွေ့မြင်နေရသည်။
အမှန်မှာတော့ မြို့တွင်းအများပြည်သူပို့ဆောင်သွားလာရေး ကိစ္စကြီးသည် ရန်ကုန်မြို့တွင် နှစ်ကာလအတော်ကြာ ရင်ဆိုင်နေရသည့် ထိပ်တန်းပြဿနာများထဲက တစ်ခုဖြစ်ပါ၏။
ယခင်အများပြည်သူသုံး မထသလိုင်းများစနစ်ကို ရပ်ဆိုင်းလိုက်ပြီး ယခုစတင်အသုံးပြုနေသည့် ဝိုင်ဘီအက်စ်စနစ်ကို ဇန်နဝါရီလလယ်က စတင်ပြောင်းလဲပြေးဆွဲခဲ့တာဖြစ်သည့်အတွက် ယခုဆိုလျှင် သုံးလကျော် ခဲ့ပြီဖြစ်ပါသည်။ မူလလက်ဟောင်း မထသဘတ်စ်ကားလိုင်းများမှာ ရန်ကုန်မြို့သူမြို့သားများနှင့် အလွန်ပင်မပြေမလည်ဖြစ်ခဲ့သည့်အတွက် ဝိုင်ဘီအက်စ်စနစ်ကို စတင်သည်နှင့်တစ်ပြိုင်နက်တည်း ရန်ကုန်မြို့နေပြည်သူများက အားတက်သရော ထောက်ခံခဲ့ကြသည်ကို တွေ့ခဲ့ရပါသည်။
အထူးသဖြင့် မထသစနစ်အောက် ဘတ်စ်ကားများ၏ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်တို့၏ ဆက်ဆံရေးမပြေပြစ်မှု၊ ယာဉ်မောင်းတို့၏ အမောင်းရမ်းကားမှုကြောင့် ခရီးသွားပြည်သူများ စိတ်မချမ်းမြေ့ဖြစ်နေခဲ့ရသည်မှာ ကြာခဲ့ပြီဖြစ်၏။ အချို့သော လူထုအစိတ်အပိုင်းတို့မှာ သည်းမခံနိုင်ကြတော့ဘဲ ဥပဒေကိုကျော်လွန်ကာ ကိုယ်တိုင်ဆုံးမကြသည့်ဘက်သို့ ရှေးရှုလာခဲ့ကြသည်အထိ ဖြစ်ခဲ့ကြသည်။
ယာဉ်ကြောများ ကျပ်တည်းမှုကြောင့် စိတ်ဒုက္ခရောက်နေရသည့်အပေါ် ဘတ်စ်ကားပေါ်က ဆက်ဆံရေးကြမ်းတမ်းမှု၊ မပြေပြစ်မှုများက ထပ်ဆင့်ဖိစီးလာမှုများကို မခံမရပ်နိုင်အောင် ဖြစ်ခဲ့ကြရခြင်းဖြစ်၏။
ယင်းသို့ ပြည်သူတို့ မထသဘတ်စ်ကားစနစ်ကိုအလွန်အမင်း စိတ်ပျက်စိတ်ကုန်နေသည့်အချိန်မှာ ဝိုင်ဘီအက်စ်ဘတ်စ်ကားစနစ်သစ် အစီအစဉ်ကို ကြေညာကာ စတင်လိုက်သည့်အခါ ပြည်သူလူထုမှာ ဝမ်းမြောက်မှုများနှင့်အတူ စနစ်သစ်စတင်ခါစ မပြေလည်မှုများကို အားတက်သရော ဝိုင်းဝန်းကူညီခဲ့ကြသည်။
စနစ်ဟောင်းမှ စနစ်သစ်သို့ ချီတက်ကူးပြောင်းသည့် အပြောင်းအလဲတွင် ရင်ဆိုင်ရမည့် အခက်အခဲများ များစွာရှိနေမည်ဆိုသည်ကိုလည်း ပြည်သူတို့ကို မျှော်လင့်နားလည်ကာ သည်းခံကူညီသွားကြရန် ပြင်ဆင်ထားကြပြီးဖြစ်သည်။
ဤနေရာတွင် ပြည်သူတို့ အထူးမျှော်လင့်တောင့်တခဲ့ကြသည်မှာ စနစ်ဟောင်းဘတ်စ်ကားများ၏ စည်းကမ်းမဲ့ ပရမ်းပတာဖြစ် မှုများကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ထိန်းသိမ်းနိုင်ရေးက အရေးတကြီးဖြစ်သည်ဆိုသည်ကို မမေ့သင့်ပေ။
လမ်းများပေါ်တွင် ပြည်သူတို့ သည်းမခံနိုင်လောက်အောင် စိတ်ပျက်စိတ်မချမ်းမြေ့ဖြစ်ကြရသည့် အခြေခံအကျဆုံး အကြောင်းရင်းခံမှာ ဘေးအန္တရာယ်လုံခြုံရေး၊ ဘတ်စ်ကား ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်တို့ စည်းကမ်းတကျဖြစ်ရေးတို့ဖြစ်ပါသည်။ ယာဉ်မောင်းများက ယာဉ်စည်းကမ်းအတိုင်း လိုက်နာကာ ယဉ်ယဉ်ကျေးကျေး မောင်းနှင်ခြင်း၊ ယာဉ်နောက်လိုက်တို့ကလည်း ၎င်းတို့၏တာဝန်ကို စည်းကမ်းတကျ လိုက်နာရင်း ပြည်သူလူထုကို သိမ်သိမ်မွေ့မွေ့ဆက်ဆံကူညီရေးနှင့် သွားလိုရာခရီးကို အလွန်အမင်း မပင်မပန်းနှင့် အိနြေ္ဒရရရောက်ရှိသွားနိုင်ရေးတို့က အခြေခံကျသော လိုအပ်ချက် ပြဿနာအဖြစ် ရှုမြင်သုံး သပ်ရန်လိုပါမည်။ ပြဿနာကို ကျနစွာနားလည်ပြီး ကြိုတင်ပြင်ဆင်ရသည်တို့လည်း မလွဲမသွေ လိုအပ်ပါလိမ့်မည်။ ထို့ပြင် ဥပဒေစိုးမိုးရေးကလည်း အလွန်အရေးကြီးသည့်အချက်ဖြစ်ပါ၏။
ယင်းသို့ ပြဿနာ၏ အရင်းအမြစ်များကို သေသေချာချာ သုံးသပ်စိစစ်ပြီး ဘတ်စ်ကားများ၏ စည်းကမ်းသေဝပ်မှုနှင့် ခရီးစဉ်များကို လုံလောက်အောင် ပြေးဆွဲပေးနိုင်မှုတို့ကို ဦးစားပေးဖြေရှင်းခြင်းဖြင့် လူထုအပေါ် အဖိစီးဆုံးအစိတ်အပိုင်းကို ပြေလျော့အောင် လုပ်ပေးနိုင်လိမ့်မည်ဟု ယူဆပါသည်။
စနစ်ဟောင်း စနစ်သစ်အကူးအပြောင်းတွင် အခက်အခဲ အကျပ်အတည်းများ၊ စိန်ခေါ်မှုများ များစွာနှင့် တွေ့ကြုံရမည်မှာ အမှန်ပင်ဖြစ်ပါသည်။ သို့သော်လည်း ပြည်သူလူထု၏ အခြေခံကျသည့် လိုအပ်ချက်များကို စေ့ငုနားထောင် ဂရုပြုကာ ပိုင်ပိုင်နိုင်နိုင် ဖြေရှင်းခြင်းဖြင့် တဖြည်းဖြည်းချင်း အောင်မြင်လာသည့် စနစ်ဖြစ်လာမည်ဟု ယုံကြည်စိတ်ဖြင့် နှိုးဆော်လိုက်ရပါကြောင်း။ ။

No comments:

Post a Comment