Sunday, April 2, 2017

တနင်္သာရီတိုင်းဒေသကြီး၏ တစ်နှစ်တာခရီးလမ်း




Image may contain: 1 person, sitting and indoor
အေဝမ်းစိုး
မြန်မာနိုင်ငံတောင်ပိုင်းရှိ တနင်္သာရီဒေသသည် လွန်ခဲ့သည့် ၁၅ ရာစုနှစ်ကတည်းက ကမ္ဘာ့ကုန်သွယ်ရေကြောင်းသွားလာမှုတွင် လွန်စွာ အရေးပါသည့် ဒေသတစ်ခုဖြစ်သည်ဟု မှန်နန်းရာဇဝင်၊ ရှေးဟောင်းတရုတ်မှတ်တမ်းများနှင့် အနောက်ဥရောပခရီးသွားမှတ်တမ်းများတွင် ဖော်ပြထားကြောင်း သိရသည်။
ယနေ့မျက်မှောက်ကာလတွင်လည်း မဟာဗျူဟာအရ အလွန်အရေးပါသည့် ထားဝယ်ရေနက်ဆိပ်ကမ်းကဲ့သို့ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ ကုန်သွယ်ရေကြောင်းသွားလာမှုတွင် ရင်ပေါင်တန်းယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်း လျက်ရှိသည်။
ရှည်မျောမျောနှင့် ခပ်ကွေးကွေး သဏ္ဌာန်တည်ရှိ
တနင်္သာရီတိုင်းဒေသကြီးသည် ပထဝီမြေမျက်နှာသွင်ပြင် အနေအထားအရ မြေပုံပေါ်တွင် ရှည်မျောမျောနှင့် ခပ်ကွေးကွေး သဏ္ဌာန်တည်ရှိနေသည်။ မြန်မာနိုင်ငံ တောင်ဘက်စွန်းတွင်တည်ရှိပြီး အရှေ့နှင့် အရှေ့တောင်ဘက်တွင် ထိုင်းနိုင်ငံ၊ မြောက်ဘက်တွင် မွန်ပြည်နယ်၊ အနောက်ဘက်တွင် ကပ္ပလီပင်လယ်တို့နှင့် နယ်နိမိတ်ထိစပ်နေသည်။ ဧရိယာအားဖြင့် ၁၆၇၃၅ စတုရန်းမိုင်ခန့် ကျယ်ဝန်းသည်။
မြန်မာနိုင်ငံတွင် ကျွန်းပေါင်း ၁ဝဝဝ ခန့်ရှိရာ တနင်္သာရီတိုင်းဒေသကြီးတွင် ၈ဝဝ ကျော် တည်ရှိသည်။ ရှည်လျားသောပင်လယ် ကမ်းရိုးတန်းနှင့် သာယာလှပသည့် ကျွန်းစုများကြောင့် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်စွမ်းရှိသည်။ ကမ်းနီးကမ်းဝေးငါးဖမ်း လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဥယျာဉ်ခြံ လုပ်ငန်းများဖြစ်ထွန်းပြီး ခဲမဖြူ၊ အဖြိုက်နက်၊ ပုလဲ၊ ငှက်သိုက် စသည့် သဘာဝသယံဇာများ ထွက်ရှိသောကြောင့် စီးပွားရေးအရ အားထား ရသော တိုင်းဒေသကြီးတစ်ခု ဖြစ်သည်။
စီးပွားရေးတိုးတက်မှု
တနင်္သာရီတိုင်းဒေသကြီးတွင် ၂ဝ၁၆-၂ဝ၁၇ ခုနှစ် စီမံကိန်းရည်မှန်းချက်အား ကျပ်သန်းပေါင်း ၂ဝ၈၅၆၅၅ ဒသမ ၆ သန်း ရရှိရန် ရည်မှန်းခဲ့ပြီး ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလကုန် အထိ (ဒေသစာရင်းအရ) ကျပ်သန်းပေါင်း ၁၇၈၁၈၁၅ ဒသမ ၆ သန်း (၈၅ ဒသမ ၄ ရာခိုင်နှုန်း) ရရှိအောင် အကောင်အထည်ဖော် နိုင်ခဲ့သဖြင့် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု သိရသည်။
ရေခူများ
ရေလုပ်ငန်းကလည်း ပြည်တွင်းအပြင် ပြည်ပအထိ ထုတ်လုပ်ဖြန့်ဝေနိုင်သည်။ တနင်္သာရီတိုင်းဒေသကြီး၏ ရေလုပ်ငန်းသည် နိုင်ငံ၏ကုန်ထုတ်လုပ်မှုတွင် အရေးပါသော ကဏ္ဍတစ်ခုဖြစ်သည်။
ရေထွက်ပစ္စည်းဖြစ်သော ရေခူ (Jelly Fish)ကို စီးပွားဖြစ် ထုတ်လုပ်နိုင်ခဲ့သည်။ ဇန်နဝါရီလမှစ၍ ကုန်ကြမ်းစတင်စုဆောင်းပြီး ရေခူများကို ဈေးကွက်သို့ တင်ပို့ခြင်းအားဖြင့် ဒေသခံပြည်သူတို့ ဝင်ငွေတိုးတက်ကောင်းမွန် ခဲ့သည်။ ယခုနှစ်ရာသီတွင် ရေခူတန်ချိန် ၂ဝ ခန့် ထုတ်လုပ်နိုင်ခဲ့သည်။
အစိုးရသစ်တစ်နှစ်တာကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သော ကော့သောင်း၊ မြိတ်နှင့် ထီးခီးဒေသတို့မှ ရေထွက်ပစ္စည်းများတင်ပို့ရောင်းချခဲ့ရာ ငါးတန်ချိန် ၁၄၅၁၄ဝ ကျော်၊ ပုစွန်တန်ချိန် ၃၁ဝဝ ကျော် နှင့် အခြားရေထွက်ပစ္စည်းတန်ဖိုး ၃၅၃၂၅ တန်ကျော် စုစုပေါင်းတန်ဖိုး ဒေါ်လာ ၁၉၅ သန်းခန့် တင်ပို့ပေးနိုင်ခဲ့သည်။ အလားတူကာလ တင်ပို့မှုတန်ဖိုးမှာ ဒေါ်လာ ၁၅၁ သန်းကျော်သာ ရရှိသဖြင့် ၄၂ ဒသမ ၇၉၂ ဒေါ်လာသန်း ပိုမိုတိုးတက်ရရှိခဲ့ သည်ဟု သိရသည်။
စိုက်ပျိုးရေး
တနင်္သာရီတိုင်းဒေသကြီးတွင် စပါးအပြင် နှစ်ရှည်ပင်များဖြစ်သည့် ကွမ်းသီး၊ အုန်းသီး၊ ရော်ဘာ၊ ဓနိ၊ ဒူးရင်း၊ မင်းကွတ်၊ ကြက်မောက်၊ သီဟိုဠ်၊ သရက်၊ ဆီအုန်းတို့ စိုက်ပျိုးဖြစ်ထွန်းကြသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် ရော်ဘာစိုက်ပျိုးပြီးစီးမှုအပေါ် ရော်ဘာထွက်ရှိမှု အခြေ အနေမှာ စိုက်ပျိုးပြီးဧရိယာ ၃၄၅၈၃၄ ဧက၊ အစေးလှီး ၁၃၅၆၃၉ ဧက၊ အထွက်နှုန်း ၄၉၃ ဒသမ ၄၇ ပေါင်၊ အထွက်စုစုပေါင်း ၆၆၉၃၃၂၄၆ ပေါင်ဖြစ်သည်။
ယခုနှစ်တွင် ရော်ဘာဈေးမှာ တစ်ပေါင် ၁၂ဝဝ ဖြစ်၍ မနှစ်ကတစ်ပေါင်ဈေး ၅ဝဝ ထက် နှစ်ဆနီးပါး ဈေးကောင်းရသဖြင့် တောင်သူများဝင်ငွေတိုးတက်ရရှိခဲ့ကြသည်။ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုအခြေအနေမှာ စိုက်ပျိုးပြီးဧရိယာ ၃၉၄၇၁၉ ဧက၊ အသီးခူး ဧရိယာ ၁၃၈၅၁၂ ဧက၊ အထွက်နှုန်း ၂ ဒသမ ၁၄ တန်၊ ဆီသီးခိုင်အထွက်စုစုပေါင်း ၂၉၆၅၈၈ တန်ထွက်ရှိခဲ့ပြီး ဖြစ်သည်။
သတ္တုကဏ္ဍ
တနင်္သာရီတိုင်းဒေသကြီးသည် သယံ ဇာတပေါကြွယ်လှသည်။ ထင်ရှားသော သတ္တုတွင်းများမှာ ဟိန်းဒါး၊ ဟာမြစ်ကြီး၊ ကန်ဘောက်၊ ကျောက်မဲတောင်၊ နတ်သီတာ၊ ရတနာပုံ၊ သိန္ဓောတို့ ဖြစ်ကြပြီး ရေနံ၊ သဘာဝ ဓာတ်ငွေ့၊ ကျောက်မီးသွေးတို့ ထုတ်လုပ်နိုင်သည့်အပြင် ငှက်သိုက်နှင့် ပုလဲလုပ်ငန်းများမှလည်း နိုင်ငံခြားဝင်ငွေ အများအပြားရရှိသည်။
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွင်း တနင်္သာရီတိုင်းဒေသကြီးတွင် ခဲမဖြူ၊ အဖြိုက်နက်နှင့် ရောရာသတ္တု တူးဖော်ထုတ်လုပ်ရန် ကုမ္ပဏီ ၂၈ ခု ခွင့်ပြုထားရှိပြီး ခဲမဖြူ၊ အဖြိုက်နက်လုပ်ကွက် အကြီးစား ကိုးကွက်၊ လုပ်ကွက် အသေးစား ၂၇ ကွက် စုစုပေါင်း လုပ်ကွက် ၃၆ ကွက်ရှိသည်။
သတ္တုထုတ်လုပ်ရန် ၉၁ဝ ဒသမ ဝဝ၃ မက်ထရစ်တန်လျာထားပြီး ၇၃၉ ဒသမ ၅၈၁ မက်ထရစ်တန် ထုတ်လုပ်နိုင်ခဲ့သည်။ ခဲမဖြူ၊ အဖြိုက်နက်နှင့် ရောရာသတ္တု စမ်းသပ်တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ကုမ္ပဏီ ၁၇ ခုအား ခွင့်ပြုထားပြီး လုပ်ကွက် အကြီးစား ငါးကွက်၊ လုပ်ကွက် အသေးစား ၄၆ ကွက် စုစုပေါင်း ၅၁ ကွက်မှာ စမ်းသပ်တိုင်းတာမှုများ ပြုလုပ်လျက်ရှိသည်။ သတ္တုထုတ်လုပ်မှုတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန် ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
ပုလဲနှင့် မုတ်ခွံ
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျွန်း ၁၃ ကျွန်းတွင် နိုင်ငံပိုင်ပုလဲလုပ်ငန်းအပါအဝင် ကုမ္ပဏီ ၁ဝ ခုမှ ပုလဲမွေးမြူထုတ်လုပ်ရေး လုပ်ငန်းများကို ရေပြင်ဧရိယာ ဧက ၁၃၃၁၂ဝ ကျော်နှင့် မြေပြင်ဧရိယာ ဧက ၁၆၁၅ဝ ကျော် တို့တွင် ပုလဲမွေးမြူထုတ်လုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဖေဖော်ဝါရီလအထိ ပုလဲထုတ်လုပ်ရန် ၃၃၄ဝဝဝ မိုမီ လျာထားချက်အပေါ် ၅၁၂၃၃၄ ဒသမ ၄၇ မိုမီ ထုတ်လုပ်နိုင်ခဲ့ပြီး မုတ်ခွံ ထုတ်လုပ်ရန် ၁၂၆ ဒသမ ဝဝ မက်ထရစ်တန် လျာထားချက်အပေါ် ၁၄၂ ဒသမ ၂၃ မက် ထရစ်တန် ထုတ်လုပ်နိုင်ခဲ့၍ ထုတ်လုပ်မှု ရာခိုင်နှုန်းမှာ ၁၁၂ ဒသမ ၈၈ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့သည်။
ဆလုံလူမျိုးများ
တနင်္သာရီတိုင်းဒေသကြီးတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်း ၁၂ ကျွန်းတွင် လုပ်ငန်းများအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ခရီးသွားလုပ်ငန်းအနေဖြင့် မြိတ်ကျွန်းစုသည် ကမ္ဘာလှည့်ခရီးသည်များအတွက် လေ့လာစရာများပြားသည့်အပြင် ထိုဒေသရှိ ဆလုံလူမျိုးများ၏ ဓလေ့စရိုက်ကလည်း စိတ်ဝင်စားစရာ ကောင်းလှပေသည်။
တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင် ရေးအတွက် ထားဝယ်၊ မြိတ်နှင့် ကော့သောင်း ဒေသများတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီများ ဖွဲ့စည်းတာဝန် ပေးအပ်ပြီး လုပ်ငန်းများဆောင်ရွက်နိုင်ရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဖေဖော်ဝါရီလအထိ တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်၊ တည်းခိုခန်း ၃၆ ခု၌ ပြည်တွင်း ဧည့်သည်ဦးရေ ၉ဝ၂ဝ၂ ဦးတည်းခိုခဲ့ပြီး ဝင်ငွေရရှိမှုမှာ ငွေကျပ် ၁၆ဝ၁၇ ဒသမ ၃၇ သိန်းနှင့် ပြည်ပဧည့်သည်ဦးရေ ၆ဝ၆၉ဝ တည်းခိုခဲ့ပြီး ဝင်ငွေရရှိမှုမှာ အမေရိကန် ဒေါ်လာ ၁၃၈၄၆၆၇ ရရှိခဲ့သည်။ ယခင်နှစ် ထက် ပြည်တွင်း၊ ပြည်ပ ဧည့်သည်ဦးရေ ၄၂၂၁၄ ဦးတိုးတက်များပြားလာကြောင်း တွေ့ရှိရသည်။
ငှက်သိုက်
သစ်တောထွက်ပစ္စည်းဖြစ်သော ငှက်သိုက်သည် တနင်္သာရီတိုင်းဒေသကြီးတွင် ထွက်ရှိသော သဘာဝသယံဇာတဖြစ်သည်။ ယခုနှစ်အတွင်း ပိဿာ ၁၃ဝဝ ခန့်ရရှိပြီး အိတ်ဖွင့် တင်ဒါရောင်းရငွေမှာ ကျပ်သန်း ၁ဝဝဝ ကျော် ရရှိခဲ့သည်ဟု သိရှိရသည်။
လမ်းပန်းဆက်သွယ်ရေး
တနင်္သာရီတိုင်းဒေသသကြီးသည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လှသဖြင့် ရာသီမရွေး ရေကြောင်း၊ ကုန်းကြောင်း၊ လေကြောင်းတို့ဖြင့် သွားလာနိုင်သည်။ ဒေသတွင်း၌လည်း လမ်းခရီးလုံခြုံချောမွေ့စေရန် လေယာဉ်၊ ကား၊ သင်္ဘော၊ အမြန်ရေယာဉ်တို့ဖြင့် ပြေးဆွဲပေး လျက်ရှိသည်။
လျှပ်စစ်မီးရရှိရေး
နိုင်ငံတော်၏မဟာဓာတ်အားလိုင်း မရောက်ရှိမီကာလအတွင်း ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားကို သက်သာ သောဈေးနှုန်းဖြင့် ပြည့်ဝစွာသုံးစွဲနိုင်ရန် ရည်ရွယ်လျက် ထားဝယ်ခရိုင်တွင် တစ်မဂ္ဂါဝပ် Gas Engine ခြောက်လုံးနှင့် Gas Engine အရန် ဒီဇယ်ဓာတ်အားပေးစက် ခြောက်လုံး တို့ပေါင်းစပ်၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိပြီး မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် ဒီဇယ်ဓာတ်အားပေး စက်များဖြင့် မီးလင်းရေးအဖွဲ့များက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော မီးလင်းရေးကော်မတီများ၊ ပုဂ္ဂလိကကုမ္ပဏီများမှ ထုတ်လုပ်ယူနစ် အပေါ်မူတည်၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းသို့ ပေးသွင်းရမည့် Royalty Fee ကို တစ်ယူနစ်လျှင် ငွေကျပ် ၁ဝကျပ်နှုန်းအစား ၂ဝ၁၆ခုနှစ် စက်တင်ဘာလမှ စတင်၍ ငွေကျပ် ငါးကျပ်နှုန်းဖြင့် တစ်ပြေးညီလျှော့ချ ကောက်ခံခွင့်ပြုပြီး ဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း မဟာဓာတ်အားလိုင်း ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင်သုံးခု အတွင်းရှိ မြို့နယ်/ ရပ်ကွက်/ ကျေးရွာများ အထိ လျှပ်စစ်မီးရရှိရေးအတွက် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်းပေါင်း ၂၄၇၂၆ ဒသမ ဝ၅၅ ဖြင့် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းခြင်း လုပ်ငန်းများဖြစ်သော ၃၃33 KV ဓာတ်အား လိုင်းမိုင် ၅ဝ၊ 11 KV ဓာတ်အားလိုင်း၂၂၃ မိုင်၊ (ဝ.၄) 11 KV ဓာတ်အားလိုင်း ၁၄၈ ဒသမ ၄၅ မိုင်၊ (33/11) KV (5)MVA ဓာတ်အား ခွဲရုံနှစ်ရုံ၊ (11/0.4) KV Transformer လုံး တပ်ဆင်ဆောင်ရွက်ခြင်း စသည့် လျှပ်စစ်ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်း ၂၈၁ ခုကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။ လျှပ်စစ်ဓာတ်အားလိုင်း တည်ဆောက်ရေးလုပ်ငန်း များပြီးစီးပါက တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာပေါင်း ၁ဝ၂ ရွာအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်မည် ဖြစ်ပါသည်။
ပညာရေးကဏ္ဍ
၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် ကျောင်း အပ်နှံရေးနေ့ အခမ်းအနားတွင် နိုင်ငံတော်နှင့် စေတနာရှင် ပြည်သူများက ကျောင်းသား ကျောင်းသူများအား ထောက်ပံ့ငွေ၊ ကျောင်းသုံး စာရေးကိရိယာနှင့် ကျောင်းသုံးပရိဘောဂများ အတွက် စုစုပေါင်း ငွေကျပ် ၄၇၈၆ ဒသမ ၁၂ သိန်းခန့် ထောက်ပံ့ပေးခဲ့သည်။
အခြေခံပညာဦးစီးဌာနသို့ အဆင့်တိုးမြှင့်ရန် တင်ပြသည့်ကျောင်းအရေအတွက် ၁၄ဝ ရှိပြီး ၇၉ ကျောင်းကို အဆင့်တိုးမြှင့်ဖွင့် လှစ်ပေးခဲ့သည်။ အဆင့်တိုးမြှင့်ဖွင့်လှစ်ခဲ့သည့် ကျောင်းများအတွက် ဘွဲ့ရ ဆရာ ဆရာမ ၁၁၁ ဦးကို အထက်တန်းပြရာထူးသို့ တိုးမြှင့်ခန့် ထားပေနိုင်ခဲ့သည်။ ဆရာနှင့် ကျောင်းသား အချိုး ကွာဟမှုမရှိစေရန် ဒေသခံဘွဲ့ရ ပြင်ပပုဂ္ဂိုလ် ၂၉၁ ဦးကိုလည်း နေ့စားလပေးမူလတန်းပြများအဖြစ်လည်းကောင်း၊ ကရင် တိုင်းရင်းသားရွာများတွင် ဘွဲ့ရ ကရင် တိုင်းရင်းသူ ၅၉ ဦးကို ယာယီနေ့စား လပေး များအဖြစ်လည်းကောင်း ခန့်ထားပေးခဲ့သည်။
၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင် ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၃၇ဝ၈ ဒသမ ဝဝ သန်းဖြင့် အဆောက်အအုံ လုပ်ငန်းအရေအတွက် ၇၇ ခု တည်ဆောက် ပေးနိုင်ခဲ့ပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် အဆောက်အအုံလုပ်ငန်း အရေအတွက် ၁ဝ၆ ခုအထိ တိုးမြှင့်တည်ဆောက်ပေးနိုင်ခဲ့သည်။
ကျန်းမာရေးကဏ္ဍ
တိုင်းဒေသကြီးအတွင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးလက်ကျန်းမာရေးဌာန သုံးခု၊ ဌာနခွဲ ၁၇ ခု၊ ဝန်ထမ်းအိမ်ရာများကို ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၃၈၆ သန်းဖြင့် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလမှစ၍ လုပ်ငန်းများဆောင် ရွက်လျက်ရှိသည်။
ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် တိုးချဲ့နှစ်ထပ်နှင့် ငါးထပ် လူနာဆောင် ဆောက်လုပ်ခြင်းနှင့် လေးခန်းတွဲသုံးထပ် ဆရာဝန်အိမ်ရာ၊ စခန်းသစ်တိုက်နယ်ဆေးရုံတွင် ဝန်ထမ်းအိမ်ရာ၊ သရက်ချောင်းမြို့နယ် ပြည်သူ့ဆေးရုံခွဲစိတ်ခန်း၊ သားဖွားခန်းပါ တိုးချဲ့နှစ်ထပ်ဆောင်နှင့် ရှစ်ခန်းတွဲ လေးထပ်ဝန်ထမ်းအိမ် တစ်လုံးဆောက်လုပ်ခြင်း၊ တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံတွင် တိုးချဲ့လူနာဆောင်နှင့် ဝန်ထမ်းအိမ်ရာ၊ ကော့သောင်း မြို့နယ် ပြည်သူ့ဆေးရုံတွင် ခြောက်ခန်းတွဲသုံးထပ်ဝန်ထမ်းအိမ်ရာ၊ ခမောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် ခြောက်ခန်းတွဲတစ်ထပ် ဝန်ထမ်းအိမ်ရာတစ်လုံး ဆောက်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။
အရေးပေါ် ခိုလှုံရန် အဆောက်အအုံများ ဆောက်လုပ်
မြိတ်ခရိုင် တနင်္သာရီမြို့ မောတောင် ဒေသ သိန်းခွန်းကျေးရွာအုပ်စုအတွင်း ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၉ ရက်နှင့် ၁ဝ ရက်တို့အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် တောင်ကျရေများကြောင့် နေအိမ်များမျောပါ ခြင်း၊ ရေနစ်မြုပ်ခြင်းနှင့် လူသေဆုံးခြင်းများရှိခြင်းတို့ကြောင့် အိမ်ထောင်စု ၄၃ စုအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်တစ်သိန်းဖြင့် စုစုပေါင်း ငွေကျပ် ၄၃ သိန်း ထောက်ပံ့ပေးခဲ့သည်။
တိုင်းဒေသကြီးအတွင်း သဘာဝဘေး ဖြစ်ပွားပါက အရေးပေါ်ခိုလှုံနိုင်ရန်အတွက် လူဦးရေ ၅ဝဝ ဆံ့ အဆောက်အအုံသုံးလုံးကို ရန်ပုံငွေကျပ် ၃၅ဝ၄ သိန်းဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၏ ခွင့်ပြုချက်အရ လောင်းလုံး မြို့နယ် သဘော့ဆိပ်ကျေးရွာ၊ သရက်ချောင်း မြို့နယ် ကနက်သီရိကျေးရွာနှင့် ကော့သောင်း မြို့နယ် ပုလုံးတုံးတုံးကျေးရွာတို့တွင် တည် ဆောက်လျက်ရှိသည်။
တိုင်းဒေသကြီးအတွင်း သဘာဝဘေး အန္တရာယ် ၃၅ ကြိမ်ဖြစ်ပွားမှုတွင် အိမ်ခြေ ၂၃၃ လုံး၊ အိမ်ထောင်စု ၂၄ဝ၊ လူဦးရေ ၁၁၂၃ ဦး၊ သေဆုံးသူ ကိုးဦးရှိခဲ့ရာ ထောက်ပံ့ ငွေကျပ် ၁၈၂ သိန်းခန့်ကို ကယ်ဆယ်ရေးဦးစီး ဌာနက ထောက်ပံ့ပေးနိုင်ခဲ့သည်။
လွန်ခဲ့သည့်တစ်နှစ်တာကာလအတွင်း တနင်္သာရီတိုင်းဒေသကြီးအတွင်း မီးဘေးနှင့် သဘာဝဘေးအန္တရာယ် ၁၂ ကြိမ်ကျရောက် ခြင်းကြောင့် ထားဝယ်ခရိုင်တွင် နေအိမ် ၁၁ လုံး၊ အိမ်ထောင်စု ၁၂ စုအတွက် ငွေကျပ် ၇၉ ဒသမ ဝ၁ သိန်း၊ မြိတ်ခရိုင်တွင် နေအိမ် ၅၉ လုံး၊ အိမ်ထောင်စု ၅၉ စုအတွက် ငွေကျပ် ၁၆ဝ ဒသမ ၇၂၇ သိန်းနှင့် ကော့သောင်း ခရိုင်တွင် နေအိမ် လေးလုံး၊ အိမ်ထောင်စု လေးစုအတွက် ငွေကျပ် သိန်း ၂ဝ စုစုပေါင်း နေအိမ် ၇၄ လုံး ၊ အိမ်ထောင်စု ၇၅ စုအတွက် ငွေကျပ် ၂၅၉ ဒသမ ၇၃၇ သိန်းအား တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ မီးဘေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ရန်ပုံငွေမှ ထောက်ပံ့ပေးခဲ့ သည်ဟု သိရသည်။
လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်
နိုင်ငံတော်အစိုးရသစ်၏ မူဝါဒ လေးရပ်ဖြစ်သော အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်လာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ လူနေမှုဘဝများ တိုးတက်အောင် ဆောင်ရွက်ရေးတို့ကို အစိုးရသစ်၏တစ်နှစ်တာအတွင်း ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။
အမျိုးသားရင်ကြားစေ့ရေးအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ရှိပြီး တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် ဘာသာပေါင်းစုံတို့သည် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို လက်တွဲညီညီပူးပေါင်းဆောင်ရွက် လျက်ရှိသည်။
တိုင်းဒေသကြီးတွင် အပစ်အခတ်ရပ်စဲရေး ကော်မတီ JMC-S ဖွဲ့စည်းထားရှိပြီး ပြီးခဲ့ သည့် တစ်နှစ်တာအတွင်း တွေ့ဆုံညှိနှိုင်း အစည်းအဝေး ငါးကြိမ်ကျင်းပခဲ့ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ဆက်လက်ထိန်းသိမ်း နိုင်ခဲ့သည်။
တွေ့ဆုံညှိနှိုင်း
ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အနေဖြင့် အေးချမ်းသောဒေသဖြစ်၍ အထူးအထွေ ဆောင်ရွက်ရမည့်ဒေသမဟုတ်သော်လည်း ဒေသတွင်းလက်နက်ကိုင်အဖွဲ့အစည်းများ ပဋိပက္ခ မဖြစ်ပွားစေရေးအတွက် တိုင်းရင်းသား ခေါင်းဆောင်များကို တိုင်းဒေသကြီးအစိုးရ အဖွဲ့က တစ်နှစ်တာကာလအတွင်း သုံးကြိမ် တွေ့ဆုံညှိနှိုင်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးသည် ပြည်သူတို့၏ ဆန္ဒဖြစ် သဖြင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ဦးစားပေးအောင်မြင်အောင် ဆောင်ရွက်လျက်ရှိသည်။
တိုင်းဒေသကြီးအတွင်း ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကော်မတီဝင်ကိုးဦး ပါသော ကြီးကြပ်မှုကော်မတီတစ်ရပ် ဖွဲ့စည်း ပေးခဲ့သည်။ ဒုတိယအကြိမ် ကျင်းပမည့် (၂၁)ရာစု ပင်လုံညီလာခံကို တနင်္သာရီတိုင်း ဒေသကြီးအနေဖြင့် ပါဝင်ဆွေးနွေးရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။ ။

No comments:

Post a Comment