Monday, April 3, 2017

ပြည်သူလူထုကျန်းမာရေးဦးစားပေး


Image may contain: text
မြန်မာနိုင်ငံရှိ လူဦးရေသန်း ၅ဝ ကျော်တွင် ဆင်းရဲနွမ်းပါးသူပြည်သူများမှာ အများစုဖြစ်သည်။ လူဦးရေ ၇ဝ ရာခိုင်နှုန်းခန့်မှာ ကျေးလက်တွင် နေထိုင်ကြပြီး တောင်ယာလယ်လုပ်ကျပန်းလုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်းပြုကာ ရုန်းကန်နေကြရသည်။ အဆိုပါဆင်းရဲနွမ်းပါးသူ အများစုနေထိုင်ရာဒေသများတွင် ပညာရေး၊ ကျန်းမာရေးဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မှု လိုအပ်ချက်များရှိနေသည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရက ကျေးလက်နေပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေးလိုအပ်ချက်များကို ဦးစားပေးဖြည့်ဆည်း ဆောင်ရွက်ပေးနေသည်။ ကျေးလက်ကျန်းမာရေးကဏ္ဍတွင် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်အတွက် အမျိုးသားကျန်းမာရေးစီမံကိန်းကို ၂ဝ၁၇ ခုနှစ်မှ ၂ဝ၂၁ ခုနှစ်အတွင်း ငါးနှစ်စီမံကိန်းဖြင့် ထည့်သွင်း ရေးဆွဲထားသည်။
အဆိုပါစီမံကိန်းတွင် ကျေးလက်ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးရာ၌ ပြည်သူလူထု၏ စွမ်းရည်မြှင့်တင်နိုင်ရန် စီမံကိန်း ရေးဆွဲထားပြီး ကျေးလက်ပြည်သူများ၏ကျန်းမာရေးကို အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းထားသည်။ တစ်ဆက်တည်းတွင် ကျန်းမာရေးအတွက် နိုင်ငံတော်က စောင့်ရှောက်မည်ဟု ယုံကြည်ချက်ဖြင့် ရှေ့ဆက်သွားမည်ဆိုပါက နိုင်ငံအတွက် ထူးခြားသောလာဘ်လာဘကို ရရှိထားပြီဟု သတ်မှတ်နိုင်ကြောင်း ပြောကြားခဲ့သည်။
ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုကို နိုင်ငံတော်က တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူများမှာ ကျန်းမာရေးအတွက် မပူပင်မကြောင့်ကြဘဲ နေထိုင်ကြရသည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်၍ ပြည်သူများအတွက် ကျန်းမာရေးကို အပြည့်အဝတာဝန်မယူနိုင်သေးသော်လည်း ကျန်းမာရေးအတွက် နိုင်ငံတော်က စောင့်ရှောက်မည်ဟု ယုံကြည်ချက်ဖြင့် ရှေ့ဆက် သွားနိုင်ရေး အကြံပြုပြောချက်ကို ကြားသိရသဖြင့် အားတက်မိသည်။
လူမှုဘဝအတွက် ကျန်းမာရေးသည် အရေးအကြီးဆုံးဖြစ်သည်။ မကျန်းမာပါက ဆင်းရဲချမ်းသာမရွေး မည်သည့်အရာမျှ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်မဟုတ်ချေ။ ထို့ကြောင့် အမျိုးသားကျန်းမာရေး စီမံကိန်းကို ရေးဆွဲခဲ့ခြင်းဖြစ်ပြီး စီမံကိန်းရည်မှန်းထားသည့်ကာလအတွင်း မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံးအတွက် အခြေခံအကျဆုံးဖြစ်သည့် မရှိမဖြစ်ကျန်းမာရေးစောင့်ရှောက်မှုကို ငွေကုန်ကြေးကျနည်းပါးစွာဖြင့် နေရာဒေသမရွေး ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ထားကြောင်းသိရသည်။
ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာ၌ မွေးကင်းစ အရွယ်မှစ၍ သက်ကြီးရွယ်အိုအရွယ်များအထိ ပါဝင်ရာ မွေးကင်းစအရွယ်များ ကျန်းမာရေးအတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ၏ ကျန်းမာရေးနှင့်အသိပညာပေးရေးတို့ကို ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူလူထုနှင့် အများဆုံးထိတွေ့နေ သော ကျန်းမာရေးဝန်ထမ်းများမှာ သူနာပြုဆရာမများနှင့် ဝမ်းဆွဲဆရာမ များဖြစ်၍ ၎င်းတို့၏ အရည်အသွေးနှင့်အရေအတွက်မြင့်မားတိုးတက်ရေးကိုလည်း ဦးစားပေးဖော်ဆောင်ပေးရမည်ဖြစ်သည်။
အရေးကြီးသည့် ကျန်းမာရေးလုပ်ငန်းစဉ်များတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် ပုဂ္ဂိုလ်များမှာ အကျင့်သိက္ခာနှင့် စေတနာအရင်းခံထားပြီး အဆင့်အတန်းမရွေး ပြည်သူများ၏ကျန်းမာရေးကို ဦးစားပေး၍ ဝိုင်းဝန်းလုပ်ကိုင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်သူများကျန်းမာကြံ့ခိုင် နေပါလျှင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်သည်။
ကျန်းမာကြံ့ခိုင်သောနိုင်ငံသူ နိုင်ငံသားများသည် နိုင်ငံတော်ကိုပြုပြင် ပြောင်းလဲတည်ဆောက်နေသောကာလ၌ အပြည့်အဝပူးပေါင်းပါဝင်လာ နိုင်ပြီး စေတနာအရင်းခံထားကာ တက်တက်ကြွကြွလုပ်ကိုင်နိုင်ကြပါက မိမိတို့ မျှော်မှန်းထားသော ငြိမ်းချမ်းသာယာဝပြောသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာအောင် ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ။

No comments:

Post a Comment