Sunday, April 2, 2017

တစ်နှစ်ပြည့်အောင်မြင်မှုမှသည်

မြန်မာ့အလင်းအယ်ဒီတာအာဘော်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးလောကကို ဝင်လာစဉ်ကတည်းက ပြည်သူလူထုအား တစ်ခုတည်း သောကတိကို ပြုခဲ့ပါသည်။ ဤသည်မှာအကောင်းဆုံးဖြစ်ရန်ကြိုးပမ်းမည်ဟူသောကတိ ဖြစ်ပါသည်။ အဆိုပါကတိသည် ရိုးရှင်းသောကတိ ဖြစ်သော်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ကျင့်တရားနှင့် ရိုးသားဖြောင့်မတ်မှုအပေါ် ပြည်သူလူထု၏ ယုံကြည်မှု ကြောင့် ကြီးမားသော နိုင်ငံရေးအင်အား ဖြစ်လာပါသည်။တိုင်းပြည်၏ အပြောင်းအလဲအချိုးအကွေ့ကို ပြည်သူလူထု၏ ယုံကြည်မှု(သို့မဟုတ်)နိုင်ငံရေးအင်အားဖြင့်သာ စွမ်းဆောင်နိုင်သည်ကို သမိုင်းကသက်သေပြပြီး ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရတာဝန်ယူမှု တစ်နှစ်ပြည့်အထိမ်းအမှတ်တွင် ပြောကြားသည့် မိန့်ခွန်း၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့ကိုင်စွဲသည့် အခြေခံစိတ်ဓာတ်ကို အဂတိတရားလေးပါးမှ ကင်းရှင်းရေးဟု ဖွင့်ဆိုရှင်းလင်းသွားပါသည်။ ဆန္ဒ၊ ဒေါသ၊ ဘယာနှင့် မောဟဟူသော အဂတိတရားလေးပါးကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က òန်းဆိုပြောကြားသွားခြင်းဖြစ်ပါသည်။ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးသည် အဂတိတရားလေးပါးမှ ကင်းရှင်းစေရမည်ဟု ရဲရဲဝင့်ဝင့်ကတိပြုရဲသော အစိုးရတစ်ရပ်ရရှိရန် နှစ်ပေါင်းများစွာ ကြိုးပမ်းရုန်းကန်ခဲ့ရပါသည်။ ပြည်သူလူထုအား ရဲရဲဝင့်ဝင့်ကတိပြုရဲသော အစိုးရတစ်ရပ်နှင့် အစိုးရ၏ ဤကတိတို့အပေါ် ပြည်သူလူထု၏ ယုံကြည်မှုရယူနိုင်သော အစိုးရတစ်ရပ်ဟူသော ရိုးရှင်း သောအချက်ကပင် လူထုအစိုးရသစ်၏ အောင်မြင်မှုကို လှစ်ဟပြသ နေပါသည်။ သို့သော် အဂတိတရားလေးပါးကို အမြစ်ပြတ်ဖယ်ရှား ရှင်းလင်းရေးသည် နှစ်ပေါင်း ၅ဝ ကျော် အမြစ်တွယ်ခဲ့သော စနစ်ကို ပြုပြင်ပြောင်းလဲနိုင်မှသာဖြစ်မြောက်နိုင်မည်ဖြစ်ပါသည်။ နှစ်ပေါင်း ၅ဝ ကျော် အမြစ်တွယ်ခဲ့သော စနစ်တစ်ရပ်ကို တစ်နှစ်အတွင်း မပြောင်းလဲနိုင် သည်မှာ လူတိုင်းနားလည်လက်ခံနိုင်သောအချက် ဖြစ်ပါသည်။ အစိုးရ ဟူသည် ပြည်သူလူထုအတွက်ဖြစ်ရမည်ဟူသောအချက်ကို ထင်ရှား အောင်လုပ်နိုင်ခြင်းသည်ပင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မိန့်ကြားသကဲ့သို့ လူထုအစိုးရသစ်၏ အောင်မြင်မှုဖြစ်ပါသည်။
လူထုအစိုးရသစ်သည် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ရရှိရေးကို အရေးကြီးတာဝန်အဖြစ်သတ်မှတ်ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးဖြစ်စဉ်များကို လေ့လာပါက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထောက်ပြသကဲ့သို့ ရှေ့သို့တိုးတက်သည်လည်း ရှိပါသည်၊ ရပ်တန့်သည်လည်း ရှိပါသည်၊ နောက်သို့ပြန်ဆုတ်ခြင်းလည်းရှိပါသည်။ ဤကဲ့သို့သော အချိုးအကွေ့မျာြး>ွပမ်းတီးနေသော ငြိမ်းချမ်းရေး ခရီးလမ်း အပေါ် ပြည်သူလူထုက စိတ်အားမငယ်ရန် လိုအပ်ပါသည်။ သန္နိဋ္ဌာန် ချထားသော ကြိုးပမ်းမှု၌မျှော်လင့်ချက်များနှင့်အတူ အပြီးသတ်အောင်ပွဲ ရှိနေသည်ကို က္ဘာ့သမိုင်းဖြစ်ရပ်များက သက်သေထူပြသနေပါသည်။
တီဘီ၊ ငှက်ဖျားနှင့်HIV AIDS ဟူသော ရောဂါကြီးသုံးခု တိုက်ဖျက်ရေးအတွက် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက် ရှိသောGlobal Funds အဖွဲ့ကြီးက မြန်မာနိုင်ငံ၏ ဤရောဂါကြီးသုံးခု တိုက်ဖျက်ရေးအပေါ် အသိအမှတ်ပြုချီးကျူး၍ သုံးနှစ်အတွင်း အမေရိကန် ဒေါ်လာသန်း ၅ဝဝ ထောက်ပံ့ရန် သဘောတူခဲ့ခြင်းသည် လူထုအစိုးရသစ်၏ ပြည်သူလူထုအပေါ်ထားသော မေတ္တာကို မီးမောင်းထိုးပြသနေပါသည်။ အလုပ်အကိုင်သစ်ဖန်တီးရေးနှင့် လမ်းပန်းဆက်သွယ်ရေးအပါအဝင် လျှပ်စစ်မီးရရှိရေးကို အဓိကထားလုပ်ဆောင်မည်ဟူသော လူထုအစိုးရ သစ်၏ အနာဂတ်လုပ်ငန်းစဉ်သည် ပြည်သူလူထု၏ အဓိကမျှော်လင့်ချက်ကို ဖြည့်ဆည်းပေးမည်ဖြစ်၍ အနာဂတ်ကာလများ၌လည်း ပိုမိုကြီးမားသော အောင်မြင်မှုများရရှိမည်မှာ မလွဲဧကန်ဖြစ်ကြောင်း လေးစားစွာတင်ပြ အပ်ပါသည်။ ။

No comments:

Post a Comment