Sunday, April 2, 2017

ပြည်တွင်းပြည်ပမီဒီယာများ ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်တို့အတွင်း မြေပြင်ကွင်းဆင်း၍ လွတ်လပ်စွာသတင်းရယူခဲ့



Image may contain: 2 people, people sitting and people standing
စစ်တွေ ဧပြီ ၁
ပြည်တွင်းပြည်ပသတင်းမီဒီယာအဖွဲ့များသည် ယနေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသတင်းရယူပြီး စစ်တွေမြို့နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်သတင်းရယူကြသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့် စည်ပင်သာယာရေးဝန်ကြီးဦးမင်းအောင်တို့သည် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ သတင်းမီဒီယာအဖွဲ့များနှင့်တွေ့ဆုံ၍ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံကိုရှင်းလင်းပြောကြားကြသည်။
ထို့နောက် သတင်းမီဒီယာများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းကြရာ ပြည်နယ်ဝန်ကြီးများက မောင်တောဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်ရေး၊ မဟာဓာတ်အားလိုင်းမရောက်နိုင်သေးသည့် မောင်တော၊ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် စက်သုံးဆီ တိုးမြှင့်သုံးစွဲ၍ လျှပ်စစ်ဓာတ်အား ပိုမိုရရှိရေးအတွက် ဆောင်ရွက်သွားမည့် အခြေအနေနှင့် မလိုအပ်သည့် ကယ်ဆယ်ရေးစခန်းအချို့အား ရုပ်သိမ်းသွားမည့် အခြေအနေတို့ကို ပြန်လည်ဖြေကြားသည်။
မွန်းလွဲပိုင်းတွင် စစ်တွေမြို့နယ်ရှိ ဘောဒူဖ(၁၊ ၂)၊ သက်ကယ်ပြင်နှင့် ဒါးပိုင်ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ပြီး ကွင်းဆင်းသတင်းရယူကြသည်။
အဆိုပါကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ကြသူများအတွက် နေထိုင်စားသောက်မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ စီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း လိုအပ်ချက်များရှိနေဆဲဖြစ်ရာ အများစုက စနစ်တကျ နေရာချထားပေးပြီး ၂ဝ၁၂ ခုနှစ် အစောပိုင်းကာလ အခြေအနေများကဲ့သို့ ပြန်လည်နေထိုင်ခွင့်ရရှိရန် ဆန္ဒရှိနေကြောင်း သိရသည်။
ယင်းနောက် ပြည်တွင်း ပြည်ပသတင်းမီဒီယာအဖွဲ့များသည် ညနေပိုင်းတွင် စစ်တွေမြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက် ရှိကြသည်။
သတင်းမီဒီယာအဖွဲ့တွင် ဘီဘီစီ၊ ဗွီအိုအေ၊ အီးပီအေ၊ တီဗွီအဆာဟိ၊ နိပွန်တီဗွီ၊ ဖူဂျီတီဗွီ၊ ဆင်ထရယ် နယူးဗျူရို၊ ဖရန်တီးယား မြန်မာ၊ ဧရာဝတီ၊ မြဝတီ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြန်မာအင်တာနေရှင်တီဗွီ၊ မြန်မာ့သတင်းစဉ်၊ မြန်မာ့အလင်းနှင့် ကြေးမုံတို့မှ သတင်းမီဒီယာ ၁၈ ဦးဖြင့် စုဖွဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနသတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အထွေထွေမန်နေဂျာ ဦးရဲနိုင် ဦးဆောင်၍ မတ် ၂၈ မှ ဧပြီ ၁ ရက်အထိ ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင် မြို့နယ်များအတွင်း မြေပြင်ကွင်းဆင်း၍ လွတ်လပ်စွာ သတင်းရယူခဲ့ကြခြင်းဖြစ်သည်။
(သတင်းစဉ်)

No comments:

Post a Comment