Sunday, April 2, 2017

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံဆွေးနွေးရန် အီဂျစ်သမ္မတ အယ်လ်စီစီ ကိုင်ရိုမြို့မှ ထွက်ခွာ



Image may contain: 2 people
ကိုင်ရို ဧပြီ ၁
အီဂျစ်သမ္မတ အဗ္ဗဒယ်ဖာတာအယ်လ်စီစီသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံဆွေးနွေးရန် ဧပြီ ၁ ရက်တွင် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့သို့ ထွက်ခွာသွားကြောင်း ယနေ့ရိုက်တာ သတင်းတွင် ဖော်ပြသည်။ အီဂျစ်သမ္မတ အယ်လ်စီစီသည် ၎င်း၏ပြိုင်ဘက်များအား ဖြိုခွင်းခဲ့ခြင်းကြောင့် အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေးတင်းမာခဲ့ပြီးနောက် အီဂျစ်နှင့် အမေရိကန်နှစ်နိုင်ငံအကြား ဆက်ဆံမှုအသစ်များ ပြန်လည်စတင်ရန် ကြိုးပမ်းသည့်အနေဖြင့် အမေရိကန် နိုင်ငံသို့ သွားရောက်ခြင်းဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။
အီဂျစ်သမ္မတ အယ်လ်စီစီသည် ဝါရှင်တန်မြို့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ကမ္ဘာ့ဘဏ်မှ ထိပ်တန်းတာဝန်ရှိသူများအပြင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့မှ တာဝန်ရှိသူများနှင့်ပါ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကာ အီဂျစ်နိုင်ငံ၏ စီးပွားရေး အင်အားချည့်နဲ့နေမှုအပေါ် အဆိုပါအဖွဲ့အစည်းများက ကူညီထောက်ပံ့မှုများပြုလုပ်ရေးအတွက် ဦးစားပေး ဆွေးနွေးသွားမည်ဖြစ်သည်။ ၂ဝ၁၄ ခုနှစ်တွင် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့် အီဂျစ်သမ္မတ အယ်လ်စီစီသည် အမေရိကန်ပြည်ထောင်စုသို့ ပထမဆုံး အကြိမ်အဖြစ် လာရောက်ခြင်းဖြစ်သည်။
အီဂျစ်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်ပြည်ထောင်စု၏ သက်တမ်းရှည်သည့် အရင်းနှီးဆုံး မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုထံမှ နှစ်စဉ်စစ်ရေးအထောက်အပံ့ ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ရရှိနေသည်။ အီဂျစ်နိုင်ငံသည် ဆိုင်းနိုင်းကျွန်း ဆွယ်ဒေသ၌ အစ္စလာမ္မစ်နိုင်ငံထူထောင်ရေးအဖွဲ့(အိုင်အက်စ်)စစ်သွေးကြွများအား ချေမှုန်းတိုက်ခိုက်နေရပြီး ယင်းတိုက်ခိုက်မှုများအတွင်း အီဂျစ်စစ်ဘက်နှင့် ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာသေဆုံးခဲ့ရသည်။
အီဂျစ်နိုင်ငံတွင် သက်တမ်းအရင့်ဆုံးဖြစ်သည့် အစ္စလာမ္မစ်အဖွဲ့အစည်း မွတ်စလင်ညီနောင်များအသင်းအား အီဂျစ်သမ္မတ အယ်လ်စီစီက ဖြိုခွင်းနှိမ်နင်းမှုအပေါ် အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားက ဝေဖန်ပြောကြားခဲ့မှုများကြောင့် နှစ်နိုင်ငံဆက်ဆံရေးတွင် တင်းမာမှုများဖြစ်ပေါ်သည်။
ရိုက်တာ။

No comments:

Post a Comment