Saturday, April 29, 2017

တားဆီးရမည့် အမုန်းစကားများ


မြန်မာ့အလင်းအယ်ဒီတာအာဘော်


 မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်သောပြည်ထောင်စုနိုင်ငံဖြစ်ပါသည်။ ကိုးကွယ်ယုံကြည်ရာဘာသာ နှင့်ပတ်သက်၍ တိုင်းရင်းသားလူမျိုးများကြား မတူကွဲပြားသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။

ထို့အပြင် တိုင်းပြည်၏ဖြတ်သန်းခဲ့သောသမိုင်းကြောင်းနှင့် ပထဝီဝင် အနေအထားတို့အရ ဘာသာမတူ၊ လူမျိုးကွဲပြားသော အိမ်နီးချင်းမျိုးနွယ်တို့ တိုင်းပြည်အတွင်း အခြေချနေထိုင်ခဲ့သည်ကိုလည်း တွေ့ရှိရမည်ဖြစ်ပါသည်။ သို့ဖြစ်၍ ပြည်ထောင်စုကြီးအတွင်း တိုင်းရင်းသားလူမျိုးစုများ အပါအဝင် အခြေချနေထိုင်ကြသော မျိုးနွယ်စုတို့အကြား ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရေးသည် ပြည်ထောင်စု၏ တည်ငြိမ်အေးချမ်းရေးအတွက် အခြေခံလိုအပ်ချက်တစ်ရပ် ဖြစ်ပါသည်။

တိုင်းပြည်၏ဖြတ်သန်းခဲ့သော သမိုင်းကြောင်းကိုပြန်လည်သုံးသပ်ပါ က နိုင်ငံရေးမတည်မငြိမ်ဖြစ်သော ကာလမျိုးတွင် အဖျက်အမှောင့်အင်အားစု တို့၏ သွေးထိုး၍လှုံ့ဆော်မှုကြောင့်ဖြစ်ပွားသော ပဋိပက္ခများမှလွဲ၍ ကျန်သမိုင်းကြောင်းတစ်လျှောက်လုံးတွင် ဘာသာမတူ၊ လူမျိုးကွဲပြားသော ပြည်သူတို့ကြား ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်မှုအား ထိန်းသိမ်းနိုင်ခဲ့သည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ သို့သော် ဤသမိုင်းအမှန်တရားကို လျစ်လျူရှု၍ ရခိုင်ပြည်နယ်ပြဿနာကို အကြောင်းပြုလျက် မြန်မာနိုင်ငံအား ဘာသာ၊ လူမျိုးမတူကွဲပြားမှုကို နားလည်လက်ခံမှု မပြုနိုင်သောနိုင်ငံအဖြစ် အဖျက် အမှောင့်အင်အားစုတို့က ပုံဖျက်တိုက်ခိုက်နေခြင်းသည် ခွင့်မလွှတ်ထိုက်သော ပြစ်မှုကိုကျူးလွန်နေခြင်း ဖြစ်ပါသည်။

အဖျက်အမှောင့်အင်အားစုတို့က ဤကဲ့သို့ ပုံဖျက်တိုက်ခိုက်ရာ၌ အမုန်း စကားတို့ကို ပြောဆိုဖြန့်ဝေမှုသည် အဓိကလက်နက်တစ်ရပ်ဖြစ်ပါသည်။ သို့ဖြစ်၍ အမုန်းစကားတို့ပြောဆိုဖြန့်ဝေမှုကို တားဆီးနိုင်ရေးသည် ပြည်ထောင်စု၏ အရေးကြီးသောလိုအပ်ချက်ဖြစ်ပါသည်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အမုန်း စကားပြောဆိုဖြန့်ဝေမှုများကို တားဆီးကာကွယ်ရန် နိုင်ငံတကာ၏ အကြံ ပြုချက်များရယူရေးဆွဲနေပြီး လွှတ်တော်တွင် အတည်ပြုနိုင်ရေး ဆောင်ရွက် နေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ ကမ္ဘာ့နိုင်ငံတချို့တွင် ဤကဲ့သို့သော ဥပဒေမျိုးပြဋ္ဌာန်းကျင့်သုံးသည်ကို ထောက်ချင့်၍ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် အလားတူဥပဒေမျိုး ပြဋ္ဌာန်းကျင့်သုံးရန် လမ်းညွှန်ခဲ့ခြင်းဖြစ်ပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်နှင့်အညီ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနနှင့် ပူးပေါင်းလျက် ဒီမိုကရေစီနိုင်ငံများ၏ အမုန်းစကားကိစ္စရပ်များနှင့် ပတ်သက်သော အကြံပြုချက်များကိုစုစည်း၍ ဥပဒေမူကြမ်းရေးဆွဲနေသည် မှာ တတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါသည်။ လိုအပ်သောအချက်အလက် များ ပြည့်စုံပါက လုပ်ထုံးလုပ်နည်းနှင့်အညီ နိုင်ငံတော်အစိုးရအဖွဲ့၏ အတည် ပြုချက်ကိုရယူ၍ ထိုမှတစ်ဆင့် လွှတ်တော်၏ ဆွေးနွေးဆုံးဖြတ်အတည်ပြု ချက်ကို ရယူသွားမည်ဖြစ်ပါသည်။ 

သို့ဖြစ်၍ ပြည်ထောင်စု၏ဂုဏ်သိက္ခာနှင့် တည်ငြိမ်အေးချမ်းမှုကို ထောက်ပံ့ပေးမည့် အဆိုပါအမုန်းစကား တားဆီးကာကွယ်ရေးဥပဒေကြမ်း ကို ကြိုဆိုကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ ။

No comments:

Post a Comment