Saturday, April 29, 2017

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပထမတစ်နှစ်တာဆောင်ရွက်ချက်များ ရှင်းလင်းဖြေကြား

Image may contain: 1 person
နေပြည်တော် ဧပြီ ၂၈
နိုင်ငံတော်အစိုးရက ကျန်းမာရေးကဏ္ဍအတွက် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ကျပ်ငွေ ၈၈၁ ဘီလီယံ သုံးစွဲခဲ့ပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် ကျပ်ငွေ တစ်ထရီလီယံကျော်သုံးစွဲရန် ခွင့်ပြုချက်ရရှိထားပြီးဖြစ်ပါကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း က ယနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက တီဘီ၊ HIV၊ ငှက်ဖျား အစရှိသည့် ကူးစက်တတ်သည့်ရောဂါနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ ကင်ဆာရောဂါ အစရှိသည့် မကူးစက်တတ်သည့် ရောဂါများကို တားဆီးကာကွယ်ကုသပေးရေး၊ စိတ်ကျန်းမာရေးစောင့်ရှောက်မှု၊ မတော်တဆနှင့် ထိခိုက်ဒဏ်ရာ ကာကွယ် ကုသရေး စသည့်လုပ်ငန်းများနှင့် ဘဝတစ်လျှောက်လုံးအား ဖြည့်ဆည်းပေး နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ စသည့်အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်း၍ ဟန်ချက်ညီ ဆောင်ရွက်လျက်ရှိပါကြောင်း။
တစ်နိုင်ငံလုံးတွင် ကျေးလက်ကျန်းမာရေးဌာန ၁၇၇၈ ခု ဖွင့်လှစ်ထားရှိပြီး ၇ဝ ရာခိုင်နှုန်းဖြစ်သည့် ၁၂၄၅ ခုတွင် Community Health Clinic များ ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း။
ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အာဟာရဖွံ့ဖြိုးမှုကို သိရှိနိုင်ရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမျိုးသားအာဟာရနှင့် အစားအစာ စားသုံးမှု စစ်တမ်းကို ကောက်ယူသွားမည်ဖြစ်ပါကြောင်း။
တီဘီရောဂါရှာဖွေရာတွင် သိပ္ပံနည်းကျ တိကျစွာ ဖော်ထုတ်သတ်မှတ် နိုင်ရန် ဇီဝလုံခြုံမှု အဆင့်(၃)(Biosafety III Laboratory) ဓာတ်ခွဲခန်းကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် တည်ဆောက်ပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေပါကြောင်း ပြောကြားသည်။
၂ဝ၁၆ ခုနှစ်အတွင်း ခုခံအားကျဆင်းမှု ကူးစက်ရောဂါ လူနာစုစုပေါင်း ၁၂ဝဝဝဝ အထိ တိုးချဲ့ကုသပေးနိုင်ခဲ့ပါကြောင်း၊ မိခင်မှ ကလေးသို့ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ကူးစက်မှုကိုလည်း ကာကွယ်ရန် ၇၉ဝဝဝဝ အထိ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ လူနာများကို ဆေးကုသပေးသည့် ART ဆေးကုသဌာနကိုလည်း ယခုနှစ်အတွင်း ဌာန ၆ဝ အထိ တိုးချဲ့ဖွင့်လှစ်နိုင်သည့်အတွက် စုစုပေါင်း ART ဆေးကုသဌာန ၃ဝဝ အထိ ရှိနေပြီဖြစ်ပါကြောင်း။
အခြေခံကျန်းမာရေးဝန်ထမ်းများသည် ခက်ခဲသည့် ဒေသများသို့ ၉၅၆၉ ကြိမ် ကွင်းဆင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး ကိုယ်ဝန်ဆောင် ၃၆ဝဝ၊ မွေးပြီး မိခင်နှင့် မွေးကင်းစကလေးများအပါအဝင် အထွေထွေ လူနာပေါင်း ၂၁၉ဝဝ အတွက်GAVI က ကျပ်သန်းပေါင်း ၂၁၉ဝ ထောက်ပံ့ခဲ့ ပါကြောင်း၊ ပြည်သူလူထုကို ကျန်းမာရေးဝန်ဆောင်မှု ပိုမိုပေးနိုင်ရန် ကျေးလက်ကျန်းမာရေးဌာန ၈၇ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၄၂၈ ခု တည်ဆောက်ပေးပြီး ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက် နေပါကြောင်း။
အစိုးရသစ်၏ တစ်နှစ်တာကာလအတွင်းတွင် မြန်မာ့ဆေးလောက၏ မှတ်တိုင်အဖြစ် အသည်းအစားထိုးခွဲစိတ်ကုသမှု ခြောက်ကြိမ်၊ လူနာ ၁၉ ဦး အား နှလုံးနှင့် သွေးကြောဆိုင်ရာ အကြီးစားခွဲစိတ်ကုသမှု ၁၉ ကြိမ်၊ ကလေး ကျောက်ကပ်အစားထိုးလဲလှယ်ကုသမှုပေးခြင်း၊ ရိုးတွင်းခြင်ဆီ အစားထိုးကုသမှု ကိုးကြိမ်တို့ကို မြန်မာဆရာဝန်များနှင့် နိုင်ငံတကာမှ ပညာရှင်များနှင့် ပူးပေါင်း ၍ အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတို့ တွင် ဖွင့်လှစ်ထားသည့် Cardiac Cath Lab တွင် ခြောက်လတာကာလအတွင်း နှလုံးရောဂါဝေဒနာရှင် စုစုပေါင်း ၁၃၅၈ ဦးကို စမ်းသပ်ကုသပေးနိုင်ခဲ့ပါကြောင်း၊ အမျိုးသားသွေးဌာနခွဲအနေဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွင်း သွေးတောင်းခံမှု၏ ၉၇ ဒသမ ၅ ရာခိုင်နှုန်းကို စေတနာရှင် သွေးလှူရှင်များက ထောက်ပံ့ပေးနိုင်ခဲ့ပြီး ၂ ဒသမ ၅ ရာခိုင်နှုန်းသာ လူနာရှင်များက ရှာဖွေပေးခဲ့ရ ပါကြောင်း။
ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုဆောင်ရွက်နိုင်ရန်အတွက် သစ်လွင်ဆရာဝန် ၁၇ဝ၇ ဦး၊ သွားဘက်ဆိုင်ရာ ဆရာဝန် ၂၈၁ ဦး အပါအဝင် အမှုထမ်း၊ အရာထမ်း ၁၃၃၇၆ ဦးကို အသစ်ခန့်ထားနိုင်ခဲ့ပါကြောင်း။
ပြည်သူများ အရည်အသွေး ပြည့်ဝသည့် တိုင်းရင်းဆေးများ သုံးစွဲနိုင်ရန် အတွက် တိုင်းရင်းဆေးဝါးများမှတ်ပုံတင်ခြင်း၊ ထုတ်လုပ်ခြင်း၊ ထုတ်လုပ်ခွင့် လိုင်စင် လျှောက်ထားခြင်း၊ သက်တမ်းတိုးဆောင်ရွက်ခြင်းများကို စည်းကမ်း ချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန် အလေးပေးဆောင်ရွက်လျက် ရှိပါကြောင်း။
ဆေးသုတေသနဦးစီးဌာနသည် ပုံမှန်ဆောင်ရွက်နေသည့် သုတေသန လုပ်ငန်းများအပြင် ဗဟိုအဆင့် ဆေးရုံကြီးများသို့ စတင်ရောက်ရှိချိန်တွင် လူနာများစောင့်ဆိုင်းရသော ကြာချိန်နှင့် စပ်လျဉ်းသည့် သုတေသနစာတမ်း၊ ဗဟိုအဆင့်ဆေးရုံကြီးများ၏ ဝန်ဆောင်မှုများအပေါ် လူနာများ၏ စိတ်ကျေနပ်မှု ဆိုင်ရာ သုတေသနလုပ်ငန်းနှင့် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြို့ပြကျန်းမာရေးဌာနများကို ဆန်းစစ်သော သုတေသန လုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။
ဈေးကွက်အတွင်းမှ ဆေးဝါးများကိုစိစစ်ပြီး ပြစ်မှုကျူးလွန်သည့် ဆေးဆိုင် နှင့် လုပ်ငန်းစုစုပေါင်း ၇၅ ခုကို တရားစွဲဆိုခဲ့ပါကြောင်း၊ ပြည်သူများအတွက် အန္တရာယ်ရှိသည့် တရားမဝင်ဆေးဝါးနှင့် သက်တမ်းလွန်ဆေးဝါးများကို ရှာဖွေ ဖော်ထုတ်ခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ငွေကျပ်သိန်း ၈၂၇၁ ကျော်၊ မန္တလေးတိုင်းဒေသကြီးတွင် ကျပ်သိန်းတစ်သောင်းကျော် တန်ဖိုးရှိ ဆေးနှင့် ဆေးပစ္စည်းများကို ဖျက်ဆီးခဲ့ပါကြောင်း၊ တားမြစ်ဓာတုပစ္စည်းပါဝင်သည့် အလှကုန်ပစ္စည်း ၃၇ မျိုးကို ဖော်ထုတ်ဖမ်းဆီးပြီး ဖျက်ဆီးနိုင်ခဲ့ပါကြောင်း။
ွှTownship Sports Development Program (TSDP)အရ မြို့နယ် ၁၅၁ မြို့နယ်တွင် အားကစားနည်းမျိုးစုံပါဝင်သည့် အားကစားပြိုင်ပွဲများကို ကျင်းပနိုင်ခဲ့ပါကြောင်း၊ (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းတွင် အားကစားနည်း ၁၇ မျိုးကို အုပ်ချုပ်သူ၊ နည်းပြ ၇၂ ဦး၊ ကစားသမား ၂၈၈ ဦး၊ GYM၁၃ ဦး၊ နိုင်ငံခြားနည်းပြ ကိုးဦး၊ ရန်ကုန်မြို့တွင် အားကစားနည်း ၁၃ မျိုးကို အုပ်ချုပ်သူ၊ နည်းပြ ၅၉ ဦး၊ အားကစားသမား ၂၅၂ ဦး စခန်းသွင်း လေ့ကျင့်လျက်ရှိပါကြောင်း အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ပြောကြားသည်။
ထို့နောက် ပြည်တွင်းပြည်ပသတင်းမီဒီယာများက မေးမြန်းရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများက ဖြေကြားကြသည်။
မှုခင်းဆေးဆရာဝန်များတိုးတက်ရေး မေးခွန်းနှင့်စပ်လျဉ်း၍ အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ဖြေကြားရာတွင် မှုခင်းဆိုင်ရာ ဆေးစာများ နောက်ကျနေရခြင်းသည် မြန်မာနိုင်ငံ၌ မှုခင်းဆရာဝန်အရေအတွက် နည်းပါးနေသည့်အပြင် မှုခင်းတစ်ခုအပေါ် ဆေးဘက်ဆိုင်ရာအမြင်ပေးရာ၌ စနစ်တကျစစ်ဆေးပြီး မှတ်ချက်ပြုရသည့်အတွက် အချိန်ကြန့်ကြာမှု ရှိပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မှုခင်းဆရာဝန်အရေအတွက် တိုးတက်လာရန် ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်နေပါကြောင်း၊ ထို့ပြင် အရေးပေါ်ကိစ္စရပ်များ အတွက် မှုခင်းဆရာဝန်၏ ဆေးမှတ်ချက် လိုအပ်ပါကလည်း အမြန်ဆုံးရရှိ အောင် ဆောင်ရွက်ပေးနေပါကြောင်း ဖြေကြားသည်။
ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ၏ နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ယခင်က ဇီကာဗိုင်းရပ်စ် ကူးစက် ခံရသူတစ်ဦး တွေ့ရှိခဲ့သော်လည်း စနစ်တကျ ကုသပေးသည့်အပြင် လူနာရှင် အနေဖြင့် သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်ဆေးကုသမှုခံယူခဲ့ပါကြောင်း၊ အဆိုပါ ကူးစက်ခံရသူအပြီးတွင် မြန်မာနိုင်ငံ၌ ဇီကာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားခဲ့ခြင်း မရှိပါကြောင်း၊ ထို့ပြင် ဇီကာဗိုင်းရပ်စ်ရောဂါ၏ နောက်ဆက်တွဲ ဖြစ်စဉ်များ ယခုအချိန်ထိ ဖြစ်ပွားခြင်းမရှိသည့်အပြင် ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိအောင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်နေပါ ကြောင်း ဖြေကြားသည်။
မကူးစက်သောရောဂါများ ကြိုတင်ကာကွယ်နေမှုနှင့်စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန်က မကူးစက်သော(ဆီးချို၊ သွေးချို စသည့်) ရောဂါများ ကာကွယ်ကုသရေးအတွက် ဝန်ကြီးဌာနအနေဖြင့် စီမံချက်များ ရေးဆွဲ ဆောင်ရွက်နေသည့်အပြင် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေပါကြောင်း၊ အဆိုပါ ရောဂါများသည် မြို့ကြီးများတွင်သာမက ကျေးလက်ဒေသများ၌ပါ ဖြစ်ပွားလာသည့်အတွက် ကျေးလက်ကျန်းမာရေးဌာန များ၌ ဆီးချို၊ သွေးချို ရောဂါကုသရေးဆေးဝါးများကို ဖြည့်တင်းကုသပေးလျက် ရှိပါကြောင်း ဖြေကြားသည်။
(သတင်းအဖွဲ့)

No comments:

Post a Comment