Saturday, April 1, 2017

တစ်ပတ်ရစ်ဒုံးပျံယာဉ်ကို စပေ့စ်အိပ်(စ်)အောင်မြင်စွာလွှတ်တင် ဒုံးပျံယာဉ်၏ ဘူစတာဒရုန်းရေယာဉ်ပေါ် ပြန်လည်ဆင်းသက်


Image may contain: sky and outdoor
ဝါရှင်တန် မတ် ၃၁
အမေရိကန်အခြေစိုက် အာကာသနည်းပညာကုမ္ပဏီဖြစ်သော စပေ့စ်အိပ်(စ်)ကုမ္ပဏီသည် တစ်ပတ်ရစ် ဖယ်လ်ကွန်-၉ အမျိုးအစား ရော့ကတ်ဒုံးပျံယာဉ် တစ်စင်းကို အာကာသအတွင်းသို့ ပထမဆုံးလွှတ်တင်ခဲ့ကြောင်း၊ ယင်းနောက် တွင် ဖယ်လ်ကွန်-၉ ဒုံးပျံယာဉ်၏ ပထမအဆင့် ဘူစတာသည် အတ္တလန္တိတ် သမုဒ္ဒရာတွင်းရှိ ဒုံးပျံယာဉ်ပြန်လည်ဆင်းသက်နိုင်သော အာကာသဆိပ်ကမ်း ဒရုန်းရေယာဉ်မျက်နှာပြင်ပေါ်သို့ အောင်မြင်စွာဆင်းသက်ခဲ့ကြောင်း၊ စပေ့စ်အိပ်(စ်)ကုမ္ပဏီအတွက် သမိုင်းဝင်ဆောင်ရွက်ချက်ဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မတ် ၃၁ ရက်တွင် သတင်းထုတ်ပြန်သည်။
လူဇင်ဘတ်နိုင်ငံ အခြေစိုက် ဂြိုဟ်တုဝန်ဆောင်လုပ်ငန်းကုမ္ပဏီ အက်စ်အီးအက်စ်အတွက် ဆက်သွယ်ရေးဂြိုဟ်တုတစ်လုံးကို ကမ္ဘာပတ် လမ်းကြောင်းအတွင်းသို့ လွှတ်တင်ပေးရန် စပေ့စ်အိပ်(စ်)ကုမ္ပဏီက တစ်ကျော့ပြန် ထုတ်လုပ်ထားသော ဒုံးပျံယာဉ်ကို အသုံးပြုခဲ့သည်။ နှစ်ဆင့်ပေါက် ဒုံးပျံယာဉ် ဖြစ်သော ဖယ်လ်ကွန်-၉ ဒုံးပျံယာဉ်ကို မတ် ၃ဝ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၂၇ မိနစ်တွင် ဖလော်ရီဒါပြည်နယ်ရှိ ကနေဒီ အာကာသစခန်းမှ ပစ်လွှတ်ခဲ့သည်။
ဒုံးပျံယာဉ်လွှတ်တင်အပြီး ၁ဝ မိနစ်ခန့်အကြာတွင် ဒုံးပျံယာဉ်၏ ပထမ အဆင့်(ဘူစတာ)သည် အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ရပ်တန့်ထားသော ''Of Course I Still Love You''အမည်ရှိ အာကာသဆိပ်ကမ်း ဒရုန်းရေယာဉ် ၏ ပလက်ဖောင်းပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်။
ယနေ့သည် မိမိတို့အတွက် မယုံနိုင်ဖွယ်ရာ အောင်မြင်မှု ရရှိသောနေ့ရက် ဖြစ်ကြောင်း စပေ့စ်အိပ်(စ်)ကုမ္ပဏီအမှုဆောင်အရာရှိချုပ် အယ်လွန်မတ်က ပြောကြားသည်။
ဆင်ဟွာ။

No comments:

Post a Comment