Sunday, April 2, 2017

ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတို့အနက် ၁၂ ဒသမ ၂၆ ရာခိုင်နှုန်းသာ လာရောက်မဲပေး



Image may contain: 4 people
ရန်ကုန် ဧပြီ ၁
၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ယနေ့ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူတို့အနက် ၁၂ ဒသမ ၂၆ ရာခိုင်နှုန်းသာ လာရောက်မဲပေးခဲ့ကြောင်း အဆိုပါမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သတင်းထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ မဲပေးပိုင်ခွင့်ရှိသူ ၁ဝဝ၆၂၅၂ ဦးရှိပြီး မဲရုံပေါင်း ၉၄၂ ရုံရှိရာ ယင်းတို့အနက် လှိုင်သာယာမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၃၇၈၅၁၆ ဦးနှင့် မဲရုံပေါင်း ၂၆၂ ရုံရှိရာ လာရောက် မဲပေးသူ ၄၆၄၁၈ ဦးသာရှိကြောင်း သိရသည်။
အဆိုပါမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်သူများ ဆန္ဒမဲပေးနိုင်ရန် ရပ်ကွက်နှင့် ကျေးရွာများ အတွင်းရှိ မဲရုံများကို ယနေ့နံနက် ၆ နာရီတွင် စတင် ဖွင့်လှစ်ခဲ့ရာ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် လာရောက်မဲပေးမှုနည်းပါးခဲ့ကြောင်း သိရသည်။
မဲပေးမှုနှင့်ပတ်သက်၍ ''အလုပ်မသွားခင် လာရောက်မဲပေးတာပါ၊ မဲပေးရတာ အဆင်ပြေပါတယ်။ ၂ဝ၁၅ ခုနှစ် တုန်းကလည်း ပေးခဲ့တဲ့အတွေ့အကြုံရှိထားတဲ့အတွက် အခက်အခဲမရှိပါဘူး''ဟု အဆိုပါ မြို့နယ် အမှတ်(၇) ရပ်ကွက်နေ မချိုမာက ပြောသည်။
မဲပေးရာတွင် မဲဆန္ဒရှင်ပြည်သူများ စိတ်အေး ချမ်းသာစွာမဲပေးနိုင်ရေးအတွက် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက စီစဉ်ပေးထားပြီး အရာရှိနှင့် အခြားအဆင့် အပါအဝင် ရဲတပ်ဖွဲ့ဝင်အင်အား ၄ဝဝ တို့က မဲရုံအသီးသီးတွင် လုံခြုံရေးဖြန့်ကြက်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယနေ့ မဲပေးရာတွင် အဆိုပါမြို့နယ် အမှတ်(၁၂) ရပ်ကွက်တွင် မဲဆန္ဒရှင်ကိုယ်စား မဲပေးခဲ့မှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ကိုယ်စား မဲပေးမှုဖြင့်လည်းကောင်း၊ အမျိုးသမီးနှစ်ဦးအား ကိုယ်စား မဲပေးရန်စေခိုင်းမှုဖြင့် လည်းကောင်း ပြည်သူ့ရွေးကောက်ပွဲ ဥပဒေဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်မှုများရှိခဲ့သည့် အပြင် အမှတ်(၄) ရပ်ကွက် FMI City အတွင်းရှိ မဲရုံ တစ်ရုံ၌ မဲပေးပိုင်ခွင့်ရှိသည့် အထောက်အထားခိုင်လုံမှု မရှိဘဲ မဲပေးခြင်းနှင့်ပတ်သက်၍ မဲရုံမှူးအား အသိပေးခြင်း၊ တိုင်ကြားခြင်း၊ မဲရုံ၏ပရဝဏ်(ကိုက် ၅ဝဝ အကွာ)အတွင်း မဲပေးမှုနှင့်ပတ်သက်၍ သံသယဖြစ်ဖွယ် အကြောင်းအရာ များဖြစ်ပွားခြင်းတို့နှင့်ပတ်သက်၍ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးသို့ တိုင်ကြားစာများ ပေးပို့ခဲ့ခြင်းများရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လေးနေရာအတွက် ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အရှေ့)၊ ကော့မှူးနှင့် လှိုင်သာယာမြို့နယ်တို့နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်နေရာအတွက် ဆိပ်ကမ်း၊ လသာ၊ လမ်းမတော်၊ အလုံ၊ ကြည့်မြင်တိုင်၊ ကမာရွတ်နှင့် လှိုင်မြို့နယ်တို့ပါဝင်လျက်ရှိသည်။
လှိုင်သာယာမြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် နိုင်ငံရေးပါတီ ခြောက်ပါတီနှင့် တစ်သီးပုဂ္ဂလနှစ်ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ-ဇော်ကြီး(ပဏီတ)

No comments:

Post a Comment