
အွန်လိုင်းမီဒီယာတစ်ခုဖြစ်တဲ့ အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းက ပြီးခဲ့တဲ့သီတင်းပတ်အတွက် တေးဂီတပညာရှင်ကို ရွေးချယ်ခဲ့ရာမှာတော့ ယခုလအစပိုင်းမှာ သူ့ရဲ့ပထမဆုံးသော တစ်ကိုယ်တော်တေးသီချင်းသစ်ကို စတင်ထုတ်လွှင့်ခဲ့ကာ ဂီတခရီးကို တစ်ဦးတည်းစတင်လျှောက်လှမ်းခဲ့တဲ့ ''One Direction''တေးဂီတအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဟယ်ရီစတိုင်ကို ရွေးချယ်ဖော်ပြခဲ့ပါတယ်။
ဟယ်ရီစတိုင်ဟာ ပြီးခဲ့တဲ့ ဧပြီ ၇ ရက်က သူ့ရဲ့ပထမဆုံးသောတစ်ကိုယ်တော်တေးသီချင်း ''One Direction''ကို စတင်ထုတ်လွှင့်ခဲ့ပြီး ထုတ်လွှင့်ပြီးပြီးချင်းမှာပဲ တေးသီချင်းနဲ့ပတ်သက်ပြီး သူ့ရဲ့ပရိသတ်တွေက ချီးကျူးစကားတွေပြောကြားကြကာ တေးဂီတဝက်ဘ်ဆိုက်ဒ်တွေမှာလည်း ကူးယူမှုအများဆုံးခံခဲ့ရတဲ့ တေးသီချင်းအဖြစ် ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီလိုပထမဆုံးသော တစ်ကိုယ်တော်တေးသီချင်းမှာပဲ အောင်မြင်မှုတွေကြီးစွာရရှိခဲ့တဲ့ ဟယ်ရီစတိုင်ကို ပြီးခဲ့တဲ့ သီတင်းပတ်အတွက် တေးဂီတပညာရှင်အဖြစ် ရွေးချယ်ဖော်ပြခဲ့တာဖြစ်ပါတယ်။
လတ်တလောမှာ အသက် (၂၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗြိတိန်ရဲ့ ကျော်ကြားတဲ့ အမျိုးသားတေးဂီတအဖွဲ့ ''One Direction''မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဟယ်ရီစတိုင်ဟာ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်အတွင်း တေးဂီတအဖွဲ့ရဲ့ အဖွဲ့လိုက် လှုပ်ရှားမှုတွေကို ခေတ္တရပ်နားထားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးတဲ့နောက် တစ်ကိုယ်တော်တေးသံ ရှင်တစ်ဦးအဖြစ် ဂီတခရီးဆက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သူ့ရဲ့ပထမဆုံးသော တစ်ကိုယ်တော် တေးအယ်လ်ဘမ်အတွက် ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပြီး ယင်း တေးအယ်လ်ဘမ်မှာပါဝင်မယ့် တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ ''Sign of the Times''ကို ပထမဆုံး ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ တေးသီချင်းမထုတ်လွှင့်မီက တစ်ကိုယ်တော် တေးသံရှင်တစ်ဦးအဖြစ် ဂီတခရီးလမ်းကို စတင်လျှောက် လှမ်းဖို့အတွက် စိုးရိမ်စိတ်တွေရှိနေခဲ့ပေမယ့် တေးသီချင်း ထုတ်လွှင့်ပြီးနောက်ပိုင်းမှာတော့ ချီးမွမ်းသံတွေနဲ့ အောင်မြင်မှုတွေရရှိခဲ့တဲ့အတွက် တေးအယ်လ်ဘမ်သစ်ထုတ်လွှင့်ဖို့အတွက် အားအင်တွေဖြစ်စေခဲ့တာဖြစ်ပါတယ်။
ထုတ်လွှင့်ခဲ့ပြီးဖြစ်တဲ့ ''Sign of the Times'' တေးသီချင်းဟာ ဟယ်ရီစတိုင်ကိုယ်တိုင် ရေးသားစပ်ဆိုထားတဲ့ တေးသီချင်းတစ်ပုဒ်လည်းဖြစ်တာကြောင့် ပရိသတ်တွေ အနေနဲ့ ဟယ်ရီရဲ့ ဂီတအရည်အသွေး နောက်ထပ် တစ်မျိုးကိုလည်း တွေ့ရှိခွင့်ရခဲ့ပြီဖြစ်ပါတယ်။ ဟယ်ရီစတိုင်ရဲ့ ပထမဆုံးသော တစ်ကိုယ်တော်တေးသီချင်းဟာ ပေါ့ပ်-ရော့ခ်တေးသီချင်းအမျိုးအစားဖြစ်ပြီး ၁၉၇ဝ ပြည့် နှစ်တွေအတွင်း အောင်မြင်ကာ ရေပမ်းစားခဲ့တဲ့ ဗြိတိန် တေးသီချင်းတွေရဲ့ လွှမ်းမိုးမှုတွေရှိနေတာကိုလည်း ခံစားခဲ့ ရပါတယ်။ ''Sign of the Times''ဟာ ခြောက်မိနစ်ခန့် ကြာမြင့်တဲ့ စတူရီယိုတေးသီချင်းတစ်ပုဒ်ဖြစ်ပြီး တေးသံရှင် ဒေးဗစ်ဘိုဝီနဲ့ ပရင့်စ်တို့ရဲ့ တေးသီချင်းတွေနဲ့ အနည်းငယ် တူနေတာကို တွေ့ရကြောင်းလည်း သိရပါတယ်။ ဟယ်ရီ ကိုယ်တိုင်က ဒေးဗစ်ဘိုဝီနဲ့ ပရင့်စ်တို့ရဲ့ ပင်တိုင်ပရိသတ် တစ်ဦးဖြစ်တာကြောင့် သူ့ရဲ့ပထမဆုံးသော တစ်ကိုယ်တော် တေးသီချင်းဟာ ယခင်ကထွက်ရှိခဲ့တဲ့ ''One Direction''ရဲ့ တေးသီချင်းတွေနဲ့မတူဘဲ သူနှစ်သက်အားကျရတဲ့ တေးသံရှင်တွေရဲ့ တေးသီချင်းပုံစံနဲ့ နီးစပ်နေတာ ဖြစ်ပါတယ်။
တေးသီချင်းကို စပ်ဆိုဖြစ်ခဲ့တဲ့ ခံစားချက်နဲ့ပတ်သက် ပြီးလည်း ဟယ်ရီစတိုင်က ယင်းတေးသီချင်းဟာ ရင်သွေးလေးကို မွေးဖွားပေးရင်းက သေလုမျောပါးခံစားနေရတဲ့ မိခင်တစ်ဦးရဲ့နေရာက ခံစားကာ ရေးဖွဲ့ထားတာဖြစ် ကြောင်းလည်း ရိုးလင်းစတုန်းမဂ္ဂဇင်းကြီးနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော်ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။ အဆိုပါအင်တာဗျူးမှာ ဟယ်ရီစတိုင်က ''ဒီတေးသီချင်းဟာ ကလေးတစ်ဦးကို မွေးဖွားပေးနေတဲ့ မိခင်တစ်ဦးရဲ့ အမြင်ရှုထောင့်ကနေ ခံစားရေးဖွဲ့ထားတာ ဖြစ်ပြီး ဒီလိုမီးဖွားနေချိန်မှာပဲ ရှုပ်ထွေးမှုတွေဟာလည်း ရှိနေခဲ့တာဖြစ်ပါတယ်''လို့ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဟယ်ရီက ''မိခင်က ပြောတယ်။ ကလေးကတော့ အဆင်ပြေပါတယ်။ ဒါပေမယ့်လည်း မင်းဒါကို လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။ မိခင်က သူ့ရဲ့ကလေးကို ဘဝကို ရင်ဆိုင်တိုက်ခိုက်ပြီး အနိုင်ယူပါလို့ ပြောဖို့အချိန်တောင် ငါးမိနစ်လောက်ပဲ သူ့မှာ ကျန်နေတော့တာ ဖြစ်ပါတယ်''လို့လည်း တေးသီချင်းရေးဖွဲ့ခဲ့စဉ်က သူ့ရဲ့ခံစားချက်တွေနဲ့ပတ်သက်ပြီးလည်း ရှင်းပြခဲ့ပါတယ်။
''Sign of the Times''ကို ထုတ်လွှင့်ပြီးနောက် ကမ္ဘာတစ်ဝန်းက ပရိသတ်များစွာက ယင်းတေးသီချင်းအတွက် ပြန်ဆိုတေးတွေကိုလည်း အွန်လိုင်းမီဒီယာတွေပေါ်ကနေတစ်ဆင့် သီဆိုဖော်ပြခဲ့ကြပြီး တေးဂီတနဲ့ ပတ်သက်တဲ့ပညာရှင်များစွာကလည်း ဝေဖန်မှုတွေ ပြုခဲ့ကြပါတယ်။ ယင်းတေးသီချင်းထုတ်လွှင့်ပြီး မကြာမီမှာလည်း ဗြိတိန်ရဲ့ တေးဂီတဇယားမှာ ယခင်က သီတင်းပတ် ၁၃ ပတ်ခန့် နံပါတ်တစ်နေရာကို ရယူထားခဲ့တဲ့ အက်ဒ်ရှီရန်ရဲ့ တေးသီချင်း ''Shape of You''ကို ဖြုတ်ချကာ နံပါတ်တစ်နေရာကို ရယူထားနိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ တေးဂီတလောကမှာတော့ ''Sign of the Times''တေးသီချင်းဟာ နာမည်ကျော်တေးဂီတဝက်ဘ်ဆိုက်ဒ် တစ်ခုဖြစ်တဲ့ ဘေဘုတ်ပေါ်က အကျော်ကြားဆုံးသော တေးသီချင်း ၁ဝဝ စာရင်းမှာ နံပါတ်လေးနေရာမှာ ရပ်တည်နေနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။
လာမယ့်လအတွင်းမှာ ဟယ်ရီစတိုင်ရဲ့ ပထမဆုံးသော တစ်ကိုယ်တော်တေးအယ်လ်ဘမ်ကို စတင်ထုတ်လွှင့် သွားမှာဖြစ်ပြီး မကြာသေးမီက ဟယ်ရီက သူ့ရဲ့ပထမဆုံး သောတစ်ကိုယ်တော်တေးအယ်လ်ဘမ်မှာ ပါဝင်မယ့် တေးသီချင်းတွေရဲ့အမည်တွေကိုလည်း ထုတ်ဖော်ပြော ကြားခဲ့တာဖြစ်ပါတယ်။ တေးအယ်လ်ဘမ်သစ်မှာတော့ တေးသီချင်းစုစုပေါင်း ၁ဝ ပုဒ်ပါဝင်နေတာဖြစ်ပြီး ထုတ်လွှင့်ခဲ့ပြီးဖြစ်တဲ့ ''Sign of the Times''တေးသီချင်းအပြင် ပါဝင်နေကြတဲ့ အခြားသောတေးသီချင်းတွေကတော့ တွေကတော့ ''Meet Me in the Hallway''၊ ''Carolina''၊ ''Two Ghosts''၊ ''Sweet Creature''၊ ''Only Angel''၊ ''Kiwi''၊ ''Ever Since New York''၊ ''Woman''နဲ့ ''From the Dining Table'' တို့ဖြစ်ကြကြောင်း သိရပါတယ်။ ဟယ်ရီက သူ့ရဲ့ပထမဆုံးသောတစ်ကိုယ်တော် တေးသီချင်းအတွက် ရုပ်သံဖျော်ဖြေမှုကိုလည်း ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး ''Saturday Night Live''ရုပ်သံအစီအစဉ်မှ တိုက်ရိုက်ထုတ်လွှင့်ခဲ့ရာမှာတော့ ဟယ်ရီစတိုင်က ''Sign of the Times''တေးသီချင်းအပြင် တေးအယ်လ်ဘမ်မှာပါဝင်တဲ့ အခြားသောတေးသီချင်းသစ် တစ်ပုဒ်ဖြစ်တဲ့ ''Ever Since New York''နဲ့ပါ ဖျော်ဖြေခဲ့ ကြောင်းလည်း သိရပါတယ်။
ဟယ်ရီစတိုင်ရဲ့ ပထမဆုံးသော တစ်ကိုယ်တော်တေး အယ်လ်ဘမ်တစ်ခုလုံးကိုတော့ လာမယ့် မေ ၁၂ ရက်မှာ စတင်ထုတ်လွှင့်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။
အေးပြည့်
No comments:
Post a Comment