Monday, April 3, 2017

စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်း ယာယီရပ်နား


Image may contain: 6 people, people standing
ရန်ကုန် ဧပြီ ၂
ပြန်ကြားရေးဝန်ကြီးဌာန၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းက စီစဉ် ဆောင်ရွက်သည့် စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်း ယာယီရပ်နားခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ စနေ-တနင်္ဂနွေရန်ကုန်စာအုပ် လမ်း၌ ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ရန်ကုန်မြို့၌ စာအုပ်စာပေစိတ်ဝင်စားသူ များစွာရှိသည်ကို သိရ ကြောင်း၊ စာပေချစ်မြတ်နိုးသူများအတွက် နေရာတစ်ခု သီးသီးသန့်သန့်ရှိရန် လိုအပ်သည်ဟု ယုံကြည်သည့်အတွက် ကြောင့် ဤစာအုပ်လမ်း ဖြစ်မြောက်ရန် ဆောင်ရွက်ခဲ့ကြ ကြောင်း၊ စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်းကို မျှော်လင့် ထားသည်ထက် ပို၍စည်ကားသည်ကို တွေ့ရသည့်အတွက် ဝမ်းသာကြောင်း၊ စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ် လမ်းလေးမှာ စာပေလောကသားများတွေ့ဆုံ၍ စာပေ ဆွေးနွေးခြင်းများနှင့် စာပေအငွေ့အသက်များ ထုံမွမ်း သည့်နေရာတစ်ခုဖြစ်ရန် မျှော်လင့်ပါကြောင်း၊ စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်းကို စည်ကားသိုက်မြိုက်အောင် ဝိုင်းဝန်းကူညီကြသူများအားလုံးကို ကျေးဇူးတင် ဝမ်းမြောက်မိပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိ သူများအသင်းဥက္ကဋ္ဌ ဒေါက်တာသာထွန်းဦးက စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြပြီး ရန်ကုန်စာအုပ်လမ်းတွင် ဖွင့်လှစ်ရောင်းချသော စာအုပ်ဆိုင်များကိုယ်စား ကိုနေ(မန်း)စာပေမှ ကိုနေ(မန်း)က ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိ သူများအသင်းဥက္ကဋ္ဌက စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်း တွင် ''ဝတ္ထုထဲက ဇာတ်ကောင်များ'' အစီအစဉ်တွင် ပါဝင်ကူညီခဲ့သူ လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်ကိုယ်စား ပြည်သူ့အရေးဂျာနယ် သတင်း ထောက်ချုပ် ဦးကျော်ကျော်ဦး၊ Idea Magazine အယ်ဒီတာချုပ် မောင်မျိုးနှငLion Co., Ltd မှ ဦးမြင့်နိုင် တို့အား ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့်သည်။
''စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်းဟာ စာပေသမား တွေဖြစ်ချင်တဲ့ နေရာလေးပါ။ စာပေတိုက်ပေါင်းများစွာ ပါတဲ့အတွက် ကိုယ်လိုချင်တဲ့စာအုပ်ကို ရနိုင်တယ်။ စာဖတ် ပရိသတ်အတွက်၊ စာပေလောကသားများအတွက် အလွန် ကောင်းတဲ့နေရာလေးပါ'' ဟု စနေ-တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးညွန့်က ပြောသည်။
စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်းကို ဇန်နဝါရီ ၇၊ ၈ ရက်(စနေ-တနင်္ဂနွေ)နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ ရက်သတ္တ ၁၃ ပတ်(၂၆ ရက်)ရှိခဲ့ကြောင်း၊ မကြာမီကာလတွင် မိုးရာသီကျရောက်တော့မည်ဖြစ်သည့်အတွက် ယာယီရပ်နား ခြင်းဖြစ်ကြောင်း၊ ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာလ ကုန်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
သတင်း-ရီရီမြင့်၊ ဥမ္မာသန့်၊
ဓာတ်ပုံ-လှမိုး၊ရဲထွဋ်

No comments:

Post a Comment