Monday, April 3, 2017

ကိုလံဘီယာနိုင်ငံတွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွား၊ လူ ၂၃ဝ ကျော်သေဆုံး


Image may contain: one or more people and outdoor
ဘိုဂိုတာ ဧပြီ ၂
ဧပြီ ၁ ရက်အစောပိုင်းက ကိုလံဘီယာအနောက် တောင်ပိုင်းရှိ မိုကိုရာမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေလျှံမှုများဖြစ်ပွားခဲ့ရာ လူပေါင်း ၂၃ဝ ကျော် သေဆုံးခဲ့ပြီး မြစ်ရေနှင့်အတူပါလာသော ရွှံ့နှင့်နုန်းမြေများက လူနေအိမ်များနှင့် လမ်းမများပေါ်တွင် ပြည့်နှက်လျက်ရှိခဲ့ကြောင်း သိရသည်။
မိုးရွာသွန်းပြီး မြစ်ရေလျှံမှုများသည် နံနက် ၃ နာရီတွင် ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံပြည်သူများ အိပ်စက်အနားယူနေသည့်အချိန်ဖြစ်သည်။ မြစ်ရေနှင့် အတူပါလာသော ရွှံ့နှင့်နုန်းမြေများသည် လူနေအိမ်များ အတွင်းသို့ အမြင့်ပေ တစ်ပေခန့် ဝင်ရောက်ခဲ့သည်။ ကားလမ်းမပေါ်ရှိ မော်တော်ကားများသည် ရေစီးဖြင့် ဦးတည်ရာမဲ့ မျောပါသွားခဲ့သည်။
သမ္မတ ဂျူရန် မာနျူရယ် ဆန်တို့စ်က ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည့် မိုကိုရာမြို့သို့ လာရောက်ခဲ့ပြီး အခြေအနေအရပ်ရပ်ကို ကြည့်ရှုစစ်ဆေးကာ အရေးပေါ်အခြေအနေတစ်ရပ် ထုတ်ပြန်ကြေညာခဲ့သည်။
ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ထောက်ပံ့မှုများပေးမည်ဖြစ်ကြောင်းနှင့် အခြေအနေများ ပုံမှန်အတိုင်းဖြစ်စေရန် အာဏာပိုင်များအနေဖြင့် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်သည်ဟု သမ္မတ ဆန်တို့စ်က ပြောကြားခဲ့သည်။ တပ်မတော်သားများ အပါအဝင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် ထိန်းချုပ်မှုဌာနမှ ကယ်ဆယ်ရေးလုပ်သားများက မြေပြိုမှုများအောက်တွင် ပိမိနေသည့် ပြည်သူများအား ကယ်ဆယ်ပေးခဲ့သည်။
ဧပြီ ၂ ရက်နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သော စာရင်းများအရ ရေကြီးရေလျှံမှုများနှင့် နောက်ဆက်တွဲ ဘေးအန္တရာယ်များ ဖြစ်ပွားမှုတို့ကြောင့် လူပေါင်း ၂၃ဝ ကျော်သေဆုံးခဲ့ပြီး ၂ဝဝ ကျော် ထိခိုက်ဒဏ်ရာရရှိ ကာ အများအပြားပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
အခြားသော သတင်းဌာနများက သေဆုံးသူအရေ အတွက် ၂၅၄ ဦးရှိကြောင်း ဖော်ပြကြသည်။
ကိုလံဘီယာနိုင်ငံတွင် မိုးရာသီ စတင်ဝင်ရောက် ပြီဖြစ်သော်လည်း ယခုရွာသွန်းခဲ့သည့် မိုးသည် သာမန်ထက် ပိုမိုသည်းထန်လျက်ရှိခဲ့သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment