Saturday, April 29, 2017

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ပထမတစ်နှစ်တာ ဆောင်ရွက်ချက်များ ရှင်းလင်းဖြေကြား

Image may contain: 1 person
နေပြည်တော် ဧပြီ ၂၈
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြည်တွင်း၊ ပြည်ပခရီးသွားများ ခရီးသွားသည့်အခါ ပျော်ရွှင်ချမ်းမြေ့ရန်နှင့် စိတ်နှလုံးအေးချမ်းရန် လိုပါကြောင်း၊ ဝန်ဆောင်မှုပေးမည့်ဟိုတယ်၊ သယ်ယူ ပို့ဆောင်ရေး၊ ဧည့်လမ်းညွှန်အားလုံး အရည်အသွေးမြင့်သူများဖြစ်ရန် လိုအပ်ပါ ကြောင်း၊ ကောင်းမွန်သော စွမ်းဆောင်ရည်ရှိသည့် လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်လာရေး ဆောင်ရွက်ခဲ့ပါကြောင်း။
ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပစ်မှတ်အများစုသည် ငွေကြေးများများသုံးနိုင်သည့် ဂျပန်၊ ကိုရီးယား၊ ဥရောပ၊ အမေရိကန်နိုင်ငံသား များဖြစ်ပါကြောင်း၊ အဓိကမှာ နိုင်ငံ၏နာမည်ကို သိရန်လိုအပ်ပါကြောင်း၊ မြန်မာဆိုသည်ကို ခရီသွားများ သိရန်လိုပါကြောင်း၊ တစ်နည်းအားဖြင့် သတင်း ဖြန့်ချိခြင်း အရေးကြီးပါကြောင်း၊ Information ကျယ်ကျယ်ပြန့်ပြန့်သိသွားရန် ပြပွဲများတွင် ခင်းကျင်းပြသနိုင်ခြင်းအပြင် နည်းမျိုးစုံနှင့် ဝက်ဘ်ဆိုက်များက တစ်ဆင့် ဖြန့်ချိရေး လုပ်ငန်းစဉ်များကိုပါ တစ်နှစ်အတွင်း ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း။
လုပ်ငန်းစဉ်များကို ငွေကြေးမရှိဘဲ လုပ်၍မရပါကြောင်း၊ ဘတ်ဂျက်မှာ လည်း အကန့်အသတ်နှင့် ပေးထားခြင်းဖြစ်ပါကြောင်း၊ တစ်နှစ်အတွင်း ပုဂ္ဂလိက၊ အခြားသောဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ လာမည့်နှစ်အတွက် ငွေကြေးကဏ္ဍတွင် ဖြည့်ဆည်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရရှိခဲ့ပါကြောင်း။
ငြိမ်းချမ်းရေးနယ်ပယ်တွင် လက်နက်ကိုင်အဖွဲ့အစည်းများရှိနေသည့် နေရာများတွင် ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများ အများအပြား ရှိနေပါကြောင်း၊ အလားတူ ဥပဒေစိုးမိုးမှုအပြည့်အဝမရသေးသည့်နေရာများတွင် ခရီးသွားလုပ်ငန်းနှင့်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများ ရှိပါကြောင်း၊ ဥပဒေစိုးမိုးမှုအောက်တွင် ယခုထက်ပိုပြီး ပူးပေါင်းဆောင်ရွက်နိုင် သည့် ခရီးသွားဖွံ့ဖြိုးမှု အထောက်အကူပြုလုပ်ငန်းများ လုပ်နိုင်ခဲ့မည်ဆိုပါက ပိုပြီးကောင်းမွန်သည့်ရလဒ်များ ရလာမည်ဖြစ်သည့်အတွက် ပြီးခဲ့သည့် တစ်နှစ်လုံး အခြေခံအားဖြင့် လုပ်ငန်းစဉ်များအားလုံးအပေါ် အားတက်သရော ဆောင်ရွက်ခဲ့ပါကြောင်း။
လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းများအား ဘာသာစကားသင်ပေးနိုင်ခဲ့ပါကြောင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အသိပညာဗဟုသုတရှိရန် သက်ဆိုင်ရာဒေသအသီးသီးတွင် အလုပ်ရုံ ဆွေးနွေးပွဲများ ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ လုပ်ငန်းစဉ် များအပေါ်တွင် ပြည်သူများပါဝင်လာသည်နှင့်အမျှ အထောက်အကူပြု အသိပညာပြန့်ပွား၊ တိုးပွားလာသည့်အတွက် ခရီးသွားလုပ်ငန်းကို ပြည်သူ၏ထောက်ခံမှုပိုပြီး ရရှိလာမည်ဖြစ်ပါကြောင်း။
ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် လူနေမှုမြှင့်တင်ရေးအတွက် ခရီးသွားကဏ္ဍ မှ ကြိုးစားဖော်ဆောင်ခဲ့ပါကြောင်း၊ အဓိကလူနေမှုအဆင့်အတန်း နိမ့်ကျနေ သေးသည့် ကျေးရွာလူထု၊ ဝင်ငွေနည်းပါးနေသေးသည့် ပြည်သူလူထုကို ဝင်ငွေ တိုးပွားလာအောင် ကျေးရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းများ တည်ထောင် ခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ်တွင် ကျေးရွာကို သွားရောက်လည်ပတ် သည့် နိုင်ငံခြားသားများသည် ကျေးရွာအတွင်းရှိ သီးသန့်စီစဉ်ထားသည့် အိပ်ဆောင်များတွင် နေထိုင်ရင်း ပြည်သူလူထု၏ လူနေမှုဘဝကို လေ့လာနိုင်ပါ ကြောင်း၊ ကျေးရွာမှ တည်ခင်းဧည့်ခံသည့် မြန်မာ့ရိုးရာစားသောက်စရာများကို စားသောက်ပြီး လူနေမှုဘဝကို လေ့လာနိုင်မည်ဖြစ်ပါကြောင်း၊ ဒေသ၏ ရိုးရာပစ္စည်းများ ထုတ်လုပ်မှုနှင့် ချက်ပြုတ်စားသောက်သည့် လူနေမှုပုံစံများကို လေ့လာနိုင်မည်ဖြစ်ပါကြောင်း။
ကမ္ဘာကြီး၏ ခရီးသွားသည့်ပုံစံသည် အပန်းဖြေဟိုတယ်ကြီးများတွင် တည်းခိုရေးလုပ်ငန်းစဉ်များအပြင် ပြည်သူနှင့် ထိတွေ့ခြင်းဆိုသည့် လုပ်ငန်း စဉ်များ ပိုပြီးခေတ်စားလာသည့်အတွက် ထိုဒေသတွင်ရှိသည့် ပြည်သူလူထု အတွက် ဝင်ငွေရရှိမည်ဖြစ်ပါကြောင်း၊ ဈေးကွက်ရှာဖွေရေးနှင့် မြှင့်တင်ရေး အတွက် နိုင်ငံတကာတွင် ကျင်းပသည့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပွဲတော်များ၊ ပြခန်းများတွင် လိုက်လံပါဝင်ပြသခဲ့ပါကြောင်း၊ ထိုသို့ပြသခဲ့သည့်အတွက် အခြား နိုင်ငံများမှ ခရီးသွားမြှင့်တင်ရေးအတွက် ဈေးကွက်အား မည်သို့မြှင့်တင်နေ သည်ကို ပုဂ္ဂလိကအားလုံး အရင်ကထက် ပိုပြီးသိလာပါကြောင်း၊ ထိုပွဲလမ်း များမှတစ်ဆင့် မြန်မာနိုင်ငံ၏ အကျိုးအကြောင်းနှင့် မြန်မာနိုင်ငံတွင် ခရီးသွား ရေးအတွက် ဆွဲဆောင်မှုအများအပြားရသည်ဆိုသည်ကို သက်သေပြနိုင်ခဲ့ပါ ကြောင်း။
စီးပွားရေးလုပ်ငန်းလုပ်နေသည့် လုပ်ငန်းလေးခုဖြစ်သည့် ဟိုတယ်လိုင်စင်၊ ခရီးသွားလှည့်လည်ရေးလုပ်ငန်းလိုင်စင်၊ ပို့ဆောင်ရေးလုပ်ငန်းလိုင်စင်နှင့် ဧည့်လမ်းညွှန်လုပ်ငန်း လိုင်စင်များပေးပါကြောင်း၊ မိမိတို့အနေဖြင့် ပိုမိုပြီး တိုးတက်မြင့်မားစွာ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် လိုင်စင်များ ချမှတ်ပေးနိုင်ခဲ့ပါကြောင်း၊ လုပ်ငန်းများသည် အလားအလာကောင်းသည့် လုပ်ငန်းဖြစ်သည့်အတွက် နိုင်ငံတစ်နံတစ်လျားရှိ စီးပွားရေးလုပ်ငန်း လုပ်ကိုင် လိုသူများမှာ ခရီးသွားလုပ်ငန်း၏အောက်တွင် ဆက်စပ်နေသည့် စီးပွားရေး လုပ်ငန်းများကို လိုင်စင်လျှောက်ကြပြီး ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ညွန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြန်လည်ဖြေကြားသည်။
ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်းဆိုင်ရာ မေးခွန်းနှင့်စပ်လျဉ်း၍ မြိုင်ဒေသသို့ နိုင်ငံခြားသားများ လာရောက်ရခြင်းသည် ကျေးရွာ၏ ဝန်ဆောင်မှု များအား ခရီးသွားများက အထူးနှစ်ခြိုက်သည့်အတွက် ဖြစ်ပါကြောင်း၊ ကျေးရွာ သို့ လာရောက်ကြသည့် နိုင်ငံခြားသားများအနေဖြင့် ရိုးရာယဉ်ကျေးမှု ဒေသဓလေ့ထုံးစံများအပြင် ကျေးလက်နေပြည်သူများ၏ နေ့စဉ်လုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခွင့်ရသည့်အတွက် ပိုမိုနှစ်ခြိုက်ကြသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ကျေးရွာအခြေပြု ခရီးသွား လုပ်ငန်းများ ဆောင်ရွက်သည့်အတွက် ဒေသခံပြည်သူများအတွက် ထိုက်သင့် သည့် ငွေကြေးဝန်ဆောင်မှုများရရှိသည့်အပြင် ဒေသထွက် ဒေသန္တရစားသောက် ကုန်များနှင့် လက်မှုပစ္စည်းများကိုလည်း ရောင်းချရပါကြောင်း၊ အဆိုပါ ဒေသ သို့ နှစ်စဉ်ခရီးသွားဧည့်သည်များ တိုးတက်လာရောက်လျက်ရှိပါကြောင်း၊ ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်းသည် လာရောက်သည့် နိုင်ငံခြားသား ဧည့်သည်များ စိတ်ချမ်းမြေ့ပြီး ပြည်သူများအတွက်လည်း ဝင်ငွေနှင့် အလုပ် အကိုင်အခွင့်အလမ်းများရရှိသည့် နှစ်လမ်းသွား ကောင်းမွန်သည့် လုပ်ငန်း ဖြစ်သည့်အတွက် အနာဂတ်တွင် ယခုထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းြေ
ဖကြားသည်။
မိုးရာသီ ခရီးသွားမြှင့်တင်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ မိုးရာသီကာလ ခရီးသွားမြှင့်တင်ရေးလုပ်ငန်းကို ဖော်ဆောင်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ ပုဂ္ဂလိက ကဏ္ဍများနှင့်ပူးပေါင်းပြီး ဆွေးနွေးဆောင်ရွက်နေပါကြောင်း၊ မြန်မာနိုင်ငံ၏ မိုးရာသီကာလဖြစ်သည့် ဇွန်၊ ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလ များသည် ဥရောပ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား အစရှိသည့် နိုင်ငံများ၏ အားလပ်ချိန် နွေဦးကာလဖြစ်သည့်အတွက် ၎င်းအချိန်ကို အဓိကထား စီစဉ် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း ဖြေကြားသည်။
ပုဂံ - အန်ကောဝပ် ခရီးစဉ်တစ်ခုနှင့်စပ်လျဉ်း၍ မြန်မာ - ကမ္ဘောဒီးယား နှစ်နိုင်ငံ အကြားရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဒေသနှစ်ခုဖြစ်သော ပုဂံ - အန်ကောဝပ် ဒေသနှစ်ခုအား ခရီးစဉ်တစ်ခုအဖြစ် သတ်မှတ်နိုင်ရန် ဆွေးနွေးလျက်ရှိပါကြောင်း၊ အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်နိုင်ပါက ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံ ပုဂံဒေသအား လည်ပတ်ပြီး ပါက ကမ္ဘောဒီးယားနိုင်ငံရှိ အန်ကောဝပ်ဒေသသို့ ဆက်လက်လှည့်ပတ်နိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ယင်းအစီအစဉ်ကို အမြန်ဆုံး အကောင် အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းပြီး ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂံ - အန်ကောဝပ် ခရီးစဉ်တစ်ခု အစီအစဉ်အတွက် လိုအပ်သည့် လေကြောင်းတိုက်ရိုက်ပြေးဆွဲနိုင်ရေးအပြင် ပုဂံလေဆိပ်ကို နိုင်ငံတကာ ဝင်/ထွက်ပေါက်အဖြစ် စီစဉ်ဆောင်ရွက်နေပါ ကြောင်း ဖြေကြားသည်။
(သတင်းအဖွဲ့)

No comments:

Post a Comment