Friday, April 28, 2017

တောင်သူလယ်သမားများ စိုက်ပျိုးရာသီ အချိန်မီစိုက်ပျိုးနိုင်ရန် စိုက်ပျိုးစရိတ်ချေးငွေများ တိုးတက်ထုတ်ချေးနိုင်ရေး ဆောင်ရွက်လျက်ရှိ




Image may contain: 3 people, people sitting and text
 နေပြည်တော် ဧပြီ ၂၇


 တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ စုံညီ အစည်းအဝေး (၁/၂ဝ၁၇)ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေး နှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ အခန်း ၂ ၊ ပုဒ်မ ၃ တွင် ဥပဒေ၏ အနှစ်သာရ ရည်ရွယ်ချက် (၅)ရပ်ဖြစ်သည့် အရင်းအနှီးရရှိရေးအတွက် တောင်သူလယ်သမားများအား သင့်လျော်သော ချေးငွေနှင့် အကူအညီများပေး၍ အထောက်အကူပြုရန်၊ ထုတ်လုပ်မှုတိုးတက်ရေးအတွက် တောင်သူလယ်သမား များအား နည်းပညာ၊ သွင်းအားစုနှင့် ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာတို့ကို လွယ်ကူအဆင်ပြေစွာ ပံ့ပိုးပေးနိုင် ရေး စီမံဆောင်ရွက်ရန်၊
လယ်ယာထုတ်ကုန်များ ရောင်းချရာတွင် သင့်တင့်မျှတသည့် ဈေးနှုန်းနှင့် ဈေးကွက် ရရှိရေးတို့အတွက် တောင်သူလယ်သမား များကို ကူညီဆောင်ရွက်ရန်၊ လုပ်ကွက် ငယ် တောင်သူလယ်သမားများ၏ အခွင့် အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးကို ထိရောက်စွာဆောင်ရွက် ရန်၊ သဘာဝဘေးအန္တရာယ် တစ်စုံတစ်ရာ ကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ထိခိုက် နစ်နာမှုများအတွက် ကူညီထောက်ပံ့မှု များကို အတတ်နိုင်ဆုံး အထောက်အကူ ပြု ပံ့ပိုးရန်တို့ကို ပြဋ္ဌာန်းထားပါကြောင်း။

ထောက်ပံ့ကူညီပေးနိုင်ခဲ့
ဥပဒေ ပြဋ္ဌာန်းချက်များကို အောင်မြင်အောင် အကောင်အထည် ဖော်နိုင်ရေးအတွက် ဥပဒေအခန်း (၃)၊ ပုဒ်မ(၅)တွင် ပြဋ္ဌာန်းထားရှိသည့် ဦးဆောင်အဖွဲ့၏ လုပ်ငန်းတာဝန်များကို မြေပြင်တွင် လက်တွေ့အကောင်အထည် ဖော် ဆောင်ရွက်ရန် အားလုံးဝိုင်းဝန်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး ဖြစ်ကြောင်း၊ ၂ဝ၁၆ ခုနှစ် သဘာဝဘေးအန္တရာယ် ကြောင့် ပျက်စီးဆုံးရှုံးထိခိုက်နစ်နာခဲ့ သည့် တောင်သူများအား ပံ့ပိုးကူညီနိုင် ရေး ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်သီးသန့် ရန်ပုံငွေမှ ၂ဝ၁၆-၂ဝ၁၇ ခု ဘဏ္ဍာရေး နှစ်အတွင်း ပျက်စီးသွားသော သီးနှံများ အား ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရန် ငွေကျပ် ၄၆၇၁ သန်း၊ တာတမံများ ပြန်လည်ပြုပြင်နိုင်ရန် ငွေကျပ် သန်း ၄၁၉ဝ နှင့် လမ်းတံတားများ ပြန်လည် ပြုပြင်နိုင်ရန် ငွေကျပ် ၂၄၇၁ သန်းကို ထောက်ပံ့ကူညီပေးနိုင်ခဲ့ကြောင်း။

ပုဂ္ဂလိကလုပ်ငန်းရှင်များပါ ဖိတ်ခေါ်
တောင်သူလယ်သမားများ စိုက်ပျိုး ရာသီ အချိန်မီစိုက်ပျိုးနိုင်ရန် စိုက်ပျိုး စရိတ်ချေးငွေများကို တိုးတက်ထုတ်ချေး နိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ ယခင် က မိုးစပါး တစ်ဧကလျှင် တစ်သိန်းကျပ်နှုန်းမှ ၂ဝ၁၆-၂ဝ၁၇ ခုနှစ် မိုးရာသီမှစ၍ တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းအထိ တိုးမြှင့်ထုတ်ချေးနိုင်ခဲ့ပြီး အခြားသီးနှံ များအတွက် ယခင် တစ်ဧကလျှင် နှစ်သောင်းကျပ်နှုန်းမှ ၂ဝ၁၇-၂ဝ၁၈ ခုနှစ် မှစ၍ တစ်ဧကလျှင် ငါးသောင်းကျပ်နှုန်း အထိ တိုးတက်ထုတ်ချေးနိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေ၏ ရည်ရွယ်ချက်များနှင့် ဥပဒေပါပြဋ္ဌာန်း ချက်များကို ပြည့်မီထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရေးအတွက် ပြည်ထောင်စုအဆင့် ဝန်ကြီး များ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များနှင့် အစိုးရမဟုတ်သော အသင်း အဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်သည့် လုပ်ငန်းကော်မတီများ၊ လုပ်ငန်းအဖွဲ့များ အနေဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များပါ ဖိတ်ခေါ် ပါဝင်စေလျက် ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်း အကောင်အထည်ဖော် ဆောင် ရွက်ကြရန်မှာ အလွန်အရေးကြီးသော လက်ငင်းလိုအပ်ချက်ဖြစ်ကြောင်း။

တောင်သူများနှင့် အကျိုးတူပူးပေါင်း
မျိုးစေ့ထုတ်လုပ်ငန်း၊ အရည်အသွေး ကောင်းသီးနှံ ထုတ်လုပ်ရေးလုပ်ငန်းများ ကို ပုဂ္ဂလိကလုပ်ငန်းရှင်များအား ဖိတ်ခေါ် ၍ တောင်သူများနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်သည့်စနစ် (Contract Farming) ကို ပီပြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်ပေးရန်လည်း လိုအပ်လျက်ရှိကြောင်း၊ ထို့ပြင် အကောင် အထည်ဖော်ရာတွင် လိုအပ်သည့် ငွေကြေးအရင်းအနှီး လိုအပ်ချက်များကို လည်း စိတ်ပါဝင်စားသော ပြည်တွင်း၊ ပြည်ပဘဏ် လုပ်ငန်းရှင်များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးရန်လည်း လိုအပ် မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အဓိကအခြေခံ သော နိုင်ငံတစ်နိုင်ငံဖြစ်သည့်အပြင် လူဦးရေ၏ ၇ဝ ရာခိုင်နှုန်းသော ကျေးလက်နေ တောင်သူလယ်သမား များသည်သာ လယ်ယာကဏ္ဍတွင် တည်မီနေကြသည်မဟုတ်ဘဲ မြို့ကြီး ပြကြီးများတွင် နေထိုင်သူအများစုမှာ လည်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များနှင့် ဆက်စပ်နေပြီး လယ်ယာနှင့် မွေးမြူရေးကဏ္ဍ ထွက်ကုန်များပေါ်တွင် တည်မှီလျက်ရှိနေကြသည် ဖြစ်သည့် အတွက် တောင်သူလယ်သမားများ၏ အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေးလုပ်ငန်းများကို အရှိန် အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ
ထို့နောက် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက တောင်သူ လယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ လယ်ယာ ထွက်ကုန်မြင့်မားရေးတို့အတွက် ကဏ္ဍအလိုက် ဆောင်ရွက်နေမှုများ၊ ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

အကြံပြုဆွေးနွေး
ယင်းနောက် နေပြည်တော် ကောင်စီဝင်၊ တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်များက တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် တောင်သူလယ်သမား များ၊ စိုက်ပျိုးထုတ်လုပ်သူများ၊ မွေးမြူ ရေးလုပ်ကိုင်သူများ အကျိုးစီးပွားမြှင့်တင် ရေးအတွက် ဒေသအလိုက်ဆောင်ရွက် ပေးရန်လိုအပ်ချက်များ၊ ဆောင်ရွက်သင့် သည့်အချက်များကို ကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဦးဆောင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများနှင့် တက်ရောက် လာကြသူများက တောင်သူလယ်သမား များ အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ရေရှည်၊ ရေတို ဆောင်ရွက်ရမည့်အချက် များ၊ အနာဂတ်ကာလအတွက် မျှော်မှန်း ဆောင်ရွက်ရမည့် လိုအပ်ချက်များကို အကြံပြုဆွေးနွေးကြသည်။

ထို့နောက် ဦးဆောင်အဖွဲ့ အဖွဲ့ ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ယခု အစည်းအဝေးရလဒ် များကို လက်တွေ့နယ်ပယ်တွင် ကြိုးစား အကောင်အထည်ဖော်ဆောင်ရွက်သွား စေလိုကြောင်း၊ အစည်းအဝေးကိုလည်း လိုအပ်ချက်အပေါ် မူတည်ပြီး ပြုလုပ်သွား မည်ဖြစ်ကြောင်း ပြောကြားသည်။ 

တက်ရောက်
အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များ၊ နေပြည်တော်ကောင်စီဝင်၊ မြန်မာနိုင်ငံ တော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်း အတွင်းဝန်များ ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment