Saturday, April 29, 2017

ကြေးမုံသတင်းစာ နှစ်(၆ဝ)ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပ

Image may contain: one or more people and crowd
ရန်ကုန် ဧပြီ ၂၈
ကြေးမုံသတင်းစာကို သတင်းစာသမား လူငယ်၊ လူလတ်ပိုင်းများ တက်တက် ကြွကြွဖြင့် စုပေါင်းပြီး ထူထောင်ခဲ့ကြပါကြောင်း၊ မြန်မာ့သတင်းစာလောကတွင် တကယ်ပြောင်းလဲသွားသောသတင်းစာတစ်စောင်အဖြစ် ထူထောင်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြောကြားခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ ကြေးမုံ သတင်းစာ နှစ်(၆ဝ)ပြည့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိSky Star ဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက ကြေးမုံသတင်းစာ၏ သမိုင်းကြောင်းကို ယနေ့ထုတ် ကြေးမုံသတင်းစာ၌ အချပ်ပိုအနေဖြင့် ဝေဝေဆာဆာဖော်ပြထား သည်ကို တွေ့ရပါကြောင်း၊ထူထောင်စဉ်က အကြောင်းများသည် သတင်းသမား များလောက၌ အင်မတန်ပြောစမှတ်ပြုစရာ သမိုင်းတစ်ခုဖြစ်ခဲ့ပါကြောင်း၊ သမိုင်းကြောင်းကိုပြောရလျှင် သတင်းသမားများအတွက် အင်မတန် အားတက် စရာဖြစ်ရပ်တစ်ခုအနေဖြင့် အမှတ်ရကြမည်ဖြစ်ပါကြောင်း ပြောကြားသည်။
မိမိကိုယ်တိုင် သတင်းစာများကို စတင်ဖတ်ရှုတတ်ခဲ့သည့်အရွယ်မှစ၍ ကြေးမုံသတင်းစာကို စတင်ထိတွေ့ခဲ့သည်ဟု အောက်မေ့ယူဆမိပါကြောင်း၊ ထိုအချိန်သည် သတင်းစာအများအပြားထွက်ရှိခဲ့သည့် ခေတ်ကာလဖြစ်ပါ ကြောင်း၊ ယင်းအချိန်ကာလတွင် ကြေးမုံသည် အထင်ရှားဆုံးသတင်းစာအဖြစ် ရှိခဲ့သည်ကို တွေ့ရပါကြောင်း၊ ယခုပြန်ကြည့်ချိန်တွင်လည်း ဟုတ်မှန်သည် ကိုတွေ့ရပါကြောင်း၊ ကြေးမုံသည် စောင်ရေအများဆုံးဖြစ်ကာ ကျန်သည့် သတင်းစာ တော်တော်များများ ပေါင်းထားခြင်းထက်ပင် ပိုများနေသည်ကို အကြမ်းဖျင်းတွေ့ရပါကြောင်း၊ ထိုစဉ်က မှတ်မိသရွေ့ ကြေးမုံသတင်းစာတွင် ပင်တိုင်ဆောင်းပါးရှင် ဆရာ ဇဝန၏ အရေးအသားများကို မှတ်မိနေပါကြောင်း၊ ဆရာအောင်ရှိန်၏ ကြေးမုံခင်၊ ဆရာကြီး ဦးဖေသိန်းက နိုင်ငံရေးကာတွန်းများ ရေးသည်ကို မှတ်မိနေပါကြောင်း၊ မိမိနေထိုင်ရာ သံတွဲမြို့သို့ သတင်းစာများ ကို လေယာဉ်ဖြင့် ပို့ဆောင်ပြီး ကြေးမုံသတင်းစာသည် စောင်ရေအများဆုံး ပါရှိပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၁၉၆၂ ခုနှစ်ခန့်တွင် ပုဂ္ဂလိက သတင်းစာများ၏ လွတ်လပ်ခွင့်များ မှေးမှိန်သွားပြီး ယင်းနောက်ပိုင်းတွင် ကြေးမုံသတင်းစာသည် အစိုးရသတင်းစာဖြစ်လာခဲ့ပါကြောင်း၊ ယနေ့ အစိုးရ သတင်းစာဆိုခြင်းနှင့်ပတ်သက်ပြီး စဉ်းစားမိသည်မှာ အစိုးရသတင်းစာ ဟုပြောသည့်နေရာတွင် အဓိပ္ပာယ်အနည်းငယ်ကွဲလွဲမှုရှိပါကြောင်း၊ မိမိအထင် အစိုးရသတင်းစာစစ်စစ်သည် ၁၉၆၃-၆၄ ခုနှစ် လုပ်သားပြည်သူ့နေ့စဉ်၊Working People Daily တို့သည်သာ အစိုးရသတင်းစာ အာဘော်စစ်စစ် များ ဖြစ်သည်ဟုယူဆပါကြောင်း။
ကြေးမုံ၊ မြန်မာ့အလင်းသတင်းစာတို့သည် ယနေ့ အစိုးရသတင်းစာဖြစ်နေ ခြင်းမှာ သမိုင်းကြောင်းအရဆက်လက်ပြောင်းလဲလာပြီး ဖြစ်ပေါ်လာသည် ဟု မြင်ပါကြောင်း၊ ပေါ်ထွန်းလာသည့်ရည်ရွယ်ချက်မတူညီသည်ကို ပြောကြား လိုခြင်းဖြစ်ပါကြောင်း။
သို့သော် နောက်ပိုင်း လုပ်သားပြည်သူ့နေ့စဉ်နှင့်Working People Daily သတင်းစာတို့မရှိသည့်အခါ ကြေးမုံ၊ မြန်မာ့အလင်းသတင်းစာတို့ သည် အစိုးရသတင်းစာကဲ့သို့ ဆောင်ရွက်နေပါကြောင်း၊ ယနေ့ခေတ်ရောက်လာ ချိန်တွင် ကြေးမုံ၊ မြန်မာ့အလင်းသတင်းစာတို့ကို အစိုးရသတင်းစာဟုပြောကာ အစိုးရ၏ နိုင်ငံရေးဆောင်ရွက်ချက်များကို အများပြည်သူသို့အသိပေးသည့် ကြားခံတစ်ခုဖြစ်သည်မှာမှန်သော်လည်း နဂိုမူလက ပေါ်ပေါက်ခဲ့သည့် လုပ်သား ပြည်သူ့နေ့စဉ်သတင်းစာတို့လို အာဘော်တစ်ရပ်ကိုဖြန့်ချိနေသည့် အနေ အထားမဟုတ်ကြောင်းကို ပြောလိုပါကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက လက်ရှိအစိုးရသတင်းစာများ၏ ရပ်တည်ချက် များနှင့် စပ်လျဉ်း၍ ကြေးမုံသတင်းစာသည် ယနေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ယူပြီး ဆောင်ရွက်နေရသည့် သတင်းစာဖြစ်ပါကြောင်း၊ ကြေးမုံ သတင်းစာသည် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များကို အများပြည်သူ သိရန် အစီရင်ခံသည့် အလုပ်လုပ်ရုံမက တိုင်းပြည်တွင် ဘာတွေဖြစ်ပျက်နေ သနည်းဆိုသည်ကို ပြည်သူရော၊ အစိုးရကိုပါ အသိပေးနေသည့် အလုပ်လုပ်နေပါကြောင်း၊ အစိုးရနှင့် ပြည်သူကြား ပေါင်းကူးသည့်အပြင် တိုင်းပြည်တွင် သတင်းအချက်အလက်အကြောင်းအရာများနှင့် ပတ်သက်၍ အများသူငါသိအောင် အသိပေးသည့်လုပ်ငန်းကို ပြန်ကြားရေးဆိုသည့်ဌာန တစ်ခုအနေဖြင့် ဆောင်ရွက်နေကြခြင်းဖြစ်ပါကြောင်း၊ သို့သော်အစိုးရအဖွဲ့ အစည်းက ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် သာမန်အားဖြင့် အစိုးရသတင်းစာ ဟုလည်း ပြော၍ရပါကြောင်း၊ သို့သော် ဝါဒတစ်ခုကိုဖြန့်ချိရန်အတွက် ယန္တရားတစ်ခုမဟုတ်သည်ကို ပြောလိုပါကြောင်း။
ယနေ့သတင်းစာလောကကို ကြည့်ပါက အဖွဲ့အစည်းမှ သတင်းဖြန့်ချိရေး အတွက် အများပြည်သူသို့အသိပေးရန် ထူထောင်နေသည့် မြန်မာ့အလင်း၊ ကြေးမုံ၊The Global New Light of Myanmar သတင်းစာတို့ ရှိသကဲ့ သို့ ပုဂ္ဂလိကများအနေဖြင့် မိမိအယူအဆ၊ မိမိအမြင်အမျိုးမျိုးဖြင့် ဖြန့်ချိနေသည့်သတင်းစာများရှိပါကြောင်း၊ အွန်လိုင်းဟုဆိုရာတွင်လည်း သတင်းစာဟု ပြော၍ရသည့် အလုပ်များကိုလုပ်နေကာ နာမည်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုး တို့ဖြင့် တစ်ဦးချင်းအလျောက် ထင်ရှားလျှင်ထင်ရှားသလို လူများက များများ ဖတ်ရှုနေသည့် သတင်းစာများကဲ့သို့ သက်ရောက်နေသည့်အနေအထားမျိုး များရှိပါကြောင်း၊ ဆိုလိုသည်မှာ ယနေ့သည် လွတ်လပ်စွာ ရှင်သန်နေ သည့်ကာလဟု ပြောလိုပါကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ကြေးမုံဝိုင်းတော်သူ ဝိုင်းတော်သား များနှင့်အတူ အများပြည်သူအတွက် သတင်းအချက်အလက်အမှန်များ ဖြန့်ချိပေးနိုင်ရေးဆိုသည့်တာဝန်ကို ဆက်လက်ထမ်းဆောင်ရန်ရှိပြီး ယင်းသည် သမိုင်းအရ ဖြစ်ပေါ်လာသည့်အတိုင်း ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ တစ်ချိန်တည်း၌ စာနယ်ဇင်းများ လွတ်လပ်စွာတည်ထောင်နိုင်ခွင့်၊ ထုတ်လုပ် နိုင်ခွင့်များရှိသည့် ကာလဖြစ်ခြင်းကြောင့် တစ်နေ့ ကြေးမုံသတင်းစာကဲ့သို့ အင်မတန်ထင်ရှား သြဇာကြီးမားသည့် သတင်းစာထူထောင်နိုင်သည့် အခွင့် အလမ်းနည်းတူ မည်သည့်စာနယ်ဇင်းသမားများမဆို အခွင့်အလမ်းရှိနေသည်ဟု မြင်ပါကြောင်း။
ထို့ကြောင့် ကြေးမုံကို သမိုင်းပြောင်းလဲမှုအားလျော်စွာ တာဝန်ယူထားရ သည့် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ကြေးမုံသတင်းစာကို တင့်တောင့် တင့်တယ် သတင်းစာ၊ အများပြည်သူယုံကြည်အားကိုးသည့်သတင်းစာဖြစ် အောင် ဆောင်ရွက်သွားမှာဖြစ်သလို ကြေးမုံသတင်းစာကဲ့သို့သော သတင်းစာ မျိုးပေါ်ပေါက် အောင်ဆောင်ရွက်မည့် လူငယ်များ၊ စာနယ်ဇင်းသမားများသည် ပေါက်မြောက် အောင်မြင်အောင် ထမ်းဆောင်နိုင်ကြပါစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ကြေးမုံသတင်းစာသမိုင်းကြောင်းကို Video Clip ဖြင့် ပြသပြီး ကြေးမုံသတင်းစာတိုက် တည်ထောင်ရာတွင် ပါဝင်ခဲ့သူ ဆရာကြီး ဦးသော်က မုဒိတာစကားပြောကြားသည်။
ဆက်လက်၍ ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာတိုက်တွင် စာတည်းမှူး ချုပ် တာဝန်ယူခဲ့သူ ဦးရဲမြင့်ဖေ၊ ကြေးမုံသတင်းစာတိုက်တွင် စာတည်းမှူးချုပ် တာဝန်ယူခဲ့သူ ဦးမြင့်ဆွေနှင့် ဆောင်းပါးရှင် ဦးခင်မောင်ဌေး (ပညာရေး)တို့က မုဒိတာစကားများပြောကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာ ကြသော ဧည့်သည်တော်များ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယနေ့အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ သတင်းစာဆရာကြီးများ၊ စာရေးဆရာများ၊ ဆောင်းပါးရှင်များနှင့် ကြေးမုံ သတင်းစာတိုက်မှ ဝိုင်းတော်သူ ဝိုင်းတော်သားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ကြေးမုံသတင်းစာကို ၁၉၅၇ ခုနှစ် ဧပြီ ၁၆ ရက်တွင် စတင်ထုတ်ဝေ ခဲ့ပြီး သတင်းစာဆရာကြီးများဖြစ်ကြသည့် ဦးသောင်း(အောင်ဗလ)၊ ဦးသိန်း (ဇဝန)၊ ဦးခင်မောင်ရီ(စိန်ခင်မောင်ရီ)၊ ဟံသာဝတီဦးဝင်းတင်နှင့် ဦးသော် (ကြေးမုံ)တို့က စတင်ထူထောင်ခဲ့ကြသည်။
ကြေးမုံသတင်းစာသည် လန်ဒန်မှ ကမ္ဘာကျော်Daily Mirror သတင်းစာ ကြီးကို အားကျအတုယူ၍ ထိုစဉ်ကာလ၌ ထွက်ရှိခဲ့သည့် သတင်းစာများနှင့် မတူအောင် ဆန်းသစ်သည့် အပြင်အဆင်၊ တင်ပြပုံများဖြင့် စတင်ထုတ်ဝေ နိုင်ခဲ့သောကြောင့် ထိုခေတ်ကအောင်မြင်ကျော်ကြားသည့် သတင်းစာတစ်စောင် ဖြစ်ခဲ့ပြီး ယနေ့ထက်တိုင် ရပ်တည်ထုတ်ဝေလျက်ရှိသည်။
ကြေးမုံသတင်းစာ စတင်ထွက်ရှိသည့် ၁၉၅၇ ခုနှစ်မှစတင်၍ ဦးသောင်း (အောင်ဗလ)၊ ဦးသိန်း(ဇဝန)၊ ဦးလှကွန်း(သခင်လှကွန်း)၊ ဦးစိုးညွန့် (ထီလာ စစ်သူ)၊ ဦးတင်စိုး(သာဂဒိုး)၊ ဦးရဲတင့်၊ ဦးဇော်မင်းသိန်း၊ ဦးရဲမြင့်ဖေ၊ ဦးမြင့်ဆွေ တို့က အယ်ဒီတာချုပ်(စာတည်းမှူးချုပ်)များအဖြစ် တာဝန်ယူခဲ့ကြပြီး လက်ရှိ တွင် ဦးခင်မောင်ကျော်ဒင်က စာတည်းမှူးချုပ်အဖြစ် တာဝန်ယူဆောင်ရွက်လျက် ရှိသည်။
သတင်း - ရီရီမြင့်၊ မြတ်စန္ဒီ
ဓာတ်ပုံ - ဇော်မင်းလတ်

No comments:

Post a Comment