Friday, April 28, 2017

နေပြည်တော်အတွင်းရှိ ခရိုင်နှစ်ခုတွင် ဈေးကွက်ထောက်လှမ်းစောင့်ကြည့်ခြင်းကို ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေး



 နေပြည်တော် ဧပြီ ၂၇


 နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိခရိုင်နှင့် ဥတ္တရသီရိ ခရိုင်အတွင်းရှိဲကညခအငသည၊ ဃစေငအေူ၊ ဥခနညေ စင်တာများသို့ အထူးစီမံချက်ဖြင့် ဈေးကွက်ထောက်လှမ်းစောင့်ကြည့်ခြင်း ဒုတိယ အကြိမ် ကွင်းဆင်းစစ်ဆေးကြသည်။

 အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက လိုက်ပါစစ်ဆေး ကြသည်။ 

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းလင်းအောင်က ''ကျွန်တော်တို့ အခုစစ်ဆေးတာ နှစ်ကြိမ်ရှိပါပြီ။ ပထမအကြိမ်က နေပြည်တော် မှာရှိတဲ့ မြို့နယ် ရှစ်မြို့နယ်မှာရှိတဲ့ ဈေးရှစ်ဈေးကို စစ်ဆေးပါ တယ်။ မနေ့ကလည်း ပြင်ပဆေးခန်းတွေနဲ့ ဆေးဆိုင် ၁၁ ဆိုင်ကို လိုက်လံစစ်ဆေးပါတယ်။ ဈေးတွေစစ်ဆေးခဲ့တဲ့ ရလဒ်တွေက မကြာခင်မှာ အဖြေထွက်တော့မှာပါ။ ရလဒ်တွေက မကောင်းပါ ဘူး။ ပျဉ်းမနားမှာစစ်ခဲ့တဲ့ ငါးပိ ၁၂ မျိုးမှာ ၁၁ မျိုးက ဆိုးဆေး တွေ ပါနေပါတယ်။ လက်ဖက်ထဲမှာလည်း ဆိုးဆေးတစ်မျိုးတင် မကပါဘူး။ နှစ်မျိုးပါနေပါတယ်။ ကွမ်းသီးထဲမှာ ဆိုဒီယမ်ဟိုက် ဒိုဆာလဖိုက်ဆိုတဲ့ ချွတ်ဆေးပါနေပါတယ်။ အဲ့ဒါက ဈေးအားလုံး မှာစစ်ခဲ့တဲ့ ကွမ်းသီးထဲမှာ ပါနေပါတယ်။ ချွတ်ဆေးများရင် လူကိုသေစေနိုင်တဲ့အထိ ဖြစ်စေပါတယ်။ ကွမ်းစားနေတဲ့ သူတွေကိုလည်း ဒီနေရာမှာ ကျွန်တော်သတိပေးတာပါ''ဟု ပြောကြားသည်။

စားသုံးကုန်တစ်ခုတွင် နာမည်တစ်ခုပါရုံနှင့် မပြီးပါကြောင်း၊ တံဆိပ်တပ်သည့်နေရာတွင် အတတ်နိုင်ဆုံး မြန်မာလို လူတိုင်း နားလည်နိုင်မည့် မြန်မာနာမည် တပ်ရမည်ဖြစ်ကြောင်း၊ စားသောက်ကုန်ကို ထုတ်ထားသည့်သူမှာ အချက်လေးချက် ပါရမည်ဖြစ်ပါကြောင်း၊ (၁)လိပ်စာ၊ (၂) ဖုန်းနံပါတ်၊(၃) သက်တမ်းကုန်ဆုံးရက်၊ (၄) ထုတ်လုပ်သည့်ရက်စွဲ ပါရမည် ဖြစ်ပါကြောင်း၊ ယင်းစားသောက်ကုန်တစ်ခုကို ထုတ်လုပ် ရောင်းချရန် သက်ဆိုင်ရာထောက်ခံချက်များ ပါရှိရမည်ဖြစ် ကြောင်း သိရသည်။ 

''အပြင်ကဝယ်တာထက်စာရင် ဒီကုန်တိုက်တွေမှာ ဝယ်တာ က ပိုပြီးတော့ စိတ်ချရတယ်။ ကျွန်မဆိုရင်တော့ ဒီမှာပဲ ဝယ်ဖြစ် တာများပါတယ်။ အထူးသဖြင့် ငရုတ်သီးမှုန့် တွေကို ဆိုးဆေးပါ မှာစိုးလို့ ဒီမှာပဲဝယ်ပါတယ်။FDA က ဒီလိုစစ်ဆေးတာ ကောင်းပါတယ်။ သိတဲ့သူရှိသလို မသိတဲ့သူတွေလည်း များပါ တယ်။ ဒီလိုမျိုး စစ်ဆေးပေးတာ အများပြည်သူအတွက် ကောင်း တယ်လို့ ကျွန်မမြင်ပါတယ်။ ဒီလိုစစ်ဆေးမှုမျိုးက ကျွန်မအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို လုပ်တယ်လို့မြင်ပါတယ်''ဟု ဈေးဝယ်သူ ဒေါ်ခင်ဌေးပိုကလည်း ပြောကြားခဲ့သည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသောက်ကုန်များနှင့် အလှကုန်ပစ္စည်းများတွင် ဆိုးဆေး ပါဝင်မှု၊ ထောက်ခံချက်ပါဝင်မှု ရှိ မရှိ၊ သက်တမ်းကုန်ဆုံးရက် ပါ မပါတို့ကို ဧပြီ၊ မေ၊ ဇွန်ဆိုပြီး သုံးလအချိန်ပေးထားပါကြောင်း၊ ဇွန်လမှ စ၍ တွေ့ရှိပါက ကနဦး အသိပညာပေးမည်ဖြစ်ကြောင်း၊ မလိုက်နာပါက စီမံခန့်ခွဲမှု နည်းလမ်းအရ ပထမဦးဆုံးအကြိမ် အဖြစ် ပစ္စည်းသိမ်းမည်၊ ဒုတိယအကြိမ်အဖြစ် ဆိုင်ကို ခြောက်လ ဖြစ်စေ၊ တစ်နှစ်ဖြစ်စေ ပိတ်မည်ဖြစ်ကြောင်း၊ နောက်ဆုံးအကြိမ် အဖြစ် အစားအသောက်ဥပဒေ၊ ဆေးဝါးဥပဒေ၊ အလှကုန်ပစ္စည်း ဆိုင်ရာအမိန့်နှင့် ညွှန်ကြားချက်ဖြင့် တရားရုံး၌ တရားစွဲဆိုသွား မည်ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)

No comments:

Post a Comment