Saturday, April 29, 2017

အမျိုးသားစာပေဆု ၊ စာပေဗိမာန်စာမူဆု ရွေးချယ်ရေး၊ မြန်မာ့ဒီမိုကရေစီ ရက်သတ္တပတ်ပွဲတော်နှင့် ငြိမ်းချမ်းရေးဂီတပွဲတော် လုပ်ငန်းညှိနှိုင်း




ရန်ကုန် ဧပြီ ၂၈


 ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံအစည်းအဝေးခန်းမ၌ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဝင်များ၊ စာပေဗိမာန် စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များနှင့်တွေ့ဆုံ ပြီး ဆုရွေးချယ်ရေးအဖွဲ့ အနေဖြင့် ဆုရွေးချယ်ရေး စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာစွာ ဆောင်ရွက်ရေး၊ ဆုရွေးချယ်ရာတွင် ပြည့်စုံသည့် မှတ်ချက်ရှိရေး၊ ယခုအစည်းအဝေးတွင် ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် ပါဝင်ဆွေးနွေးကြပြီး အများသဘောတူ ဆုံးဖြတ်ဆောင်ရွက်ရေးနှင့် ဆုရွေးချယ်ရာတွင် လိုအပ်သည့်ကိစ္စအဝဝကို မိမိတို့ဝန်ကြီးဌာနက ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ ကိုယ်စား ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်အေး(မောင်ခင်မင်-ဓနုဖြူ)၊ ကော်မတီအတွင်းရေးမှူး ဦးသန်းအုန်း(မောင်ဇေယျာ)၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်း(မနုဿကျော်ဝင်း)နှင့် အတွင်းရေးမှူး ဒေါ်မြမြ သန်း (မနှင်းဖွေး)တို့က စာပေဆု ရွေးချယ်ရေးနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြ သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစည်းအဝေးခန်းမ ၌ ကျင်းပသည့် မြန်မာ့ဒီမိုကရေစီရုပ်ရှင် ရက်သတ္တပတ်ပွဲတော် တွင် ပြသမည့် နိုင်ငံအကျိုးပြုဇာတ်ကားနှင့် ဇာတ်လမ်းတွဲများ ရိုက်ကူးရေးအတွက် သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး ဆွေးနွေးမှာကြားသည်။
ညှိနှိုင်းအစည်းအဝေးတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးမှ နာယကနှင့် တာဝန်ရှိသူများက အကြံပြုဆွေးနွေးကြ သည်။

မြန်မာ့ဒီမိုကရေစီရုပ်ရှင် ရက်သတ္တပတ်ပွဲတော်ကို ဒီမိုကရေစီနေ့ဖြစ်သည့် စက်တင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ ရက်သတ္တပတ်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ရုပ်ရှင်၊ သဘင်၊ ဂီတ ပညာရှင်များ၏ ဂီတဖျော်ဖြေပွဲများ၊ ပြဇာတ်၊ အငြိမ့်နှင့် ပဒေသာ ကပွဲများဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် နိုင်ငံအကျိုးပြု ဇာတ်ကား ငါးကားနှင့် ရုပ်သံဇာတ်လမ်းတွဲများ ကိုလည်း မြန်မာနိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားအစည်းအဝေးခန်းမ၌ ကျင်းပသည့် ငြိမ်းချမ်းရေးဂီတပွဲတော် (Peace Music Festival) ၊ ငြိမ်းချမ်း ရေးသီချင်းဆိုပြိုင်ပွဲ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့ တက်ရောက်ပြီး ဆွေးနွေးမှာကြားသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက လုပ်ငန်းစီမံချက် ကို ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံ ဂီတအစည်း အရုံး(ဗဟို)မှ တာဝန်ရှိသူများက အကြံပြုဆွေးနွေးတင်ပြကြသည်။

ငြိမ်းချမ်းရေးသီချင်းဆိုပြိုင်ပွဲကို အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် စည်းလုံးညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်း ရေးရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် အနုပညာဆုကြေးငွေများကို ထိုက်ထိုက်တန်တန် ချီးမြှင့်သွား မည်ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေးသီချင်းဆိုပြိုင်ပွဲ၏ အသံစစ်ရွေးချယ်မှုများကို လာမည့် မေလ တတိယပတ်မှစတင်၍ မြစ်ကြီးနား၊ လားရှိုး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ ကလေး၊ စစ်တွေ၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်မြို့တို့တွင်ကျင်းပရန် စီစဉ်ဆောင်ရွက် ထားကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment