Saturday, April 29, 2017

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပထမတစ်နှစ်တာ ဆောင်ရွက်ချက်များ ရှင်းလင်းဖြေကြား

Image may contain: 1 person
နေပြည်တော် ဧပြီ ၂၈
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ခေတ္တအမြဲတမ်းအတွင်းဝန် ဦးထွန်း အုံက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ၂ဝ၁၇ ခုနှစ် ပွင့်လင်းရာသီမှစတင်၍ စံချိန်စံညွှန်း ကိုက်ညီသော ရွှေသင်္ကန်းတော်များကိုကပ်လှူနိုင်ရေး ကြီးကြပ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရွှေတိဂုံစေတီတော် လုံခြုံရေးအတွက် မောင်းသူ မဲ့လေယာဉ်Drone ၁ဝ စင်းခန့် ထိန်းသိမ်းထားပါကြောင်း၊ အဆိုပါDrone အန္တရာယ်ကို ကာကွယ်နိုင်စေရန် Anti Drone များဝယ်ယူဖြည့်ဆည်းခြင်း၊ CCTV Cameraများတပ်ဆင်ခြင်းနှင့် ပရိဝုဏ် အောက်ခြေပတ်လည် တစ်လျှောက် အလင်းမီးတိုင်များ အားဖြည့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတွင် စိတ်ချမ်းမြေ့စွာတည်းခို နိုင်ရေးအတွက် တိဿ၊ သီဟ၊ ဆီမီး ၉ဝဝဝ၊ ပြည့်စုံ (ရင်ပြင်တော်)၊ ပြည့်စုံ (မုဆိုးတောင်)နှင့် သုံးထပ်ဓမ္မာရုံတို့ကို ဘုရားဖူး ၁၂၇၉ ဦး အခမဲ့တည်းခိုနိုင် ရေးကိစ္စရပ်များကို ဆောင်ရွက်နိုင်ခဲ့ပြီး အခန်းပေါင်း ၃၅၆ ခန်းကိုသက်သာသော နှုန်းထားဖြင့် တည်းခိုနိုင်စေခဲ့ပါကြောင်း၊ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး အား တန်ခိုးကြီးဘုရား အင်္ဂါရပ်နှင့် ညီညွတ်စေရန် ဂေါပကအဖွဲ့စည်းမျဉ်းများ ရေးဆွဲခြင်းနှင့် ဂေါပကအဖွဲ့သစ် ရွေးချယ်တင်မြှောက်ခြင်း စသည့် ပြုပြင် ပြောင်းလဲမှုများကို ဦးတည်ဆောင်ရွက်ခဲ့ပါကြောင်း။
အမုန်းစကားကာကွယ်တားဆီးရေးဥပဒေ(မူကြမ်း)ကို ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့က ၂ဝ၁၆ ခုနှစ် ဇူလိုင်လ တတိယပတ်တွင် ရေးဆွဲ ပြီးဖြစ်ပါကြောင်း။
၂ဝ၁၆ ခုနှစ်တွင် ရစ်ခ်ျတာစကေးအင်အား ၆ ဒသမ ၈ မြေငလျင် လှုပ်ခတ်မှုကြောင့် ပုဂံအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံအချို့ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ထိုသို့ ထိခိုက်ပျက်စီးမှုများကို အရေးပေါ်စာရင်းကောက်ယူမှုအရ ၃၈၉ ဆူ ထိခိုက်ပျက်စီးမှုရှိပါကြောင်း၊ အသေးစားပျက်စီးမှုအနေဖြင့် ယာယီစာရင်းအရ အဆူ ၃ဝဝ ကျော်ဖြစ်ပြီး အကြီးစားထိခိုက်ပျက်စီးမှုမှာ ၃၆ ဆူခန့်နှင့် အလတ်စားထိခိုက်ပျက်စီးမှုမှာ ၅၃ ဆူ ဖြစ်ပါကြောင်း။
နိုင်ငံတကာစံနှုန်းများနှင့်အညီ မှတ်တမ်းရယူခြင်း၊ ထိန်းသိမ်းခြင်းများကို ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာမှ GIS ကျွမ်းကျင်သူများ၊ ငလျင်ဆိုင်ရာ ပညာရှင်များနှင့် UNESCO မှ ပညာရှင်များက လာရောက်ပူးပေါင်းဆောင် ရွက်ခဲ့ပါကြောင်း။
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက် ရေးအတွက် ဆောင်ရွက်နေပါကြောင်း၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ကိုလည်း ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်ရေးအတွက် မြေပုံရေးဆွဲဆောင် ရွက်နေပါကြောင်း၊ ဘာသာလေးမျိုးဖြင့် ရေးထိုးထားသော မြစေတီကျောက်စာ အား ၂ဝ၁၄ ခုနှစ် မတ် ၂၈ ရက်တွင် ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရေး အတွက် အဆိုပြုပုံစံများရေးသား၍ UNESCO သို့ တင်သွင်းခဲ့ရာ အာရပ် စော်ဘွားများပြည်ထောင်စု၊ အဘူဒါဘီမြို့၌ ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၄ ရက်မှ ၆ ရက်အထိကျင်းပသော ကမ္ဘာ့မှတ်တမ်းများအမွေအနှစ်အစီအစဉ်၊ အပြည်ပြည်ဆိုင်ရာအကြံပေးကော်မတီ၏ (၁၂)ကြိမ်မြောက်အစည်းအဝေးတွင် ကမ္ဘာ့မှတ်တမ်း အမွေအနှစ်လျှောက်ထားမှုပေါင်း ၈၇ ခုအနက်မှ မြန်မာနိုင်ငံမှ တင်သွင်းသော မြစေတီကျောက်စာကို ကမ္ဘာ့မှတ်တမ်းတင်အမွေအနှစ် စာရင်းအဖြစ် သတ်မှတ်ခဲ့ပါကြောင်း။
ပုဂံယဉ်ကျေးမှုနယ်မြေ၊ ရွှေစည်းခုံဘုရားရှိ ဘုရင့်နောင်မင်းတရားကြီး လှူဒါန်းထားသော မွန်၊ မြန်မာ၊ ပါဠိသုံးဘာသာရေးထိုးထားသော ခေါင်းလောင်း စာအား ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင်ရောက်ရေး စတင်တင်သွင်းခဲ့ ပါကြောင်း၊ ၂ဝ၁၆ ခုနှစ် မေ ၁၈ ရက် မှ ၂ဝ ရက်အထိ အာရှ-ပစိဖိတ်ဒေသ အတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ်ကော်မတီ အစည်းအဝေးတွင် ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ပြီး ကမ္ဘာ့မှတ်တမ်း အမွေအနှစ် (Memory of the World) အဖြစ် ၂ဝ၁၇ ခုနှစ်အတွင်း သတ်မှတ်ခြင်း ခံရ နိုင်ပါကြောင်း။
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် ရန်ကုန်နှင့် မန္တလေးတို့ တွင် ကျောင်းသားကျောင်းသူများအား တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေ သော မြန်မာ့ရုပ်သေးပညာရပ်များကို နိုင်ငံတကာမှ သိရှိစေရန် ရုပ်သေးပညာ ရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပါကြောင်း၊ နိုင်ငံတကာရုပ်သေးပညာ ရပ်နှင့် ရုပ်ရှင်ရိုက်ကူးရေးပညာရပ်များ လေ့လာသိရှိခွင့်ရရှိစေရန် မြန်မာ-အစ္စရေး နှစ်နိုင်ငံပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်းနှင့် အစ္စရေးနိုင်ငံမှ ဒါရိုက်တာများက ရုပ်ရှင်ရိုက်ကူးရေး သင်ခန်းစာများကို လာရောက်ပို့ချပေးခဲ့ ပါကြောင်း။
ဂျပန်နိုင်ငံသံရုံး၏ စီစဉ်ကူညီမှုဖြင့် Restaurant of Many Orders ပြဇာတ်နှင့် အလုပ်ရုံဆွေးနွေးပွဲကိုလည်း ကျင်းပခဲ့ပါကြောင်း၊ ကိုရီးယားနိုင်ငံနှင့် ပူးပေါင်း၍Korea Association of Classical Music Exchange ကိုလည်းကောင်း၊ ထိုင်းနိုင်ငံနှင့် ပူးပေါင်း၍ Suranaree University Of Technology ကိုလည်းကောင်း အနုပညာတင်ဆက်မှုများကို ပြုလုပ်နိုင်ခဲ့ပါ ကြောင်း။
မြန်မာ့သမိုင်း၏ ပကတိဖြစ်ရပ်မှန်များကို သုတေသနပြု ရေးသားပြုစုနိုင် ရန်အတွက် မြန်မာ့သမိုင်းအဖွဲ့ကို တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပြီး ကျွမ်းကျင်ပညာရှင် များက မိမိတို့ပိုင်နိုင်ရာ ခေတ်ကာလအပိုင်းအခြားအလိုက် ရေးသားပြုစုကြ ရန် စီမံချက်ရေးဆွဲချမှတ်နိုင်ခဲ့ပါကြောင်း ပြောကြားသည်။
ထို့နောက် သတင်းမီဒီယာများ၏ မေးမြန်းချက်များကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဖြေကြားကြသည်။
တိပ်ပိတ်တရားဟောခြင်းနှင့်စပ်လျဉ်း၍ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက ဆရာတော်ဦးဝီရသူသည် တိပ်ပိတ်တရားဟောခြင်း (၉) ကြိမ်ဆောင်ရွက်ခဲ့ပါကြောင်း၊ သာသနာရေးသည် ထိလွယ်ရှလွယ်သော ကိစ္စဖြစ်၍ ဆောင်ရွက်ရမည့်လုပ်ငန်းများကို နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့နှင့် နိုင်ငံတော်အစိုးရအဖွဲ့ထံသို့ အဆင့်ဆင့် တင်ပြခွင့်ပြုချက်ရယူပြီး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ဖြေကြားရန် အချိန်စော သည့်အတွက် တုံ့ပြန်အရေးယူမှုများနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ ဝန်ကြီးဌာန အင်တာနက်စာမျက်နှာ အပါအဝင် သတင်းများ ထုတ်ပြန်ပေးသွား မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
သာသနိက အဆောက်အအုံများတွင် မသင့်လျော်သောပုံများ တင်ထား ခြင်းနှင့် စပ်လျဉ်း၍ ဖြေကြားရာတွင် ဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုအစိုးရ အဖွဲ့မှ တိုက်ရိုက်ကိုင်တွယ်သင့်သည့် ဘုရားပုထိုးစေတီများ၊ သာသနိက အဆောက်အအုံများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဂေါပကအဖွဲ့ထံ မူဝါဒများကို ချမှတ်ပေးပါကြောင်း၊ ကျန်ဒေသများရှိ ဘုရားပုထိုးစေတီများနှင့် သာသနိက အဆောက်အအုံများအား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များ၏ လုပ်ပိုင်ခွင့်အာဏာတွင် ထည့်သွင်းလုပ်ပိုင်ခွင့် ပေးထားပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့မှ ဝိုင်းဝန်းလုပ်ဆောင်ရမည့် ကိစ္စရပ်များ ပေါ်ပေါက် လာပါကလည်း မူဝါဒဆိုင်ရာအရ ညှိနှိုင်းဆောင်ရွက်ပေးပါကြောင်း၊ အမှန် တကယ် အကောင်အထည်ဖော်ထိန်းသိမ်းကြပ်မတ် အရေးယူဆောင်ရွက်ရမှုကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ဂေါပကအဖွဲ့ များမှ လွတ်လပ်စွာဆောင်ရွက်ခွင့် ပြုထားပါကြောင်း ဖြေကြားသည်။
မြန်မာ့သမိုင်း အမှန်ပြုစုရေးနှင့်စပ်လျဉ်း၍ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က တကယ့်ဖြစ်ရပ်အမှန်အတိုင်း လွတ်လွတ်လပ်လပ်ရေးရန် တာဝန်ပေးထားပါကြောင်း၊ ခေတ်အလိုက် ရေးသားရာတွင် ဖြစ်ပျက်ခဲ့သည့် သမိုင်းဖြစ်ရပ်မှန်များကို စနစ်တကျရေးရန်၊ ရေးသည့်အပေါ်တွင် ဌာနအနေဖြင့် တာဝန်ခံပေးမည်ဖြစ်ကြောင်း ပြောကြား၍ တာဝန်ပေးထားပါကြောင်း၊ သမိုင်း တွင် ရေးပြီးသားအပိုင်းများကိုလည်း တကယ့်ဖြစ်ရပ်မှန်အတိုင်း ဟုတ်၊ မဟုတ် စနစ်တကျ ပြန်လည်စိစစ်ပြီး လိုအပ်သည်များကို ဖြည့်စွက်ပြင်ဆင်ရန် တာဝန် ပေးထားပါကြောင်း၊ မြန်မာ့သမိုင်းအဖွဲ့ကို လွတ်လွတ်လပ်လပ်ရေးသားရန် တာဝန်ပေး ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
(သတင်းအဖွဲ့)

No comments:

Post a Comment