Saturday, April 29, 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိလစ်ပိုင်သို့ရောက်ရှိ



မနီလာ ဧပြီ ၂၈


ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ဧပြီ ၂၉ ရက်တွင် ကျင်းပမည့် အကြိမ်(၃ဝ)မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာပြီး ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် မနီလာမြို့သို့ ရောက်ရှိကြရာ ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဝန်ကြီးMs. Paulyn Jean B. Russel Ubial ၊ အကြိမ်(၃ဝ)မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ကြိုတင်ရောက်ရှိနေသည့်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးဝင်းနိုင်၊ စစ်သံမှူး ဗိုလ်မှူးကြီး ဝင်းမြတ်နှင့် တာဝန်ရှိသူများက Nino Aquino အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။ 

ယင်းနောက် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ခေတ္တတည်းခို မည့် Manila Diamond Hotel သို့ ရောက်ရှိကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့သည် ဖိလစ်ပိုင် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ သို့ ရောက်ရှိကြပြီး နာနတ်နှင့် ငှက်ပျော မျှင်တို့ဖြင့် ဖိလစ်ပိုင်ရိုးရာ အဝတ် အထည်နှင့် အသုံးအဆောင်များ ရက်လုပ်သည့် ရက်ကန်းသရုပ်ပြပွဲကို လေ့လာကြည့်ရှုသည်။ 

ထို့နောက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၄၅ မိနစ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Nguyen Xuan Phucတို့သည် ခေတ္တတည်းခို သည့် Manila Diamond Hotel ၌ တွေ့ဆုံကြသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ နှစ်နိုင်ငံဆက်ဆံရေး အဆင့်မြှင့်တင်ရေး၊ နှစ်နိုင်ငံကုန်သွယ် မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက် တိုးချဲ့ သွားရေး၊ အာဆီယံဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရေး ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ 

ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲ တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ခေတ္တတည်းခိုသည့် Manila Diamond Hotelူ ၌ ဖိလစ်ပိုင်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး၊ စစ်သံမှူး၊ သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များကို တွေ့ဆုံသည်။ (သတင်းစဉ်)

No comments:

Post a Comment