Saturday, April 29, 2017

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ပထမတစ်နှစ်တာဆောင်ရွက်ချက်များ ရှင်းလင်းဖြေကြား

Image may contain: 1 person, sitting
နေပြည်တော် ဧပြီ ၂၈
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးမင်းအေးကိုက ဝန်ကြီးဌာန၏ ရည်မှန်းချက်များမှာ တိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးစသည့် ပြည်ထောင်စု စိတ်ဓာတ်များ တိုးတက်ရှင်သန်စေရေး ဆောင်ရွက်ရန်၊ တိုင်းရင်းသားများ၏ အခွင့်အရေးကို ဥပဒေပါ သတ်မှတ် ချက်များအတိုင်း အပြည့်အဝ ခံစား ရရှိစေရေးဆောင်ရွက်ရန်၊ တိုင်းရင်းသား များ၏ စကား၊ စာပေ၊ သမိုင်း၊ အနုပညာ၊ ယဉ်ကျေးမှု အမွေအနှစ် များနှင့် ရိုးရာဓလေ့ထုံးစံများကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရန်၊ တိုင်းရင်းသားများ၏ မူလဝိသေသ လက္ခဏာများ မပျောက်ပျက်စေရေး အတွက် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးဆောင်ရွက်ရန်၊ တိုင်းရင်းသား လူမျိုးများ၏ ဒေသများတွင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေးစသည့် လူမှု စီးပွားဘဝများ တိုးတက်မြင့်မားစေရေး ဆောင်ရွက်ရန်တို့ ဖြစ်ပါကြောင်း။
ဝန်ကြီးဌာန၏ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ အရအသုံးခန့်မှန်းခြေ ငွေစာရင်းပြုစု ရေးဆွဲတင်ပြခြင်းကို ဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး က ၂၃-၈-၂ဝ၁၆ ရက်တွင် ရန်ပုံငွေ ၁ ဒသမ ၅၉ ဘီလီယံကျပ် ခွဲဝေ ခွင့်ပြုခဲ့ပါကြောင်း၊ ခွင့်ပြုငွေသည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၏ သုည ဒသမ ဝ၁ ရာခိုင်နှုန်း ဖြစ်ပါကြောင်း။
တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများနှင့် အခွင့်အရေးများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး အနေဖြင့် မြန်မာနိုင်ငံတွင် အသုံးပြု လျက်ရှိသည့် ရုံးသုံးဘာသာစကား၊ တိုင်းရင်းသားဘာသာစကားများနှင့် နိုင်ငံတကာသုံး ဘာသာစကားများကို ကျောင်းပညာ သင်ကြားရာတွင် ပေါင်းကူးဆက်သွယ်မှု ရရှိနိုင်ရန် မူဝါဒဆိုင်ရာဆွေးနွေးပွဲ (National Language Policy Symposium) ကို ပညာရေးဝန်ကြီးဌာန၊UNICEFတို့နှင့် ပူးပေါင်း၍ ၂ဝ၁၆ ခုနှစ် ဇူလိုင် ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် နေပြည်တော်၌ ကျင်းပခဲ့ပါကြောင်း။
မြန်မာနိုင်ငံက ထောက်ခံပါဝင်ခဲ့ သည့် ကုလသမဂ္ဂဌာနေ တိုင်းရင်းသား များ၏ အခွင့်အရေးကြေညာစာတမ်း (UNDRIP)ပါ အကြောင်းအရာများ လေ့လာခြင်းဆိုင်ရာ အမျိုးသား အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ချင်း လူ့အခွင့်အရေးအဖွဲ့(CHRO)နှင့် ပူးပေါင်း၍ ၂ဝ၁၆ ခုနှစ် အောက်တို ဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် နေပြည်တော်၌ ကျင်းပခဲ့ပါကြောင်း။
National Policy Dialogue on the Rights of Indigenous People in Myanmar ဆွေးနွေးပွဲကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နှင့် ၃ ရက်တို့တွင် ချင်းလူ့အခွင့်အရေး အဖွဲ့နှင့်ပူးပေါင်း၍ နေပြည်တော်၌ ကျင်းပခဲ့ပါကြောင်း။
နည်းဥပဒေရေးဆွဲ ပြဋ္ဌာန်းနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ၊ တိုင်းရင်းသား စာပေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးအသီးသီးရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များ၊ နွေရာသီစာပေနှင့် ယဉ်ကျေးမှုသင်တန်းများကို အခြေခံ ပညာကျောင်းများတွင် ဖွင့်လှစ်နိုင်ရေး အတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း။
ပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနရုံးများကို စတင်ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပြီး မွန်ပြည်နယ်ဦးစီးဌာနရုံးကို ၂ဝ၁၇ ခုနှစ် မတ် ၁ ရက်တွင်လည်းကောင်း၊ ကရင်ပြည်နယ်ဦးစီးဌာနရုံးကို ၂ဝ၁၇ ခုနှစ် ဧပြီ ၇ ရက်တွင် လည်းကောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး အခြားကျန်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ်များတွင် လည်း ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရအဖွဲ့များနှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း။
တိုင်းရင်းသားလူမျိုးများ၏ အခွင့် အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းချက်နှင့်အညီ တိုင်းရင်းသားများ၏ အမျိုးသားနေ့၊ နှစ်သစ်ကူးနေ့ အခမ်းအနားများ ကျင်းပနိုင်ရေး ကူညီဆောင်ရွက်ပေး ခြင်း၊ ပြည်ထောင်စုဝန်ကြီး တက်ရောက် ၍ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ပြည်ထောင်စုဝန်ကြီးက သဝဏ်လွှာ ပေးပို့ခြင်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း။
ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း များအနေဖြင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာ ရေးနှစ်တွင် ဦးစီးဌာနနှစ်ခု၏ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများကို ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရန်၊ ကရင်၊ ကယား၊ ချင်း၊ မွန်ပြည်နယ် တို့နှင့် ရန်ကုန်၊ ဧရာဝတီတိုင်းဒေသ ကြီးတို့တွင် ရုံးအဆောက်အအုံသစ် များ တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်ရန်၊ နည်းဥပဒေဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများမှတစ်ဆင့် နည်းဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက်
ဆက်လက်ဆောင်ရွက်ရန် ဝန်ထမ်း များ၏ စွမ်းဆောင်ရည်မြင့်မားရေး အတွက် သင်တန်းနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရန်၊ တိုင်းရင်းသားစာပေများ သင်ကြား နိုင်ရေးနှင့် ထိန်းသိမ်းမြှင့်တင်ရေးတို့ ကို ကူညီဆောင်ရွက်ပေးရန်တို့ ဖြစ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် သတင်းမီဒီယာများ၏ မေးမြန်းမှုကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးမင်းအေးကိုက ပြန်လည် ဖြေကြားသည်။
စစ်ပွဲဒဏ်ခံ ဒေသခံများအတွက် ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ အဆိုပါဒေသများရှိ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေးကူညီထောက်ပံ့မှုနှင့် ဒေသ ဖွံ့ဖြိုးရေးဆောင်ရွက်နေမှု စသည့် လုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီး ဌာနအလိုက် ဆောင်ရွက်နေပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာနအနေဖြင့် ယင်းလုပ်ငန်းစဉ်များတွင် လိုအပ်သည့် အထောက်အကူပြု လုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်နေပါ ကြောင်း၊ ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ တိုင်းရင်းသားရေးရာ ကိစ္စရပ်များ ထိရောက်စွာ ဆောင်ရွက် နိုင်ရန်အတွက် ဝန်ကြီးဌာနရုံးခွဲများ ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက် နေပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် ရုံးခွဲများ ဖွင့်လှစ်ခဲ့သည့်အပြင် မကြာမီကာလအတွင်း ရန်ကုန်မြို့၌ ရုံးခွဲတစ်ခု ထပ်မံဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အမြန်ဆုံး ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်နေပါကြောင်း ဖြေကြား သည်။
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဝန်ကြီး ဌာန၏ ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအနေဖြင့် UPDJC တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေ သည့်အပြင် သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အချို့တွင် အမျိုးသားအဆင့်နှင့် ဒေသအဆင့် ဆွေးနွေးပွဲများ၌ သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး များက ဦးဆောင်ပါဝင် ဆောင်ရွက်နေ ပါကြောင်း၊ ထို့ကြောင့် မိမိတို့ဝန်ကြီး ဌာနသည် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အထောက်အကူပြုအနေဖြင့် ပါဝင် ပါကြောင်း၊ ထို့ပြင် ပြည်ထောင်စု ဝန်ကြီးအနေဖြင့် တိုင်းရင်းသား အဖွဲ့ အစည်းများနှင့် လက်နက်ကိုင်အဖွဲ့ အစည်းများအား စားပွဲဝိုင်းဆွေးနွေးပွဲ တွင် တက်ရောက်ပါဝင်ဆွေးနွေးရန် တိုက်တွန်းခဲ့သည့်အပြင် ဒေသအတွင်း ရှိ သြဇာရှိသူများအား ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်ကြရန် လိုက်လံတွေ့ဆုံပြောကြားခဲ့ပါကြောင်း ဖြေကြားသည်။
(သတင်းအဖွဲ့)

No comments:

Post a Comment