Sunday, April 2, 2017

၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲ နိုင်ငံတစ်ဝန်းရှိ လစ်လပ်မဲဆန္ဒနယ်များ၌ တစ်ပြိုင်တည်း ကျင်းပ ရန်ကုန်တိုင်းဒေသကြီး လစ်လပ်မဲဆန္ဒနယ် (၅)နေရာအတွက် မဲဆန္ဒရှင်တစ်သန်းကျော်က လွတ်လပ်စွာ ဆန္ဒမဲပေး


Image may contain: 5 people
ရန်ကုန် ဧပြီ ၁
၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက် ပွဲကို ယနေ့ နံနက် ၆ နာရီမှစတင်၍ နိုင်ငံတစ်ဝန်းရှိ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာ၌ တစ်ပြိုင်နက် ကျင်းပသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိလစ်လပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လေးနေရာတွင် လှိုင်သာယာ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)နှင့် ကော့မှူး မြို့နယ်များပါဝင်ပြီး လစ်လပ်အမျိုးသား မဲဆန္ဒနယ် တစ်နေရာဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်အမှတ်(၆) မဲဆန္ဒနယ်မြေတွင် ကမာရွတ်၊ ကြည့်မြင်တိုင်၊ ဆိပ်ကမ်း၊ လသာ၊ လှိုင်၊ လမ်းမတော်နှင့် အလုံမြို့နယ်တို့ ပါဝင်ရာ သတ်မှတ် မဲရုံပေါင်း၉၄၂ ရုံဖွင့်လှစ်ထားရှိပြီး မဲပေးခွင့်ရှိသူမဲဆန္ဒရှင် ပြည်သူ ၁ဝဝ၆၂၅၂ ဦး မဲပေးခွင့်ရှိကြောင်း သိရသည်။
မဲရုံများစတင်ဖွင့်ချိန် နံနက် ၆ နာရီတွင် မဲရုံအများစု၌ လာရောက်မဲပေးသူ နည်းပါးမှုရှိနေသော်လည်း နံနက် ၈ နာရီနောက်ပိုင်းမှစတင်၍ မဲပေးသူများ တဖွဲဖွဲ လာရောက် မဲပေးကြသည်ကို တွေ့မြင်ရသည်။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနေစဉ် ပြည်သူများ လွတ်လပ်၍ တရားမျှတစွာ မဲပေးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ အင်အားထက်ဝက်ခန့်ကိုအသုံးပြု၍ လုံခြုံရေး အစီအမံများ ဆောင်ရွက်ထားကြောင်းလည်း သိရသည်။
ယနေ့ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ကြားဖြတ်ရွေးကောက်ပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ကမာရွတ်မြို့နယ်အမှတ် (၄)ရပ်ကွက် ယုဇနလမ်းနှင့် ဘုရင့်နောင်လမ်းကြား သင်္ဘောကျင်းအိမ်ရာရှိ အမှတ်(၁)မဲရုံတွင်လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် လှိုင်သာယာ မြို့နယ် FMI City ဝင်းအတွင်းရှိ ဖွင့်လှစ်ထားသောမဲရုံ တွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ကမာရွတ်မြို့နယ် (၁ဝ)ရပ်ကွက်ရှိ အမျိုးသမီးဂေဟာ၌ ဖွင့်လှစ်ထားသော အမှတ်(၃)မဲရုံတွင် လည်းကောင်း လာရောက်ဆန္ဒမဲပေးခဲ့ကြသည်။
လှိုင်သာယာမြို့နယ်တွင် မဲရုံပေါင်း ၂၆၂ ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူ ၃၇၈၅၁၆ ဦးရှိရာ နံနက် ၆ နာရီမှစတင်၍ မဲဆန္ဒရှင်ပြည်သူများက သက်ဆိုင်ရာမဲရုံများတွင် လာရောက် မဲပေးကြသည်။
လှိုင်သာယာမြို့နယ် အမှတ်(၅) အခြေခံပညာအလယ် တန်းကျောင်းရှိ မဲရုံတွင် လာရောက်မဲပေးသူ ဒေါ်အေးမြတ်မွန် က ''မဲလက်မှတ်ကို ကြိုထုတ်ထားတာဆိုတော့ မဲပေးရတာအဆင်ပြေပါတယ်။ မနက်ပိုင်းဆိုတော့ မဲပေးတဲ့သူနည်းနေသေးတယ်။ တိုင်းပြည်အတွက် တကယ်အကျိုးပြုမယ့် ကိုယ်စားလှယ်မျိုးကို ရွေးချယ်ခဲ့ပါတယ်''ဟုပြောသည်။
ကျန်လစ်လပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သုံးနေရာဖြစ်သော ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်တွင် မဲရုံပေါင်း၁ဝ၈ ရုံ နှင့် မဲပေးပိုင်ခွင့်ရှိသူ ၈၉၈ဝ၇ ဦး၊ ဒဂုံ မြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မဲရုံပေါင်း ၁၆၉ ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူ ၉၉၆၃၁ ဦးနှင့် ကော့မှူးမြို့နယ်တွင် မဲရုံပေါင်း ၁၅၅ ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူ ၉၄၆၉၈ ဦးတို့ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် (၆၉) ရပ်ကွက်ရှိအမှတ် (၃) အခြေခံပညာ မူလတန်းကျောင်းမဲရုံသို့ ဆန္ဒမဲလာရောက်ပေးသူ ကိုကျော်ကျော်သက်က ''ကြားဖြတ် ရွေးကောက်ပွဲ ကို စိတ်ဝင်စားပါတယ်။ မဲရုံဖွင့်စအချိန်လောက်က လူကနည်းပါတယ်။ သိပ်မတွေ့ရဘူး။ တဖြည်းဖြည်းတော့ မဲလာပေးတဲ့သူများတာ တွေ့ရပါတယ်။ အခုချိန်ကနိုင်ငံ ကောင်းဖို့အတွက် ချီတက်နေချိန်မှာ နိုင်ငံသားတစ်ယောက်အနေနဲ့ တာဝန်ကျေပွန်ချင်လို့ပါ။ ကိုယ်ရွေးချယ်မယ့် ကိုယ်စားလှယ်က နိုင်ငံ့အတွက် အလုပ်လုပ်နိုင်မယ့်သူကို မျှော်လင့်တယ်။ ရပ်ရွာဒေသအတွက် ကောင်းတာတွေ လုပ်ပေးဖို့လည်း မျှော်လင့်ပါတယ်''ဟုပြောသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိမဲဆန္ဒရှင်များ အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက လှည့်ကင်းပတ်ကင်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့မြင်ရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၉၄) ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမဲရုံတွင် ဆန္ဒမဲလာရောက်ပေးသူ ဒေါ်မြင့်မြင့်စန်းကမူ ''ကိုယ်သဘောကျတဲ့ ရွေးချယ်မယ့်ကိုယ်စားလှယ်က ကိုယ့်မြို့နယ် ဒေသအတွက် စွမ်းဆောင် ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ပြီးမဲပေးခဲ့တာပါ '' ဟုဆိုသော်လည်း လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကမူ ''ယခု ကြားဖြတ် ရွေးကောက်ပွဲကို မဲမပေးတော့ဘူး''ဟုပြောသည်။
လစ်လပ်အမျိုးသားမဲဆန္ဒနယ် တစ်နေရာဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် အမှတ်(၆) မဲဆန္ဒနယ်မြေတွင် ကမာရွတ်မြို့နယ်၌မဲရုံပေါင်း ၃၅ ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူ ၅၈၄၄၃ ဦး၊ ကြည့်မြင်တိုင်မြို့နယ်၌မဲရုံပေါင်း ၅၄ ရုံနှင့်မဲပေးပိုင်ခွင့်ရှိသူ ၇ဝ၉၁၄ ဦး၊ ဆိပ်ကမ်း မြို့နယ်၌ ၌ မဲရုံပေါင်း သုံးရုံနှင့်မဲပေးပိုင်ခွင့် ရှိ သူ ၁၈၃၇ ဦး၊ လသာမြို့နယ်၌ မဲရုံပေါင်း ၁၈ ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူ ၂၂၁ဝ၁ ဦး၊ လှိုင်မြို့နယ်၌ မဲရုံပေါင်း ၈၅ ရုံနှင့် မဲပေး ပိုင်ခွင့်ရှိသူ ၁၁၁၁၈၆ ဦး၊ လမ်းမတော်မြို့နယ်၌ မဲရုံပေါင်း ၂၁ ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူ ၃၃၃၇၆ ဦးနှင့် အလုံမြို့နယ်၌ မဲရုံပေါင်း ၃၂ ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူ ၄၅၇၄၃ ဦးတို့ရှိကြောင်း သိရသည်။
လှိုင်မြို့နယ်ရှိ သတ်မှတ်မဲရုံတွင် ဆန္ဒမဲလာရောက် ပေးသူ ဦးသိန်းနိုင်က ''ကိုယ့်မြို့နယ်၊ ကိုယ့်ရပ်ကွက် တိုးတက်အောင်လုပ်ပေးနိုင်မယ်ထင်တဲ့သူကို ရွေးချယ်မဲ ပေးခဲ့တာပါ။ လွတ်လွတ်လပ်လပ်လည်း မဲပေးခွင့်ရပါတယ်။ သူတို့ လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်''ဟုဆို သကဲ့သို့ ဒေါ်လွင်လွင်ခိုင်ကမူ ''တိုးတက်အောင် လုပ်ပေးနိုင်မယ်ဆိုတဲ့ ယုံကြည်မှုတစ်ခုကြောင့်ပေါ့။ လိုအပ်ချက်တွေက အများကြီးရှိပါတယ်။ လုပ်ပေးနိုင်မယ့်အတိုင်း အတာအထိတော့ မျှော်လင့်ပါတယ်'' ဟု ပြောသည်။
ကမာရွတ်မြို့နယ်ရှိသတ်မှတ်မဲရုံတွင် ဆန္ဒမဲလာရောက်ပေးသူ ပန်းချီပညာရှင် ကိုတင်လှိုင်က ''ကျွန်တော် ရွေးကောက်တင်မြှောက်ချင်တဲ့ ကိုယ်စားလှယ်၊ ယုံကြည် အားထားရတဲ့ပုဂ္ဂိုလ်ကို လွတ်လွတ်လပ်လပ် မဲပေးခွင့်ရခဲ့ပါတယ်။ ကျွန်တော်တို့မြို့နယ်၊ ရပ်ကွက်အထိ တိုးတက် အောင်လုပ်ပေးနိုင်မယ်လို့ မျှော်လင့်လို့ပါ'' ဟု ဆိုသည်။
လမ်းမတော်မြို့နယ် အမှတ်(၇)ရပ်ကွက် မဲရုံ အမှတ်(၂) မဲရုံမှူး ဦးမောင်မောင်တင်က ''မနက် ၆ နာရီ မဲရုံစဖွင့်တဲ့အချိန်ကစပြီး တစ်နာရီတစ်ကြိမ် စစ်တမ်းကောက်တယ်။ တစ်နာရီအတွင်းမှာ ၁ဝဝ ကျော်ဝင်ပါတယ်။ မဲပေးမယ့်သူတွေကို ကြိုတင်ပြီးလက်မှတ်လေးတွေ ပေးထားပါတယ်။ လာတဲ့သူတွေ အခက်အခဲမရှိအောင် မဲစာရင်းစာအုပ်လည်းချထားပေးထားတယ်။ နံပါတ်ပြောလိုက်တာနဲ့ တစ်ခါတည်းမဲပေးလို့ရတယ်။ စောင့်ရရင် တစ်မိနစ်၊ နှစ်မိနစ်ပဲ။ လူများရင်တော့ နည်းနည်း စောင့်ရပါတယ်'' ဟု ပြောသည်။
ယနေ့ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ကြားဖြတ်ရွေးကောက်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာအမေရိကန် သံအမတ်ကြီး မစ္စတာ မာစီရယ်လ်နှင့် နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ ပြည်တွင်း ပြည်ပလေ့လာစောင့်ကြည့် ရေးအဖွဲ့ဝင်များကလည်း သက်ဆိုင်ရာမဲဆန္ဒနယ်မြေများမှ မဲရုံများသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။
Newspaper of the Japanese Communit Party ၏ Honai Bureau Chief ဖြစ်သူ Mr. MATSUMOTO Masashi က ''ဂျပန် အာခါတာရှင်ဗွန်းသတင်းဌာနကပါ။ လေ့လာသူအနေနဲ့လာတာပါ။ လမ်းမတော်မြို့နယ်နဲ့ အနီးတစ်ဝိုက်ကိုသွားမယ်။ ဒီမဲရုံတွေသွားမယ်။ စိတ်ဝင်စား မှုအနေနဲ့ မဲရုံတစ်ဝိုက်မှာ ကြည့်လိုက်တဲ့အခါ မဲပေးသူတွေ လာတာတွေ့ပေမယ့် အရင် General Election လောက်တော့ မတွေ့ပါဘူး။ ဒီ By Election ကတော့ စိတ်ဝင်စားမှုအများကြီးမရှိတာတွေ့ရတယ်။ ပြည်သူတွေအနေနဲ့ NLD Government ရဲ့ တစ်နှစ်တာ Election အပြီးမှာ ဘာတွေလုပ်နိုင်ခဲ့တယ်။ ဘာတွေကိုဆက်ပြီး လုပ်မယ် ဆိုတာကိုမျှော်လင့်နေကြတယ်။ စီးပွားရေးနဲ့ တိုင်းရင်းသား ကဏ္ဍတွေမှာ ဘယ်လိုတွေများဖြေရှင်းမလဲဆိုတဲ့ မျှော်လင့် ချက်တွေလည်းရှိနေကြတယ်လို့ ယူဆတယ်''ဟု ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒနယ် ၁၉ နယ်အတွက် ကြားဖြတ်ရွေးကောက်ပွဲရလဒ်များကို နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး Result Center တွင် ဧပြီ ၂ ရက် နံနက်ပိုင်းမှစတင်၍ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ ပြည်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးအတွက် မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လစ်လပ်မဲဆန္ဒနယ်များရှိ မဲရုံများတွင် ဆန္ဒမဲလာရောက်ပေးသူများ စနစ်တကျလွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မဲရုံမှူးများနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။
ညနေ ၄ နာရီ မဲရုံများပိတ်သိမ်းသည့်အချိန်တွင်လည်း မဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များသည် မဲပုံးများကို ဖွင့်ဖောက်၍ ခိုင်လုံမဲနှင့် ပယ်မဲတို့ကိုစနစ်တကျ ရွေးချယ်ရေတွက်ကြပြီး သက်ဆိုင်ရာမှတ်တမ်းစာအုပ်များ၌ မှတ်တမ်းရေးသွင်းကြသည်။
သတင်းစဉ်(ရန်ကုန်သတင်းအဖွဲ့)

No comments:

Post a Comment