Sunday, April 2, 2017

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၉၉၆၃၁ ဦးတွင် ၃၉၄၂၉ ဦး ဆန္ဒမဲပေး



Image may contain: 1 person, sitting, standing and child
ရန်ကုန် ဧပြီ ၁
ယနေ့ကျင်းပသည့် ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၉၉၆၃၁ ဦးတွင် ဆန္ဒမဲပေးသူ ၃၉၄၂၉ ဦးသာရှိကြောင်း ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ သိရသည်။
''မနက်ကတည်းက မဲရုံတွေကို လိုက်ကြည့်တော့ မဲပေးတဲ့သူ နည်းတာတွေ့ရတယ်။ ကြားဖြတ်လည်း ဖြစ်တယ်။ ပြည်သူတွေကလည်း စိတ်ဝင်စားမှုနည်းတယ်။ စောစောပိုင်း မဲစာရင်းတွေ ကပ်တုန်းကလည်း လာကြည့်တဲ့သူ နည်းတယ်။ သိပ်တော့ အားမရဘူး'' ဟု ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုစိုးက ပြောသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် (၈)ရပ်ကွက်နေ ကိုမောင်ကြီးက ''အိမ်ကမိသားစုတွေကတော့ မနက်ကတည်းက မဲသွားပေးကြတယ်။ ကျွန်တော်ကတော့ နံနက် ၁၁ နာရီ ကျော်လောက်မှပဲ မဲသွားပေးခဲ့တယ်။ မဲသွားပေးတာဘာအခက်အခဲမှမရှိ ပါဘူး။ ၂ဝ၁၅ ရွေးကောက်ပွဲကြီး လောက်တော့ မဲပေးတဲ့သူ သိပ်မတွေ့ရဘူး''ဟု ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် ဒဂုံ မြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ မဲစာရင်းများ စနစ်တကျ ပြုလုပ်ထားသည့်အတွက် အမှားအယွင်းမရှိကြောင်းနှင့် ဆန္ဒမဲပေးရာတွင်လည်း တိုင်ကြား မှုများမရှိကြောင်း ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ရွေးကောက်ပွဲ တွဲဖက်အရာရှိ ဦးဝင်းမျိုးထက်က ပြောသည်။
ထို့အတူ မဲရေတွက်သည့်နေရာ တွင်လည်း ပွင့်လင်းမြင်သာစွာဖြစ်ရန် ပါတီကိုယ်စားလှယ်များနှင့် အများပြည်သူကို စောင့်ကြည့်ခွင့်ပေးထားကြောင်း ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ရွေးကောက်ပွဲ တွဲဖက်အရာရှိထံမှ သိရသည်။
ယနေ့ကျင်းပသည့် ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် မဲရုံပေါင်း ၁၆၉ ရုံဖွင့်လှစ်ထားကာ မဲရုံမှူးအပါ အဝင် လုံခြုံရေး ၁၁၈၃ ဦးနှင့် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့် ရေးအဖွဲ့ နှစ်ဖွဲ့ထားရှိပြီး လစ်လပ် မဲဆန္ဒနေရာတွင် ပါတီ ငါးပါတီမှ ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မင်းသစ်(MNA)

No comments:

Post a Comment