Sunday, April 2, 2017

မုံရွာ၌ ကြားဖြတ်ရွေးကောက်ပွဲတွင် မျက်မမြင်များ ကိုယ်တိုင်မဲပေး



Image may contain: 4 people, people standing, sunglasses, tree and outdoor
မုံရွာ ဧပြီ ၁

အချို့နိုင်ငံ အတော်များများတွင် မျက်မမြင်များ မဲပေးနိုင်ရန် ဆောင်ရွက်မှုတွင် ခက်ခဲနေဆဲဖြစ်သော်လည်း မုံရွာမြို့နယ် ကြားဖြတ်ရွေးကောက် ပွဲတွင် စံပြမဲရုံအဖြစ် မြို့သစ်ရပ် မဲရုံ၌ မျက်မမြင်များကိုယ်တိုင် အဆင် ပြေပြေ မဲပေးနိုင်မှုကို တွေ့ရခြင်းသည် အားရစရာကောင်းသော မြင်ကွင်းဖြစ်ကြောင်း နိုင်ငံတကာအဆင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ANFREL FOUNDATION မှ International Observer Ms. Corazon Ignacio ထံမှ သိရသည်။
''မျက်မမြင်တွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ မဲပေးတာဟာ တကယ့်ကို စံချိန်တင်လောက်ပါတယ်။ UEC ကနေပြီး မျက်မမြင်နဲ့ မသန်စွမ်း တွေရဲ့ အခွင့်အရေးဥပဒေကို အခွင့် အရေးပေးခဲ့တယ်လို့ မြင်ပါတယ်။ မျက်မမြင်များကိုယ်တိုင် သူတို့ရဲ့ လက်စမ်းစူးဖောက်စာနဲ့ မဲပေးတာကို လေ့လာတွေ့ရှိတာ အားရစရာ ကောင်းလှပါတယ်။ မဲပေးတဲ့ စာရွက်ကို မျက်မမြင်တွေရေးတဲ့ လက်စမ်း စူးဖောက်စာအဖြစ် ပြောင်းလဲပေးတာဟာ အချိန်ယူပြီး ပြင်ဆင်ရတဲ့အရာပါ။ အဲဒါတွေကို မုံရွာကပေးထားတာ မြင်တော့ မျက်မမြင်တွေအတွက် အားရပါတယ်။ တချို့နိုင်ငံတွေမှာတောင် မျက်မမြင်တွေ မဲပေးနိုင်ဖို့အတွက် အခုထက်ထိ ခက်ခဲနေတုန်း ဆိုတာတွေ့နေရပါတယ်'' ဟု Ms. Corazon Ignacio က ပြောပြသည်။
မုံရွာမြို့ မြို့သစ်ရပ် ရောင်ခြည်သစ်မျက်မမြင် ပရဟိတကျောင်းမှ မျက်မမြင် ကျောင်းတက်သူ ၄ဝ ခန့် ရှိသည့်အနက် မဲပေးခွင့်ရှိသူ မျက်မမြင် ၂ဝ နှင့် မသန်စွမ်း တစ် ဦးတို့သည် ဧပြီ ၁ ရက် နံနက် ၁ဝ နာရီက မြို့သစ်ရပ်ကွက် အမှတ်(၁၅) မူလတန်းကျောင်းရှိ မဲရုံအမှတ်(၂) တည်ရှိရာ ပင်မတိုးချဲ့ ပုဗ္ဗသီရိကျောင်း ဆောင်သို့ လာရောက်ဆန္ဒမဲပေးခဲ့ကြသည်။ မဲပေးခွင့်ရှိသူ မျက်မမြင် ၂ဝ လွယ်လင့်တကူ နည်းစနစ်တကျမဲပေး နိုင်ရန် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲဝင်များက မဲပေးနည်းသင်တန်းများကို နှစ်ရက်ကြာ ပို့ချခဲ့သလို ယခု မဲပေးရာတွင် အခက်အခဲမရှိစေရန် မျက်မမြင်များအသုံးပြုသည့် လက်စမ်းစူးဖောက်စာကတ်ဖြင့် မဲပေးခဲ့ခြင်းဖြစ်ရာ မြန်မာနိုင်ငံမသန်စွမ်းသူ ရှေ့ဆောင်အဖွဲ့က မဲပေးရာတွင်သုံးရန် ငါးကတ်ကိုပေးလှူထားကြောင်း သိရသည်။ မဲပေးသည့်မျက်မမြင်များသည် မဲရုံအတွင်းမဲပေးရာတွင် မဲရုံတာဝန်ရှိသူများ၏ အကူအညီဖြင့် မဲပေးခန်းအတွင်းဝင်ကာ အထူးပြုလုပ်ထားသော လက်စမ်းစူးဖောက် မဲပေးကတ်ဖြင့် ကိုယ်တိုင်စမ်းသပ်မဲ ပေးကြောင်း၊ လက်သန်းတွင်မင်တို့ကာ မဲရုံအပြင်ထွက်လာသည့် မဲပေးသည့် မျက်မမြင်တိုင်း နိုင်ငံ့အတွက်တာဝန် ကျေပြီဟူသော မိမိကိုယ်မိမိယုံကြည်သော မျက်နှာများဖြင့်ထွက်လာ သည်ကိုမြင်ရသူတိုင်း ကြည်နူးမှုကို ခံစားရကြောင်း မဲလာပေးသူတစ်ဦးက ဆိုသည်။
''၂ဝ၁၅ ခုနှစ်တုန်းကလည်း မဲပေး ခဲ့တယ်။ အခု ၂ဝ၁၇ မဲရုံက မျက်မမြင် ကျောင်းနဲ့ပိုနီးတော့ လာရတာလွယ်တာပေါ့။ ကိုယ်စားလှယ်တွေ ကိုယ်တိုင်မျက်မမြင်ကျောင်းလာပြီး မဲဆွယ်စည်းရုံးတာမရှိပေမယ့် ရေဒီယို ကနားထောင်ပြီး မဲဘယ်သူ့ကိုပေး ရင်ကောင်းမယ်ဆိုတာကို ဆုံးဖြတ်ပြီး လာပေးတာပါ။ ၂ဝ၁၅ တုန်းက ပေးခဲ့တဲ့ ပါတီကိုယ်စားလှယ်ကိုပဲ မဲပေးခဲ့ပါတယ်။ မျက်မမြင် ၂ဝ ကို မဲပေးနည်းသင်တန်း နှစ်ရက်လာပေးထားတဲ့အတွက် အကူအညီမလိုဘဲ မဲပေးခန်းထဲမှာ ကိုယ့်ဘာသာလက်နဲ့ စမ်းမဲပေးနိုင်ခဲ့ပါတယ်။ မျက်မမြင်တွေရဲ့ဘဝ၊ စားဝတ်နေရေးအဆင်ပြေ ဖို့ကို အနိုင်ရတဲ့ကိုယ်စားလှယ်လောင်းအနေနဲ့ ဆောင်ရွက်ပေးဖို့ကိုပဲ မျှော်လင့်မိပါတယ်''ဟု မုံရွာမြို့ ရောင်ခြည်သစ် မျက်မမြင်ပရဟိတ ကျောင်းအုပ်ဆရာကြီး ဦးကြည်က ပြောသည်။
မျိုးဝင်းထွန်း(မုံရွာ)

No comments:

Post a Comment