Monday, April 3, 2017

အိန္ဒိယ၏ အရှည်လျားဆုံး ဥမင်ကားလမ်းသစ် ဂျမူးရ်-ဆရီနာဂါး ပြည်ထောင်စုလမ်းတွင် ဖွင့်


Image may contain: 4 people, people standing
နယူးဒေလီ ဧပြီ ၂
အိန္ဒိယနိုင်ငံ ဂျမူးရ်-ဆရီနာဂါး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ချန်နာနီ-နာရှရီ ဥမင်ကားလမ်းကို ဝန်ကြီးချုပ် နရိန္ဒြာမိုဒီက ဧပြီ ၂ ရက်တွင် ဖွင့်လှစ်ပေးလိုက်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သတင်းထုတ်ပြန်သည်။
အိန္ဒိယနိုင်ငံ၏ အရှည်လျားဆုံး ဥမင်ကားလမ်းဖွင့်ပွဲအခမ်းအနားအတွက် လုံခြုံရေးတင်းကျပ်ထားသည်။ ဂျမူးရ်-ဆရီနာဂါး အဝေးပြေးလမ်းမကြီးကို ဖွင့်လှစ်ခြင်းဖြင့် ခရီးသွားများ လွယ်ကူချောမွေ့စွာ သွားလာနိုင်မည်ဟု မျှော်လင့်ရသည်။ အမှတ်(၄၄) ပြည်ထောင်စုလမ်းမကြီးကို အသုံးပြု၍ ဂျမူးရ်မြို့နှင့် ဆရီနာဂါးမြို့အကြား ကူးလူးသွားလာ ရာတွင် ခရီးတာ ၃၁ ကီလိုမီတာ လျှော့ချပေးနိုင်မည်ဖြစ်ရာ ခရီးသွားလာရချိန်ကို နှစ်နာရီခန့် ပိုမိုလျော့နည်းစေမည်ဆို၏။
၉ ဒသမ ၂ ကီလိုမီတာ ရှည်လျားသော ဥမင်ကားလမ်းသည် အဝေးပြေးလမ်းမပေါ်ရှိ စခန်းသုံးခုကို ကွင်းရှောင်ကာ ဖောက်လုပ်ထားသဖြင့် အချိန်တိုတိုအတွင်း ခရီးသွားလာနိုင်ရန် ရည်ရွယ်သည်။
ဟိမဝန္တာတောင်တန်းဒေသ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၂ဝဝ (ပေ ၄ဝဝဝ ခန့်)တွင် အဆိုပါ ဥမင်ကားလမ်း တည်ရှိသည်။
အခြေခံအဆောက်အအုံလုပ်ငန်းဆိုင်ရာ ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီက ရန်ပုံငွေထောက်ပံ့မှုဖြင့် ဥမင်ကားလမ်းကို တည်ဆောက်ခဲ့ရာတွင် ငါးနှစ်ခွဲကြာမြင့်သည်အထိ အချိန်ယူဆောင်ရွက်ခဲ့ရသည်။ ဥမင်လမ်း တည်ဆောက်ရေးလုပ်ငန်းအတွက် ရူပီး ကုဋေ ၂၅ဝဝ ကျခံသုံးစွဲခဲ့သည်။ ဥမင်ကားလမ်းဖွင့်လှစ်နိုင်ခြင်းဖြင့်နေ့စဉ် စက်သုံးဆီသုံးစွဲရမှုအတွက် ကုန်ကျစရိတ်ငွေကို ရူပီး ၂၇ သိန်း ချွေတာရာ ရောက်စေနိုင်ကြောင်း သတင်းတွင် ဖော်ပြသည်။
ပီတီအိုင်။

No comments:

Post a Comment