Monday, April 3, 2017

(၁၅)ကြိမ်မြောက် ဆရာဝန်တင်ရွှေစာပေဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပ


Image may contain: 13 people, people smiling
ရန်ကုန် ဧပြီ ၂
(၁၅)ကြိမ်မြောက် ဆရာဝန်တင်ရွှေစာပေဆု ချီးမြှင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမာရွတ် မြို့နယ် ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ''မြန်မာနိုင်ငံ၌ ယခုနှစ်အတွင်း စာပေနှင့်ပတ်သက်သည့် အစီအစဉ်များ၊ စာပေပွဲလမ်းသဘင်အခမ်းအနားများ စည်ကားများပြားလာ သည်ကို တွေ့ရပါကြောင်း၊ မိမိအနေဖြင့် စာပေသမားဖြစ် သည့်အတွက် စာပေနှင့်ပတ်သက်ပြီး စာပေဖွံ့ဖြိုးတိုးတက် ရေး၊ စာပေနယ်ထွန်းကားစည်ပင်ရေးတို့ကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ စာပေလောကသားများကလည်း လွတ်လပ်ပွင့်လင်းလာသည့် အခွင့်အရေးကို အသုံးပြုပြီး စာပေနှင့်ပတ်သက်သည့်လုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်လာသည်ကို တွေ့ရပါကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် စာတမ်းဖတ်ပွဲများ၊ စာအုပ်ဈေးရောင်းပွဲတော်များ၊ ကလေးစာပေပွဲတော်များ ကျင်းပပေးလျက်ရှိပါကြောင်း၊ စာပေဆုဆိုသည်မှာ စာပေရေးသားသူများကို မြှောက်စားခြင်းဖြစ်သကဲ့သို့ စာပေကို ပိုပြီးထွန်းကားအောင်၊ စာပေပေါ်တွင် အများ စိတ်ဝင်စားအောင် အားပေးထောက်ပံ့ရာရောက်သည့် အတွက် စာပေသမားများအနေဖြင့် စာပေဆုချီးမြှင့်သူများ၊ စာပေဆုရွေးချယ်ရာတွင်ပါဝင်သည့် ဆရာကြီး ဆရာမကြီး များကို ကျေးဇူးတင်ရှိပါကြောင်း၊ စာပေဆုအလှူရှင်များ သည် ဆုများကို ယခုထက်မက ပိုမိုချီးမြှင့်နိုင်ကြပြီး ဆုရရှိ သူများအနေဖြင့်လည်း ယခုထက် ပိုမိုပြောင်မြောက်သော စာပေအရေးအသားများကို ဆက်လက်ရေးသားကြစေလို ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဆရာဝန်တင်ရွှေစာပေဆု ရွေးချယ်ရေး အဖွဲ့ဝင် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း (မနုဿကျော်ဝင်း)က စာပေဆု ချီးမြှင့်ခြင်းနှင့်စပ်လျဉ်း၍ ပြောကြားပြီး စာပေဆုရွေးချယ်ရေးအဖွဲ့ဝင် ဆရာ မောင်ခင်မင်(ဓနုဖြူ)က ဆုရမှတ်ချက်များကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က တစ်သက်တာစာပေဂုဏ်ဆောင်ဆုရ ဆရာကြီး ဦးဝင်းမောင်(မင်းယုဝေ)၊ ''ပုဂံဘုရား၊ ပုဂံစကား၊ ပုဂံသား''စာအုပ်ဖြင့်ဆုရရှိသူ မခင်နု(ဒဿန)၊ ''နန်းကျဘုရင(The King In Exile)'' ဘာသာပြန်စာအုပ်ဖြင့် ဆုရရှိသူ ဝင်းငြိမ်း၊ ''အိမ်မွေး အချစ်တော်များ'' စာအုပ်ဖြင့် ဆုရရှိသူ ဒေါက်တာခင်စန်းမော်၊ ''A Study of the Leadership Skills of Ancient Myanmar Monarchs့'ဘာသာပြန် စာအုပ်ဖြင့် ဆုရရှိသ Sun Thit Aung(KMA)တို့အား ဆုများချီးမြှင့်သည်။
ယင်းနောက် စာပေအလှူရှင် ဆရာဝန်တင်ရွှေမိသားစု ကိုယ်စား သမီးဖြစ်သ KMD Group of Companies မန်နေဂျင်းဒါရိုက်တာ ဒေါ်တင်တင်အေးက ဆုရွေးချယ်ရေး အဖွဲ့ကိုယ်စား ဆရာဦးကြည်မင်းအား ဂုဏ်ပြုလက်ဆောင် ပေးအပ်ပြီး သားဖြစ်သူ ဦးသက်လွင်ရွှေက သက်ကြီးစာရေး ဆရာများ ပူဇော်ပွဲအတွက် ငွေကျပ် ငါးသိန်းကို ပေးအပ် လှူဒါန်းရာ မြန်မာနိုင်ငံစာရေးဆရာအသင်း တွဲဖက် အတွင်းရေးမှူး(၁)မြတ်ဝေတိုး(ပညာရေးတက္ကသိုလ်)က လက်ခံသည်။
ထို့နောက် ဆုရရှိသူများက ကျေးဇူးတင်စကား ပြောကြားကြပြီး ဆရာဝန်တင်ရွှေမိသားစုကိုယ်စား သမီး ဖြစ်သူ ဒေါ်သက်သက်ရွှေက ကျေးဇူးတင်စကား ပြောကြား သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဆုရရှိသူများနှင့် စာပေအလှူရှင် မိသားစုများစုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
ဆရာဝန်တင်ရွှေစာပေဆုကို ၂ဝဝ၁ ခုနှစ်က စတင် ချီးမြှင့်ခဲ့ရာ ယခုဆိုလျှင် (၁၅)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။
သတင်း-ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ-ဇော်မင်းလတ်၊ ရဲထွဋ်

No comments:

Post a Comment