Sunday, April 2, 2017

မြန်မာ-ထိုင်းခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ပထမအကြိမ်အစည်းအဝေး ကော့သောင်းမြို့တွင် ပြုလုပ်

Image may contain: 3 people, people sitting and indoor


နေပြည်တော် ဧပြီ ၁

မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ထိုင်း နိုင်ငံ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့၏ နှစ်နိုင်ငံ ဝန်ကြီးများသည် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလတွင် နေပြည်တော်၌ တွေ့ဆုံ၍ နှစ်နိုင်ငံခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး နှင့် ခရီးသွားလုပ်ငန်းများမြှင့်တင်ရေးအတွက် သဘောတူစာချုပ် တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြသည်။
ယင်းသဘောတူစာချုပ်၏ နောက်ဆက်တွဲအစီအစဉ်အဖြစ် မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးရည်မွန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့နှင့် ထိုင်းနိုင်ငံအားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Mr.Pongpanu Sveterundra ဦးဆောင်သည့် ထိုင်းကိုယ်စားလှယ်အဖွဲ့တို့သည် မတ် ၃ဝ ရက် နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ Victoria Cliff Hotel ၌ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်မြှင့်တင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပ ခဲ့သည်။
အစည်းအဝေးတွင်Working Group (၁) ဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဦးရည်မွန်က မြန်မာနိုင်ငံသည် ယခင်က ပင် ASEAN , CLMV, MEGONG စသည့်နိုင်ငံများ၊ အဖွဲ့အစည်းများ၏ ခရီးသွားလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ပါ ကြောင်း၊ မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ အပြန်အလှန်ခရီးသွား လုပ်ငန်းတိုးမြှင့်ဆောင်ရွက် ရေးအတွက် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ လအတွင်း နှစ်နိုင်ငံဝန်ကြီးများ သဘောတူလက်မှတ်ရေးထိုး ခဲ့ကြပါ ကြောင်း၊ ယခုအခါWorking Group(၂) ခုဖြင့် အကောင်အထည်ဖော်လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ထိုင်းနိုင်ငံအားကစားနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Mr.Pongpanu Sveterundra က ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ လာရောက်လည်ပတ်သည့် ခရီးသည်များအဆင်ပြေစွာသွားလာ နိုင်ရေး၊ လာရောက် ရင်းနှီးမြှုပ်နှံလိုသူများ လွယ်ကူစွာလုပ်ကိုင် နိုင်ရေး၊ ကော့သောင်းဒေသရှိ အက်ဒမန် ပင်လယ်ကျွန်းစုများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ နှစ်နိုင်ငံကမ္ဘာလှည့်ခရီးသည် စောင့်ရှောက်ရေးရဲတပ်ဖွဲ့(Tourist Police) များ အပြန် အလှန်ကူညီရေးကိစ္စရပ်များကို ဆွေးနွေးသည်။
ယင်းနောက် တာဝန်ရှိသူများက ခရီးသွားဧည့်သည်များ နှင့်သက်ဆိုင်သည့် သတင်းများ အပြန်အလှန်ဖလှယ်ပေးပို့ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသအတွင်း ခရီးသွားများ တစ်စုံတစ်ရာ မတော်တဆမှုများဖြစ်ပွားပါက အပြန်အလှန်အကူအညီပေးရေး၊ နယ်စပ် ဖြတ်ကျော်ဝင်ရောက်ကြသည့် ခရီးသွားဧည့်သည်များ၏ လုံခြုံရေးအတွက် ကူညီ စောင့်ရှောက်ရေး၊ တတိယနိုင်ငံသား များ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ဝင်ရောက်လည်ပတ်နိုင်ရေးနှင့် ကော့သောင်းဒေသရှိ ခရစ္စတင်းကျွန်းသို့လည်း လာရောက်ရာ တွင် ကူညီသွားမည်ဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိစ္စရပ် များ လွယ်ကူစေရေး၊ လုပ်ငန်းစဉ်များ ရှင်းလင်းပြီး လျှော့ချ သွားနိုင်ရေးကိစ္စများဆွေးနွေးသည်။
ဆက်လက်၍Working Group အဖွဲ့ (၂) ခေါင်းဆောင်FMI ကုမ္ပဏီများ အုပ်စုဥက္ကဋ္ဌ ဦးသိမ်းဝေ(ခ)Mr.Serge Pun က အဏ္ဏဝါခရီးသွားလုပ်ငန်းများ တိုးတက်လာစေရေး၊ လာရောက်ရင်းနှီးမြှုပ်နှံမှုများအား အပြည့်အဝပူးပေါင်း ဆောင်ရွက်ပေးရေးကိစ္စရပ်များကိုလည်းကောင်း ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း(MTF) အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းက နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း အရှိန်မြှင့်တိုးတက်လာစေရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ပူးပေါင်းဆောင် ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း ဆွေးနွေးသည်။
ထို့နောက် နှစ်နိုင်ငံအမြဲတမ်းအတွင်းဝန် အသီးသီးတို့က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment