Sunday, April 2, 2017

ကြားဖြတ်ရွေးကောက်ပွဲ နိုင်ငံအဝန်း လစ်လပ်မဲဆန္ဒနယ်များ၌ တစ်ပြိုင်နက်ကျင်းပ ရန်ကုန်တိုင်းဒေသကြီး၌ မဲရုံပေါင်း ၉၄၂ ရုံဖွင့်လှစ်၊ မဲဆန္ဒရှင် တစ်သန်းကျော်ရှိ

Image may contain: 3 people, people standing



သတင်းစဉ်(ရန်ကုန်သတင်းအဖွဲ့)
ရန်ကုန် ဧပြီ ၁

၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ယနေ့ နံနက် ၆ နာရီမှ စတင်၍ နိုင်ငံ တစ်ဝန်းရှိ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာ၌ တစ်ပြိုင်နက်ကျင်းပသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လစ်လပ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် လေးနေရာတွင် လှိုင်သာယာ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ် (အရှေ့ ပိုင်း)နှင့် ကော့မှူးမြို့နယ်များ ပါဝင် ပြီး လစ်လပ်အမျိုးသား မဲဆန္ဒနယ် တစ်နေရာဖြစ်သည့် ရန်ကုန်တိုင်းဒေသ ကြီး အမျိုးသားလွှတ်တော် အမှတ်(၆) မဲဆန္ဒနယ်မြေတွင် ကမာရွတ်၊ ကြည့်မြင် တိုင်၊ ဆိပ်ကမ်း၊ လသာ၊ လှိုင်၊ လမ်းမတော် နှင့် အလုံမြို့နယ်တို့ ပါဝင်ရာ သတ်မှတ် မဲရုံပေါင်း ၉၄၂ ရုံ ဖွင့်လှစ်ထားရှိပြီး မဲပေးခွင့်ရှိသူ မဲဆန္ဒရှင် ပြည်သူ ၁ဝဝ၆၂၅၂ ဦး မဲပေးခွင့်ရှိကြောင်း သိရ သည်။ မဲရုံများ စတင်ဖွင့်ချိန် နံနက် ၆ နာရီတွင် မဲရုံအများစု၌ လာရောက် မဲပေးသူ နည်းပါးမှုရှိနေသော်လည်း နံနက် ၈ နာရီနောက်ပိုင်းမှစတင်၍ မဲပေး သူများ တဖွဲဖွဲ လာရောက်မဲပေးကြ သည်ကို တွေ့မြင်ရသည်။ ကြားဖြတ် ရွေးကောက်ပွဲကျင်းပနေစဉ် ပြည်သူများ လွတ်လပ်၍ တရားမျှတစွာ မဲပေးနိုင်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့၏ အင်အားထက်ဝက်ခန့်ကို အသုံးပြု၍ လုံခြုံရေးအစီအမံများ ဆောင်ရွက်ထား ကြောင်းလည်း သိရသည်။
ယနေ့ကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီး ကြားဖြတ်ရွေးကောက်ပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်သည် ကမာရွတ် မြို့နယ်အမှတ်(၄)ရပ်ကွက် ယုဇနလမ်း နှင့် ဘုရင့်နောင်လမ်းကြား သင်္ဘောကျင်း အိမ်ရာရှိ အမှတ်(၁)မဲရုံတွင် လည်း ကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်သည် လှိုင်သာယာမြို့နယ်FMI City ဝင်း အတွင်းရှိ ဖွင့်လှစ်ထားသော မဲရုံတွင် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ကမာရွတ်မြို့နယ် (၁ဝ)ရပ်ကွက်ရှိ အမျိုးသမီးဂေဟာ၌ ဖွင့်လှစ်ထားသော အမှတ်(၃)မဲရုံတွင် လည်းကောင်း လာရောက် ဆန္ဒမဲပေးခဲ့ကြသည်။
လှိုင်သာယာမြို့နယ်တွင် မဲရုံပေါင်း ၂၆၂ ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူ ၃၇၈၅၁၆ ဦးရှိရာ နံနက် ၆ နာရီမှ စတင်၍ မဲဆန္ဒ ရှင် ပြည်သူများက သက်ဆိုင်ရာမဲရုံများ တွင် လာရောက်မဲပေးကြသည်။
လှိုင်သာယာမြို့နယ် အမှတ်(၅) အခြေခံပညာ အလယ်တန်းကျောင်းရှိ မဲရုံတွင် လာရောက်မဲပေးသူ ဒေါ်အေးမြတ် မွန်က ''မဲလက်မှတ်ကို ကြိုထုတ်ထား တာဆိုတော့ မဲပေးရတာ အဆင်ပြေပါ တယ်။ မနက်ပိုင်းဆိုတော့ မဲပေးတဲ့သူ နည်းနေသေးတယ်။ တိုင်းပြည်အတွက် တကယ်အကျိုးပြုမယ့် ကိုယ်စားလှယ် မျိုးကို ရွေးချယ်ခဲ့ပါတယ်''ဟု ပြောသည်။
ကျန်လစ်လပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သုံးနေရာဖြစ်သော ဒဂုံ မြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မဲရုံပေါင်း ၁ဝ၈ ရုံ နှင့် မဲပေးပိုင်ခွင့်ရှိသူ ၈၉၈ဝ၇ ဦး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် မဲရုံပေါင်း ၁၆၉ ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူ ၉၉၆၃၁ ဦးနှင့် ကော့မှူးမြို့နယ်တွင် မဲရုံပေါင်း ၁၅၅ ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူ ၉၄၆၉၈ ဦးတို့ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၆၉) ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာ မူလတန်းကျောင်း မဲရုံသို့ ဆန္ဒမဲ လာရောက်မဲပေးသူ ကိုကျော်ကျော်သက် က ''ကြားဖြတ်ရွေးကောက်ပွဲကို စိတ်ဝင် စားပါတယ်၊ မဲရုံဖွင့်စ အချိန်လောက်က လူကနည်းပါတယ်၊ သိပ်မတွေ့ရဘူး၊ တဖြည်းဖြည်းတော့ မဲလာပေးတဲ့သူများ တာ တွေ့ရပါတယ်၊ အခုချိန်က နိုင်ငံ ကောင်းဖို့အတွက် ချီတက်နေချိန်မှာ နိုင်ငံသားတစ်ယောက်အနေနဲ့ တာဝန် ကျေပွန်ချင်လို့ပါ။ ကိုယ်ရွေးချယ်မယ့် ကိုယ်စားလှယ်က နိုင်ငံအတွက် အလုပ် လုပ်နိုင်မယ့်သူကို မျှော်လင့်တယ်၊ ရပ်ရွာ ဒေသအတွက် ကောင်းတာတွေ လုပ်ပေး ဖို့လည်း မျှော်လင့်ပါတယ်''ဟု ပြောသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ မဲဆန္ဒရှင်များ အေးချမ်းစွာ ဆန္ဒမဲပေးနိုင် ရေးအတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင် များက လှည့်ကင်းပတ်ကင်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့မြင် ရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၉၄) ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း မဲရုံတွင် ဆန္ဒမဲ လာရောက်ပေးသူ ဒေါ်မြင့်မြင့်စန်းကမူ ''ကိုယ်သဘောကျတဲ့ ရွေးချယ်မယ့် ကိုယ်စားလှယ်က ကိုယ်မြို့နယ်ဒေသ အတွက် စွမ်းဆောင်ဖြည့်ဆည်းပေးနိုင် မယ်လို့ မျှော်လင့်ပြီး မဲပေးခဲ့တာပေါ့'' ဟု ဆိုသော်လည်း လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကမူ ''ယခု ကြားဖြတ် ရွေးကောက်ပွဲကို မဲမပေးတော့ဘူး'' ဟု ပြောသည်။
လစ်လပ် အမျိုးသားမဲဆန္ဒနယ် တစ်နေရာဖြစ်သည့် ရန်ကုန်တိုင်းဒေသ ကြီး အမျိုးသားလွှတ်တော် အမှတ်(၆) မဲဆန္ဒနယ်မြေတွင် ကမာရွတ်မြို့နယ်၌ မဲရုံပေါင်း ၃၅ ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူ ၅၈၄၄၃ ဦး၊ ကြည့်မြင်တိုင်မြို့နယ်၌ မဲရုံ ပေါင်း ၅၄ ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူ ၇ဝ၉၁၄ ဦး၊ ဆိပ်ကမ်းမြို့နယ်၌ မဲရုံပေါင်း သုံးရုံ နှင့် မဲပေးပိုင်ခွင့်ရှိသူ ၁၈၃၇ ဦး၊ လသာ မြို့နယ်၌ မဲရုံပေါင်း ၁၈ ရုံနှင့် မဲပေးပိုင် ခွင့်ရှိသူ ၂၂၁ဝ၁ ဦး၊ လှိုင်မြို့နယ်၌ မဲရုံ ပေါင်း ၈၅ ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူ ၁၁၁၁၈၆ ဦး၊ လမ်းမတော်မြို့နယ်၌ မဲရုံ ပေါင်း ၂၁ ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူ ၃၃၃၇၆ ဦးနှင့် အလုံမြို့နယ်၌ မဲရုံပေါင်း ၃၂ ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူ ၄၅၇၄၃ ဦးတို့ရှိကြောင်း သိရသည်။
လှိုင်မြို့နယ်ရှိ သတ်မှတ်မဲရုံတွင် ဆန္ဒမဲလာရောက်ပေးသူ ဦးသိန်းနိုင်က ''ကိုယ့်မြို့နယ်၊ ကိုယ့်ရပ်ကွက် တိုးတက် အောင် လုပ်ပေးနိုင်မယ်ထင်တဲ့သူကို ရွေးချယ်မဲပေးခဲ့တာပါ။ လွတ်လွတ် လပ်လပ်လည်း မဲပေးခွင့်ရပါတယ်။ သူတို့ လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်''ဟု ဆိုသကဲ့သို့ ဒေါ်လွင်လွင်ခိုင်ကမူ ''တိုးတက်အောင် လုပ်ပေးနိုင်မယ်ဆိုတဲ့ ယုံကြည်မှုတစ်ခုကြောင့်ပေါ့၊ လိုအပ်ချက် တွေက အများကြီးရှိပါတယ်၊ လုပ်ပေးနိုင် မယ့် အတိုင်းအတာအထိတော့ မျှော်လင့် ပါတယ်'' ဟု ပြောသည်။
ကမာရွတ်မြို့နယ်ရှိ သတ်မှတ်မဲရုံ တွင် ဆန္ဒမဲလာရောက်ပေးသူ ပန်းချီ ပညာရှင် ကိုတင်လှိုင်က ''ကျွန်တော် ရွေးကောက်တင်မြှောက်ချင်တဲ့ ကိုယ်စား လှယ်၊ ယုံကြည်အားထားရတဲ့ ပုဂ္ဂိုလ်ကို လွတ်လွတ်လပ်လပ် မဲပေးခွင့်ရခဲ့ပါတယ်။ ကျွန်တော်တို့မြို့နယ်၊ ရပ်ကွက်အထိ တိုးတက်အောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်လို့ပါ'' ဟု ဆိုသည်။
လမ်းမတော်မြို့နယ် အမှတ်(၇) ရပ်ကွက် မဲရုံအမှတ်(၂) မဲရုံမှူး ဦးမောင်မောင်တင်က ''မနက် ၆ နာရီ မဲရုံစဖွင့်တဲ့အချိန်ကစပြီး တစ်နာရီ တစ်ကြိမ် စစ်တမ်းကောက်တယ်။ တစ်နာရီအတွင်းမှာ ၁ဝဝ ကျော် ဝင်ပါ တယ်။ မဲပေးမယ့်သူတွေကို ကြိုတင်ပြီး လက်မှတ်လေးတွေ ပေးထားပါတယ်။ လာတဲ့သူတွေ အခက်အခဲမရှိအောင် မဲစာရင်းစာအုပ်လည်း ချထားပေးထား တယ်။ နံပါတ်ပြောလိုက်တာနဲ့ တစ်ခါ တည်း မဲပေးလို့ရတယ်။ စောင့်ရရင် တစ်မိနစ်၊ နှစ်မိနစ်ပဲ။ လူများရင်တော့ နည်းနည်းစောင့်ရပါတယ်'' ဟု ပြော သည်။
ယနေ့ကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီး ကြားဖြတ်ရွေးကောက်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ မာစီရယ်လ်နှင့် နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ ပြည်တွင်း ပြည်ပလေ့လာစောင့်ကြည့်ရေး အဖွဲ့ဝင်များကလည်း သက်ဆိုင်ရာ မဲဆန္ဒနယ်မြေများမှ မဲရုံများသို့ သွားရောက် ကြည့်ရှုလေ့လာခဲ့ကြသည်။
Newspaper of the Japanese Communit Party မှ Honai Bureau Chief ဖြစ်သူ Mr. MATSUMOTO Masashiက ''ဂျပန် အာခါတာရှင်ဗွန်း သတင်းဌာန ကပါ၊ လေ့လာသူအနေနဲ့ လာတာပါ။ လမ်းမတော်မြို့နယ်နဲ့ အနီးတစ်ဝိုက်ကို သွားမယ်။ ဒီမဲရုံတွေသွားမယ်။ စိတ်ဝင် စားမှုအနေနဲ့ မဲရုံတစ်ဝိုက်မှာ ကြည့်လိုက် တဲ့အခါ မဲပေးသူတွေ လာတာတွေ့ပေမယ့် အရင်General Election လောက် တော့ မတွေ့ပါဘူး။ ဒီ By Electionကတော့ စိတ်ဝင်စားမှု အများကြီး မရှိတာတွေ့ရတယ်။ ပြည်သူတွေအနေနဲ့ NLD Government ရဲ့ တစ်နှစ်တာ Election အပြီးမှာ ဘာတွေလုပ်နိုင် ခဲ့တယ်။ ဘာတွေကို ဆက်ပြီးလုပ်မယ် ဆိုတာကို မျှော်လင့်နေကြတယ်။ စီးပွား ရေးနဲ့ တိုင်းရင်းသားကဏ္ဍတွေမှာ ဘယ်လိုတွေများ ဖြေရှင်းမလဲဆိုတဲ့ မျှော်လင့်ချက်တွေလည်း ရှိနေကြတယ် လို့ ယူဆတယ်''ဟု ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် မဲဆန္ဒနယ် ၁၉ နယ် အတွက် ကြားဖြတ်ရွေးကောက်ပွဲ ရလဒ် များကို နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး Result Center ၌ ဧပြီ ၂ ရက် နံနက် ၉ နာရီ တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ် ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လစ်လပ်မဲဆန္ဒနယ်များရှိ မဲရုံများတွင် ဆန္ဒမဲ လာရောက်ပေးသူများ စနစ်တကျ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲမှ တာဝန်ရှိသူများ၊ မဲရုံမှူးများနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။
ညနေ ၄ နာရီ မဲရုံများ ပိတ်သိမ်း သည့်အချိန်တွင်လည်း မဲရုံမှူးများနှင့် မဲရုံ အဖွဲ့ဝင်များသည် မဲပုံးများကို ဖွင့်ဖောက် ၍ ခိုင်လုံမဲနှင့် ပယ်မဲတို့ကို စနစ်တကျ ရွေးချယ်ရေတွက်ကြပြီး သက်ဆိုင်ရာ မှတ်တမ်းစာအုပ်များ၌ မှတ်တမ်းရေးသွင်း ကြသည်

No comments:

Post a Comment