Wednesday, April 26, 2017

လေကြောင်းလူငယ်အခြေခံသင်တန်း (၁/၂ဝ၁၇) ဖွင့်လှစ်

Image may contain: 11 people, people standing and crowd
မကွေး ဧပြီ ၂၅
ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် လေကြောင်းလူငယ်အခြေခံသင်တန်း (၁/၂ဝ၁၇) ဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၂၄ ရက် နံနက် ၉ နာရီက မကွေးမြို့တော်ခန်းမ၌ ပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဇော်မြင့်စန်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသော ဧည့်သည်တော်များမှ သင်ထောက်ကူပစ္စည်းများအား ကြည့်ရှုလေ့လာခြင်း၊ မှတ်တမ်း ဓာတ်ပုံရိုက်ကူးခြင်းတို့ ဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက သင်တန်းကို မြန်မာပြည်တစ်ဝန်းလေတပ်စခန်းရှိသည့်နေရာများတွင် တစ်ပြိုင်တည်း ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း၊ လေကြောင်းပညာကို စိတ်ပါဝင်စားသည့် မျိုးဆက်သစ်များအနေဖြင့် နောင်တစ်ချိန် ခေါင်းဆောင်ကောင်းများဖြစ်လာစေရန် ကြိုးပမ်းသွားကြစေလိုကြောင်း လေကြောင်းလူငယ်အခြေခံသင်တန်းဖွင့်ပွဲတွင် ထည့်သွင်းပြောကြားသည်။
မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဇော်မြင့်စန်းက လေကြောင်းပညာသမိုင်းကိုလေ့လာခြင်းဖြင့် လေကြောင်းနှင့်အာကာသသိပံ္ပဆိုင်ရာ ပညာရပ်များကို စိတ်ဝင်စားမှု တိုးပွားလာစေရန်၊ လေယာဉ်ပျံသန်းမှုနှင့်သက်ဆိုင်သော ပညာရပ်များကို တတ်သိနားလည်ကာ နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောသည်။
လေကြောင်းလူငယ်အခြေခံသင်တန်းတွင် စစ်ရေးပြဘာသာရပ်၊ လေကြောင်းသမိုင်းဘာသာရပ်၊ လေယာဉ်ပျံသန်းမှု အခြေခံဘာသာရပ် (R/C
လေယာဉ်နှင့်Simulator မောင်းနှင်ပျံသန်းခြင်း) လေယာဉ်တည်ဆောက်မှုဘာသာရပ်၊ စက်ရုံတည်ဆောက်မှုဘာသာရပ်၊ လေယာဉ်ပုံစံငယ်တည်
ဆောက်မှုဘာသာရပ် (S/C လေယာဉ်နှင့်Solid Model လေယာဉ်ပုံစံငယ်) စသည့်ဘာသာရပ် ခြောက်မျိုးကို သင်ကြားသွားမည်ဖြစ်သည်။ သင်တန်းသို့ မကွေးတိုင်းဒေသကြီးအတွင်းမှ သင်တန်းသား ၂၉ ဦး၊ သင်တန်းသူ ၁၁ ဦး စုစုပေါင်းသင်တန်းသား ၄ဝ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တလေးပတ်ကြာမြင့်မည်ဖြစ်သည်။
လေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂ဝ၁၇) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မကွေးတပ်နယ်အသီးသီးမှအရာရှိစစ်သည်များ၊ မကွေးလေတပ်စခန်းဌာနချုပ်မှ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

No comments:

Post a Comment