Sunday, April 2, 2017

အာရှယူ-၁၉ ဘော်လီဘောပြိုင်ပွဲ ဒုတိယအဆင့် အုပ်စုပွဲများ ကျင်းပ



Image may contain: 3 people, people playing sports and shorts
နေပြည်တော် ဧပြီ ၁
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂ဝ၁၇ အာရှ ယူ-၁၉ ဘော်လီဘောပြိုင်ပွဲ အုပ်စု ဒုတိယအဆင့် ပတ်လည်ပွဲများကို ယနေ့နံနက်ပိုင်းမှစ၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ကျင်းပရာ မြန်မာအသင်း ရှုံးပွဲကြုံတွေ့ခဲ့သည်။
မြန်မာအသင်းသည် အာဆီယံဒေသတွင်းပြိုင်ဘက် ထိုင်းအသင်း နှင့်တွေ့ဆုံခဲ့ပြီး သုံးပွဲပြတ်ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် ထိုင်းအသင်းကို ပထမပွဲငယ်နှင့် တတိယပွဲငယ်တွင် အကြိတ်အနယ် ယှဉ်ပြိုင်ကစားနိုင်ခဲ့သော်လည်း ကပ်ပြီးရှုံးနိမ့်ခဲ့ရသည်။ မြန်မာအသင်းသည် ထိုင်းကို ၂၅-၂၇ မှတ်၊ ၁၈-၂၅ မှတ်၊ ၂၃-၂၅ မှတ်ဖြင့် သုံးပွဲပြတ် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဒုတိယအဆင့် အုပ်စုအခြားပွဲစဉ်များတွင် တောင်ကိုရီးယားအသင်းက တရုတ်(တိုင်ပေ)အသင်းကို သုံးပွဲပြတ်၊ ဂျပန်အသင်းက သြစတြေးလျအသင်းကို သုံးပွဲပြတ်၊ တရုတ်အသင်းက အီရန်အသင်းကို သုံးပွဲ-နှစ်ပွဲဖြင့် အနိုင်ရခဲ့သည်။
ဒုတိယနေ့ကို ဧပြီ ၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး နံနက် ၁ဝ နာရီတွင် အီရန်နှင့် တရုတ် (တိုင်ပေ)၊ မွန်းလွဲ ၁၂ နာရီခွဲ တွင် မြန်မာနှင့် ဂျပန်၊ ညနေ ၃ နာရီတွင် သြစတြေးလျနှင့် ထိုင်း၊ ညနေ ၅ နာရီခွဲတွင် တောင်ကိုရီးယားနှင့် တရုတ်တို့ ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။
သတင်း - ရဲရင့်ရှိုင်း၊ ဓာတ်ပုံ - ကိုကိုစိုးညွန့်

No comments:

Post a Comment