
စတော့ဟုမ်း ဧပြီ ၂၅
၂ဝ၁၆ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံများ၏ ကာကွယ်ရေးစရိတ်သုံးစွဲမှု ပမာဏသည် ၂ဝ၁၅ ခုနှစ်က သုံးစွဲသည့် ပမာဏထက် မြင့်တက်လျက်ရှိကြောင်း ဆွီဒင်သုတေသန အင်စတီ ကျူးတစ်ခု၏ စစ်တမ်းအရ သိရသည်။
စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသန အင်စတီကျူး၏ ဧပြီ ၂၄ ရက်တွင် ထုတ်ပြန် ခဲ့သော စစ်တမ်းအရ ၂ဝ၁၆ ခုနှစ် အတွင်း ကမ္ဘာ့နိုင်ငံများ၏ ကာကွယ်ရေး စရိတ်သုံးစွဲငွေ ပမာဏသည် ၁ ဒသမ ၆၉ ထရီလီယံ ဒေါ်လာရှိကြောင်း သိရသည်။
ယင်းပမာဏသည် ၂ဝ၁၅ ခုနှစ်က ကာကွယ်ရေးစရိတ် သုံးစွဲငွေပမာဏ ထက် ၄ ရာခိုင်နှုန်း မြင့်တက်လျက်ရှိသည်။
အမေရိကန်ပြည်ထောင်စုက ၂ဝ၁၆ ခုနှစ်အတွင်း ကာကွယ်ရေးအသုံး စရိတ် ဒေါ်လာ ၆၁၁ ဘီလီယံ သုံးစွဲခဲ့ပြီး ကာကွယ်ရေးစရိတ်အများဆုံး သုံးစွဲသည့်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။ ၂ဝ၁၅ ခုနှစ်က သုံးစွဲသည့် ပမာဏထက် ၁ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်သုံးစွဲထားကြောင်း တွေ့ရသည်။ အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်များ တပ်ဖြန့်ထားမှုကို ပြန်လည်ရုပ်သိမ်းပြီးနောက် ကာကွယ်ရေးအသုံးစရိတ် မြင့်တက်သုံးစွဲခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။
တရုတ်နိုင်ငံက ၂ဝ၁၆ ခုနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်ကို ဒေါ်လာ ၂၁၅ ဘီလီယံ သုံးစွဲခဲ့ပြီး ၂ဝ၁၅ ခုနှစ်က သုံးစွဲခဲ့သည့်ပမာဏ ထက် ၅ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်သုံးစွဲခဲ့သည်။
ရုရှားနိုင်ငံက ကာကွယ်ရေးအသုံးစရိတ်ကို ဒေါ်လာ ၆၉ ဒသမ ၂ ဘီလီယံသုံးစွဲခဲ့ပြီး ၂ဝ၁၅ ခုနှစ် ကထက် ၅ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်သုံးစွဲခဲ့ကြောင်း တွေ့ရှိရသည်။
ထိုသို့ တရုတ်နှင့် ရုရှားနိုင်ငံတို့၏ ကာကွယ်ရေးအသုံးစရိတ် မြင့်တက်သုံးစွဲမှုသည် အိမ်နီးချင်းနိုင်ငံများအား ဒေသတွင်းလုံခြုံရေးအတွက် ပိုမိုတင်းကြပ်ရန် ဆော်သြနေခြင်းဖြစ်သည်ဟု အင်စတီကျူး၏ စစ်တမ်းတွင် ထည့်သွင်းရေးသားထားသည်။
၂ဝ၁၆ ခုနှစ်အတွင်း အာရှနှင့် ပစိဖိတ်ဒေသ၌ ကာကွယ်ရေးသုံးစွဲမှု ပမာဏသည် ၄ ဒသမ ၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။
ရုရှားနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ဘော်လတစ်နိုင်ငံ သုံးနိုင်ငံအနက် နှစ်နိုင်ငံဖြစ်သည့် လတ်ဗီးယားနှင့် လစ်သူအားနီးယားတို့သည် ကာကွယ်ရေးအသုံးစရိတ်ကို ယခင်နှစ်များထက် သိသိသာသာ ပိုမိုမြင့်တက်သုံးစွဲလာကြကြောင်း တွေ့ရှိရသည်။ လတ်ဗီးယားနိုင်ငံသည် ၄၄ ရာခိုင်နှုန်း ပိုမိုသုံးစွဲပြီး လစ်သူအားနီး ယားနိုင်ငံသည် ၃၅ ရာခိုင်နှုန်းပိုမိုသုံးစွဲကြောင်း အင်စတီကျူး၏ စစ်တမ်းအရ သိရသည်။
အင်န်အိတ်ခ်ျကေ။
No comments:
Post a Comment