Saturday, April 1, 2017

ကြားဖြတ်ရွေးကောက်ပွဲတွင် ကမာရွတ်မြို့နယ်အတွင်း လုံခြုံရေးတိုးချဲ့ဆောင်ရွက်မည်


No automatic alt text available.
ရန်ကုန် မတ် ၃၁
၂ဝ၁၇ ခုနှစ် ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကမာရွတ်မြို့နယ် အတွင်းရှိ မဲရုံများ၌ ရဲတပ်ဖွဲဝင်ဦးရေ ၉ဝ နီးပါးဖြင့် လုံခြုံရေးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းကျော်က ပြောကြားသည်။
ကမာရွတ်မြို့နယ်အတွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ (၅)ပါတီနှင့် တစ်သီးပုဂ္ဂလ တစ်ဦးတို့က အမျိုးသားလွှတ်တော်နေရာအတွက် ဝင်ရောက်အရွေးချယ် ခံကြမည်ဖြစ်ကြောင်း သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲနေ့အတွက် လုံခြုံရေးကို ကမာရွတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သာမက အခြားသော မြို့နယ်များမှ ရဲတပ်ဖွဲ့ဝင်များဖြင့်လည်း အင်အားတိုးချဲ့ထားကြောင်း သိရသည်။ ထို့ပြင် မီးတန်းကား၊ ဆိုင်ကယ်လှည့်ကင်းများအပြင် ယာဉ်တင်အသင့်တပ်ဖွဲ့ဝင်များ ပါ လုံခြုံရေးတိုးချဲ့ထားကြောင်း သိရသည်။
ကမာရွတ်မြို့နယ်အတွင်း တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ရုံး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးများတွင် မတ် ၂၂ ရက်မှ စတင်၍ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ မြို့နယ်အတွင်း မဲရုံ ၃၅ ရုံတွင် လုံခြုံရေး ကို မတ် ၃၁ ရက်မှစ၍ ဆောင်ရွက်ပေးထားကြောင်း သိရသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ မြို့နယ်အတွင်းကွပ်ကဲရေးရုံးဖွင့်၍ လုံခြုံရေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ- ခင်မောင်သော်(ကမာရွတ်)

No comments:

Post a Comment