Sunday, April 2, 2017

ရန်ကုန်တိုင်းဒေသကြီး ကြားဖြတ်ရွေးကောက်ပွဲနှင့် သူတို့အမြင်



Image may contain: 1 person
၂ဝ၁၇ ခုနစ် ကြားဖြတ်ရွေးကောက်ပွဲကို မြန်မာတစ်နိုင်ငံလုံးရှိ လစ်လပ်မဲဆန္ဒနယ်(၁၉)နေရာအတွက် ဧပြီ ၁ ရက်တွင် ကျင်းပခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးတွင်လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လေးနေရာအတွက် ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အရှေ့)၊ ကော့မှူး၊ လှိုင်သာယာမြို့နယ်တို့တွင် လည်းကောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်နေရာအတွက် ဆိပ်ကမ်း၊ လသာ၊ လမ်းမတော်၊ အလုံ၊ ကြည့်မြင်တိုင်၊ ကမာရွတ်နှင့် လှိုင်မြို့နယ် တို့တွင်လည်းကောင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲကျင်းပသည့် မဲဆန္ဒနယ်များသို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးဥက္ကဋ္ဌနှင့် နိုင်ငံခြား သံအမတ်များက လှည့်လည်ကြည့်ရှုခဲ့ကြရာ ကြားဖြတ်ရွေးကောက်ပွဲအပေါ် သဘောထားအမြင်များကို ကောက်နုတ်ဖော်ပြလိုက်ရပါသည်။
မစ္စတာမာစီရယ်လ် 
(မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး)

မြန်မာနိုင်ငံက ပြည်သူတွေအနေနဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ မဲပေးခြင်းကို အခုလို ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးကြတာမြင်ရလို့ ဝမ်းသာပါတယ်။ ကျွန်တော် ကိုယ်တိုင်ကတော့ တစ်ခု၊ နှစ်ခုလောက်ပဲ ကြည့်ဖို့ရှိပါတယ်။ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေကတော့ အခြားမဲရုံတွေကို သွားလေ့လာ နေတာတွေရှိပါတယ်။ အခုကတော့ မနက်ပိုင်း ပဲရှိသေးတော့ မှတ်ချက်ပေးဖို့တော့ စောပါသေးတယ်။ ဒီရွေးကောက်ပွဲက တရားမျှတမှု ရှိ၊ မရှိဆိုတာကိုတော့ မြန်မာပြည်သူတွေ၊ မဲပေးသူတွေက သူတို့မဲပေးရတာ လွတ်လပ်မှု ရှိ၊ မရှိကို သူတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ရပါလိမ့်မယ်။ ကျွန်တော်တို့ အခုလိုလာပြီး လေ့လာတယ်ဆိုတာက မြန်မာနိုင်ငံမှာ အခုလို ရွေးကောက်ပွဲတွေဖြစ်ပေါ်လာဖို့ ဘက်ပေါင်းစုံ က လုပ်နေတဲ့သူတွေအတွက် ကျွန်တော်တို့က အပြည့်အဝ ထောက်ခံအားပေးမှုရှိတယ်ဆိုတာကို ဖော်ပြချင်တဲ့ရည်ရွယ်ချက်နဲ့ လာလေ့လာတာ ဖြစ်ပါတယ်။ အခု ကျွန်တော်လေ့လာမိ သလောက်တော့ လုပ်ပေးထားတာတွေ ကြည့်ရတာ အထင်ကြီးလေးစားမိပါတယ်။မြန်မာနိုင်ငံမှာ မဲပေးတဲ့သူတွေထဲမှာ မသန်စွမ်းတွေကအစ မဲပေးနိုင်အောင် သေချာစီစဉ်ထားတာ၊ အလုပ်တွေအများကြီး လုပ်ထားတာကို တွေ့ရတဲ့အတွက် ကျေနပ်ဝမ်းမြောက်မိပါတယ်။
H. E. Mr. JUKR BOON-LONG 
(မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး)

ဒီမိုကရေစီအစိုးရတွေမှာ အမြင်အာရုံ ချို့တဲ့သူတွေကိုလည်း မဲပေးနိုင်အောင် စီစဉ်ထားတာတွေ့ရတဲ့အတွက် ဒီမဲရုံကို လာကြည့်ရတာ ကျွန်တော် ကျေနပ်အားရ ဖြစ်မိပါတယ်။ ဂုဏ်လည်းယူပါတယ်။ အလုံမြို့နယ်မှာ မဲပေးနေတာတွေကိုလည်း ကြည့်ခဲ့ပါတယ်။ နေ့လယ်ပိုင်းမှာလည်း အခြားမြို့နယ်တွေကို သွားလေ့လာဖို့ အစီအစဉ်တွေ ရှိပါတယ်။ ပထမဆုံး လေ့လာခဲ့တဲ့မဲရုံကတော့ စောသေးလို့ ထင်တယ်။ လာတာနည်းနေသေးတာ တွေ့ရပါတယ်။ အခုဒီမှာတော့ ပိုများလာတာ တွေ့ရပါတယ်။ နောက်ထပ် အများကြီးလာလိမ့်မယ်လို့လည်း ထင်ပါတယ်။
ဦးရဲမြင့် 
ဥက္ကဋ္ဌ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံး 
ရန်ကုန်တိုင်းဒေသကြီး

အရင်ရွေးကောက်ပွဲကျင်းပခဲ့တဲ့ အားနည်းချက်တွေကို ဖြေလျှော့တာတွေ အကုန် လုပ်ထားပါတယ်။ ကော်မရှင်ပိုင်းကတော့ အပြည့်အစုံလုပ်ထားတယ်။ တာဝန်ကျေပါတယ်။ ပြည်သူက မဲပေးဖို့တော့လိုတယ်။ အခု ရန်ကုန်တိုင်းဒေသကြီးက ကိုယ်စားလှယ် လစ်လပ်သွားတာဟာ အရင်ပြည်သူက ရွေးတဲ့ ကိုယ်စားလှယ်တွေပဲ၊ ဒါပေမယ့် ပြည်ထောင်စု လွှတ်တော်က အဆင့်မြင့်တဲ့ တာဝန်ပေးလိုက် တယ်။ ၂၄ နာရီ နိုင်ငံတော်အဆင့် လုပ်နေရပြီဆိုတော့ ပြန်မကြည့်နိုင်တော့ဘူး။ အဲဒီအတွက် ကို ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ပြန်ချိတ်ပေးတာပေါ့။ ကိုယ်က ပြန်ရွေးခံပေးရမယ်။
ဦးသန်းဝင်း 
ဥက္ကဋ္ဌ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ 
ကမာရွတ်မြို့နယ်

ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနစ် ရွေးကောက်ပွဲက လွှတ်တော်သုံးရပ်အတွက်ဖြစ်ပါတယ်။ အခု ကြားဖြတ်ရွေးကောက်ပွဲက အမျိုးသားလွှတ်တော်တစ်ခုတည်းအတွက်ပဲ၊ အခြေခံကတည်းက ကွာခြားတယ်၊ မဲပုံး၊ မဲရုံ၊ မဲလက်မှတ် အရေအတွက်တွေကအစ ကွာခြားသွားတဲ့အတွက် ပြည်သူတွေရဲ့ စိတ်ဝင်စားမှုတွေက လျော့နည်းနိုင်တယ်။စိတ်ဝင်စားမှုနည်းတယ်ဆိုတာကလည်း လစ်လပ်တဲ့ မဲဆန္ဒနယ်တွေမှာသာ မဲပေးပိုင်ခွင့်ရှိတာကြောင့် ဖြစ်တယ်။ အခုက ဒီဘက် ရပ်ကွက်မှာက မဲရုံရှိတယ်။ ဟိုဘက်မှာက မရှိဘူးဆိုတော့ သီးခြားဖြစ်နေတာကြောင့် ဘေးပတ်ဝန်းကျင် လှုံ့ဆော်မှုမရှိတဲ့အတွက်ကြောင့် စိတ်ဝင်စားမှုနည်းမှာပဲ။ နည်းတယ်ဆိုပေမယ့်လည်း ထိုက်သင့်သလောက် စိတ်ဝင်စားမှုတော့ရှိတယ်။ မဲရုံတစ်ရုံတည်း (သို့မဟုတ်) တစ်နေရာတည်း ကြည့်ပြီးတော့ နည်းတယ်ဆုံးဖြတ်လို့တော့ မရဘူး။ နောက်ဆုံး မဲရုံပိတ်ချိန်မှသာ ပြောလို့ရမှာ ဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေအနေနဲ့ ကိုယ်ရဲ့ မဲတစ်ပြားကို တန်ဖိုးထားရမယ်ဆိုတဲ့ အသိတွေလည်း နည်းနေသေးတာလည်းပါမယ်ထင်ပါတယ်။
ဦးစာကြီး 
 အဖွဲ့ဝင်၊ မဲရုံအမှတ်(၅) လှိုင်မြို့နယ်

၂ဝ၁၅ ရွေးကောက်ပွဲတုန်းကတော့ နံနက် ၆ နာရီ မဲရုံမဖွင့်ခင်ကတည်းက လာရောက်တန်းစီစောင့်ဆိုင်းနေကြတယ်။ အခုကတော့ စဖွင့်ကတည်းက တစ်ယောက် ချင်းစီပဲလာကြတယ်။ အများကြီး မလာတော့ဘူး။ အရင် ၂ဝ၁၅ မှာ ဒီလိုအချိန် လူတစ်ထောင်လောက်လာပြီးမဲပေးပေမယ့် အခုတော့ လူတစ်ရာလောက်ပဲ မဲပေးသေးတယ်။ တစ်နေကုန် မဲပေးလို့ရတယ်ဆိုတော့ အချို့ကလည်း အေးအေးဆေးဆေး လာကြတယ်ထင်ပါတယ်။
တွေ့ဆုံမေးမြန်း- နန္ဒာဝင်း၊ ဝင်းဝင်းမော်
ဓာတ်ပုံ- လှမိုး

No comments:

Post a Comment