Sunday, April 2, 2017

ဂျာနယ်ကျော်မမလေး နှစ်(၁ဝဝ)ပြည့် အထိမ်းအမှတ် အခမ်းအနားဖွင့်ပွဲ ကျင်းပ



Image may contain: people sitting, table and indoor
ရန်ကုန် ဧပြီ ၁
စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေး၏ နှစ်(၁ဝဝ)ပြည့် အထိမ်းအမှတ် အခမ်းအနားဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ သူနာပြုတက္ကသိုလ် (ရန်ကုန်)ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ယခုအခမ်းအနားတွင် စာရေးဆရာကြီး ဆရာမကြီးများက စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေး၏ စာပေအကြောင်းများကို ပြည့်ပြည့်စုံစုံ ဆွေးနွေးကြမည်ဟု သိရှိရပါကြောင်း၊ ဤသည်မှာ ကောင်းမြတ်သည့် အစဉ်အလာတစ်ရပ်ဖြစ်ပါ ကြောင်း၊ စာပေဖွံ့ဖြိုးတိုးတက်ရန်လက်ရှိ ရှိနေသည့်စာပေ များကို ဝေဖန်ဆွေးနွေး သုံးသပ်သည်များရှိသကဲ့သို့ ယခင် အဆက်ဆက်ကရှိခဲ့သည့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ စာရေးဆရာကြီး ဆရာမကြီးများ စာပေများကို သုံးသပ်ဆွေးနွေးခြင်းသည်လည်း စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် အစဉ်အလာတစ်ခု ဖြစ်ပါကြောင်း။
ဂျာနယ်ကျော်မမလေး၏ ဝတ္ထု၊ အတ္ထုပ္ပတ္တိ၊ စာပေလှုပ်ရှားမှု အကြောင်းများကို ငယ်စဉ်ကပင် ဖတ်ရှုခဲ့ ပါကြောင်း၊ စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေးသည် ဝတ္ထုအရေးအသားအလွန်ကောင်းပြီး မြန်မာနိုင်ငံ၌ ထိုအချိန် က စာပေလွှမ်းမိုးမှုအရှိဆုံး စာရေးဆရာမကြီး တစ်ဦးဖြစ် ပါကြောင်း၊ စာရေးဆရာအသင်း၌လည်း စာပေရေးရာ ဆိုင်ရာများတွင် တက်တက်ကြွကြွလှုပ်ရှားခဲ့ပါကြောင်း၊ ယနေ့ခေတ်တွင် စာပေရေးရာ လွတ်လပ်ခွင့်များ၏ အသီး အပွင့်များကို တွေ့ကြုံရသည့် အချိန်ကာလကို ရောက်ရှိပြီ ဖြစ်ပါကြောင်း၊ စာပေအနုပညာဖန်တီးသူများအဖို့ လွတ်လပ် စွာဖန်တီးနိုင်သည့် အချိန်ကာလဖြစ်သည့်အားလျော်စွာ မိမိလိုချင်သည့်ပုံစံမျိုးကို ဖန်တီးဆောင်ရွက်ကြရန် အကြံပြု လိုပါကြောင်း၊ မြန်မာစာပေနယ်ပယ် ယခုကဲ့သို့ ပွားများ စည်ပင်အောင် စာပေလှုပ်ရှားမှုများကို အစွမ်းကုန် ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဆရာမောင်ခင်မင်(ဓနုဖြူ)၊ ဆရာ ထက်မြက်၊ ဆရာမကြူကြူသင်းနှင့် ဆရာမောင်မိုးသူတို့က စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေးနှင့်စပ်လျဉ်း၍ အမှတ်တရစကားများ ပြောကြားကြသည်။
ယင်းနောက် စာရေးဆရာမကြီး ဂျာနယ်ကျော် မမလေး မိသားစုကိုယ်စား ဦးသိမ်းစိုး(သိမ်းစိုး-သီဟ ရတနာစာပေတိုက်)က ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော စာရေး ဆရာ ဆရာမများ၏ ဓာတ်ပုံများ၊ ဂျာနယ်ကျော် စာစောင်များ၊ မြန်မာ့ဆေးပညာမှတ်တမ်း၊ ဂျာနယ်ကျော်မမလေး၏ မှတ်တမ်းဓာတ်ပုံများနှင့် ရေးသားခဲ့သော စာအုပ်များကို လှည့်လည်ကြည့်ရှုသည်။
စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေးကို ၁၉၁၇ ခုနှစ် ဧပြီ ၁၃ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေး မြို့နယ်ကမကလူရွာတွင် မွေးဖွားခဲ့ပြီး ၁၉၈၂ ခုနှစ် ဧပြီ ၆ ရက်၊ အသက်(၆၅)နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။
ဂျာနယ်ကျော်မမလေးသည် ဝတ္ထုတိုပေါင်း ၁ဝဝ ခန့်၊ ဝတ္ထုရှည် ၁၃ ပုဒ်၊ ခရီးသွားမှတ်တမ်း နှစ်ပုဒ်၊ အထွေထွေ ဆောင်းပါး ၁ဝဝ ကျော် ရေးသားခဲ့ပြီး ၎င်းတို့အနက် ''မြက်ကလေးတစ်ပင်''ဝတ္ထုကို ဂျာမန်ဘာသာ၊ ''တွေး တစိမ့်စိမ့်''ဝတ္ထုကို ရုရှားဘာသာ၊ ''သွေး''ဝတ္ထုကို ဂျပန်နှင့် ထိုင်းဘာသာ၊ ''မုဆိုးမ''ဝတ္ထုကို အင်္ဂလိပ်ဘာသာ၊ ''မုန်း၍ မဟူ''ဝတ္ထုကို ရုရှား၊ ဥဇဘတ်၊ ပြင်သစ်နှင့် တရုတ်ဘာသာ၊ ''သူလိုလူ''ဝတ္ထုကို အင်္ဂလိပ်ဘာသာတို့ဖြင့် ဘာသာပြန်ဆို ခြင်းခံရသည်။
ဂျာနယ်ကျော်မမလေးသည် ၁၉၅၅ ခုနှစ်တွင် ''မုန်း၍ မဟူ''ဝတ္ထုရှည် စာပေဗိမာန်ဆု၊ ၁၉၆၃ ခုနှစ်တွင် ''တွေးတစိမ့်စိမ့်''ဝတ္ထု စာပေဗိမာန် အနုပညာ စာပေဆု၊ ၁၉၆၃ ခုနှစ်တွင် ဝတ္ထုတိုပေါင်းချုပ် တတိယဆုနှင့် ၁၉၇၉ ခုနှစ်တွင် ''သွေး''ဝတ္ထုဖြင့် ဘာသာပြန်စာပေ ပထမဆု တို့ကို ရရှိခဲ့သည်။
အဆိုပါအခမ်းအနားကို ယနေ့မှ ဧပြီ ၃ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပ သွားမည်ဖြစ်ပြီး မောင်ခင်မင်(ဓနုဖြူ)၊ မောင်မိုးသူ၊ ထက်မြက်၊ ကြူကြူသင်း၊ ကြည်မင်း၊ ကြည်ရွှန်း၊ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ အောင်ဇင်မင်း၊ နှင်းဝေငြိမ်း၊ မီမိုး၊ မာန် (တောင်လုံးပြန်)၊ လေးကိုတင်၊ ဇာဂနာ၊ ကြည်စိုးထွန်း၊ ဗိုလ်ကလေးတင့်အောင်၊ စံရွှေမောင်နှင့် မျိုးသန္တာထွန်းတို့က ပါဝင်ဆွေးနွေးကြမည်ဖြစ်ပြီး ခေတ်အဆက်ဆက် မြန်မာစာရေးဆရာ ဆရာမများ၏ ပုံတူပန်းချီ ဓာတ်ပုံ ၃ဝဝ ကျော် ပြသခြင်း၊ စာပေ၊ ဂီတ၊ ရုပ်ရှင်နယ်ပယ်တို့မှ ပညာရှင်များက ဟောပြောဆွေးနွေးခြင်းနှင့် ဂျာနယ်ကျော် စာစောင်များ၊ ဂျာနယ်ကျော်မမလေး၏ ဝတ္ထုမှတ်တမ်း ရုပ်ရှင်များ ပြသသွားမည်ဖြစ်ရာ မည်သူမဆို လာရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
သတင်း-ရီမြတ်သန့်
ဓာတ်ပုံ-ဇော်မင်းလတ်

No comments:

Post a Comment