ရန်ကုန် ဧပြီ ၂၆
၂ဝ၁၆-၂ဝ၁၇ ဘောလုံးရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက အောင်ဆန်းကွင်း၌ ကျင်းပရာ အားကစား/ပညာရေးအသင်းက ဂန္ဓမာအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး နိုင်ပွဲဆက်ခဲ့သည်။
အားကစား/ပညာရေးအသင်းသည် ယခုပြိုင်ပွဲတွင် ပုံမှန်ခြေစွမ်းပြနေပြီး နှစ်ပွဲဆက်အနိုင်ရလဒ်နှင့်အတူ ဇယားထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။ ယခု ပွဲတွင်လည်း ရွှေမိုးအေးနှင့် ဝေဝေအောင်တို့၏ သွင်းဂိုးများဖြင့် အားကစား/ပညာရေးအသင်း အနိုင်ရခဲ့ခြင်းဖြစ်သည်။
လက်ရွေးစင်ကစားသမားအချို့ ပါဝင်လာသည့် အားကစား/ပညာရေးအသင်းသည် ဂန္ဓမာအသင်းထက် ကစားပုံပိုကောင်းခဲ့ပြီး ပထမပိုင်းတွင် တစ်ဂိုး၊ ဒုတိယပိုင်းတွင် တစ်ဂိုးသွင်းယူကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဂန္ဓမာအသင်းသည် အားကစား/ပညာရေးအသင်းကို အပြန်အလှန်ကစားနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း လက်ရွေးစင် နောက်ခံလူ ဝေဝေအောင်၊ ဂိုးသမား မြဖူးငုံတို့ ဦးဆောင်သည့် ခံစစ်ပိုင်းကို မကျော်နိုင်ခဲ့သောကြောင့် နှစ်သိမ့်ဂိုးပင် မရခဲ့ပေ။ ၂၆ မိနစ်တွင် အားကစား/ပညာရေးအသင်း ဦးဆောင်ဂိုးရခဲ့ပြီး တန်ပြန်တိုက်စစ်မှတစ်ဆင့် ရွှေမိုးအေး က သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင်လည်း အားကစား/ ပညာရေးအသင်းက ပွဲကိုဆက်လက်ထိန်းချုပ်နိုင်ခဲ့ပြီး ဂန္ဓမာအသင်းက ချေပဂိုးရရန် ကြိုးပမ်းခဲ့သည်။ အားကစား/ပညာရေးအသင်းအတွက် ဒုတိယဂိုးကို ၈၆ မိနစ်တွင် အသင်းခေါင်းဆောင် ဝေဝေအောင်က သွင်းယူခဲ့သည်။
ပွဲစဉ် (၂) တတိယနေ့ကို ဧပြီ ၂၇ ရက် ညနေ ၄ နာရီတွင် အောင်ဆန်းကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဇွဲကပင်အသင်းနှင့် YREO အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-ဖိုးသော်ဇင်
No comments:
Post a Comment