စစ်တွေ ဧပြီ ၂၆
နိုင်ငံတော်အနေဖြင့် ယခုနှစ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဘတ်ဂျက်မှ ကိုယ်ဝန်ဆောင်မိခင်များ ကူညီထောက်ပံ့စောင့်ရှောက်မှု လုပ်ငန်းများကို ဇွန်လဆန်းပိုင်းမှစတင်ကာ လုပ်ဆောင် သွားမည်ဖြစ်ရာ ရခိုင်ပြည်နယ်ကို ဒုတိယဦးစားပေး အနေဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနေဝင်းက ပြောသည်။
ဧပြီ ၂၅ ရက် မွန်းလွဲ ၁ နာရီက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသော ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရအကြား ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် လုပ်ထုံး လုပ်နည်းများ လွယ်ကူရှင်းလင်းမှုရှိစေရေး ရှင်းလင်း ဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနေဝင်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
''ယခုနှစ်ဘတ်ဂျက်မှာ ကိုယ်ဝန်ဆောင်မိခင်တွေကို ကလေးအသက် နှစ်နှစ်အရွယ်ထိ တစ်လကို ငွေကျပ် ၁၅ဝဝဝ နှုန်းနဲ့ ကူညီထောက်ပံ့ပေးသွားဖို့ ရှိပါတယ်။ အဲဒီအစီအစဉ်ကို ချင်းပြည်နယ်ကစပြီး လုပ်ငန်းများ စတင်ဆောင်ရွက်မှာဖြစ်ပြီး အခု ရခိုင်ပြည်နယ်ကို ဒုတိယ ဦးစားပေးအဖြစ် လျာထားဆောင်ရွက်သွားမှာပါ။ လာမယ့် ဇွန်လကနေ ကူညီထောက်ပံ့မှုလုပ်ငန်းတွေကို စတင် လုပ်ဆောင်မှာဖြစ်လို့ မေလတတိယပတ်ဆိုရင် လိုအပ်တဲ့ စာရင်း၊ ဇယားတွေ ကောက်ခံသွားပါမယ်။ စာရင်း၊ ဇယား တွေ ကောက်ခံပြီး ကိုယ်ဝန်ဆောင် မိခင်တွေကို သုံးလ တစ်ကြိမ် ဇွန်လကနေပြီး စတင်ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်''ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနေဝင်းက ပြောသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနသည် ယခုနှစ်အတွင်း အခြားကူညီထောက်ပံ့မှုလုပ်ငန်းများကိုလည်း ယခင်ထက် တိုးမြှင့် လုပ်ဆောင်ပေးသွားမည်ဖြစ်ရာ ယခုကဲ့သို့ ကူညီထောက်ပံ့ မှု စီမံကိန်းအသစ်များကိုလည်း ထပ်မံတိုးချဲ့ ကူညီထောက် ပံ့ပေးသွားမည်ဖြစ်သည်။ လတ်တလော လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင့် ၂ဝ၁၇-၂ဝ၁၈ ဘတ်ဂျက်တွင် ကလေး သူငယ်၊ အမျိုးသမီး၊ မသန်စွမ်း၊ သက်ကြီး၊ မူးယစ်ဆေးဝါး၊ လူမှုကာကွယ်စောင့်ရှောက်ရေး စသည့် လုပ်ငန်းကြီး ၁ဝ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးကဏ္ဍတွင် ပါသောအသက်(၉ဝ)အထက် အဘိုးအဘွားများကို လာမည့် ဇွန်လမှစတင်ကာ လစဉ်ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ ထို့သို့ ထောက်ပံ့ပေးရာ၌ ယခု ၂ဝ၁၇ ခုနှစ် မတ်လကုန် တွင် အသက်(၉ဝ)ပြည့်ပြီး အဘိုးအဘွားများဖြစ်ရမည် ဖြစ်ရာ တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံး ၏ သက်ဆိုင်ရာခရိုင်၊ မြို့နယ်များအလိုက် အကြောင်းကြား ထားပြီဖြစ်ကြောင်း သိရသည်။ အဘိုးအဘွားများသည် ပတ်(စ်)ပို့ ဓာတ်ပုံ၊ မှတ်ပုံတင်မူရင်းနှင့် အိမ်ထောင်စု စာရင်းပုံစံ ၆၆(ဃ) ပါရှိရမည်ဖြစ်သည်။ ယင်းအထောက် အထားများမပါရှိပါက ထောက်ခံမှုအဆင့်ဆင့် ပြုလုပ်ရ မည်ဖြစ်ပြီး ပထမအဆင့်အေ
နဖြင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ယုံကြည်လေးစားရသော ရပ်မိ ရပ်ဖ နှစ်ဦးက မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းပုံစံ ၆၆(ဃ) မရှိသော အဘိုးအဘွားများကို ထောက်ခံချက်နှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို တင်ပြရမည် ဖြစ်သည်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် ထောက်ခံပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် လူမှု ဝန်ထမ်းဦးစီးမှူးရုံးကို ဆက်လက်တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
အဆင့်(၃)အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးရုံးမှတစ်ဆင့် မိမိတို့ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ပြည်သူ့အင်အားဦးစီးဌာနကို ချိတ် ဆက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန နေပြည်တော်ရုံးချုပ်ကို ပေးပို့ရမည်ဖြစ်သည်။ နောက်ဆုံးအဆင့်(၄)အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ပေးပို့လာသော အသက် (၉ဝ)ပြည့် အဘိုးအဘွားများ၏ စာရင်းများကို စစ်ဆေးအတည်ပြုကာ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ ယင်းကူညီထောက်ပံ့မှုလုပ်ငန်းများအတွက် လာမည့် မေ ၈ ရက်နှင့် ၉ ရက်တို့တွင် တိုင်းဒေသကြီး၊ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူးရာထူးများကို ခေါ်ယူပြီး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သင်တန်းပို့ချပေးသွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။
သတင်း - မောင်စိန်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ - မောင်မောင်သန့်(ကြေးမုံ)
No comments:
Post a Comment