နိုင်ငံတော်အစိုးရ၏ ပထမတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
သတင်းစာရှင်းလင်းပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ဦးဝင်းမော်ထွန်း၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများ တက်ရောက်ကြသည်။
ဈေးကွက်သတင်း ရရှိနိုင်ရေး
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ကမ္ဘာ့ဆန် ဈေးကွက်ရရှိရေးအတွက် ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် (၈) ကြိမ်မြောက် ကမ္ဘာ့ဆန်စပါးညီလာခံသို့ တက်ရောက် ခဲ့ပြီး ထိုညီလာခံမှတစ်ဆင့် အာဖရိက ဆန်ဈေးကွက် အပါအဝင် ကမ္ဘာ့ဆန်ဈေးကွက်သို့ ပြန်လည်ချိတ်ဆက် နိုင်ခဲ့ရာ အာဖရိက နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၅၃ နိုင်ငံအထိ ဈေးကွက်များ ရရှိခဲ့ပါကြောင်း၊ ထို့ပြင် မြန်မာ- တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေး ကော်မတီ အစည်းအဝေးများ၊ မြန်မာ- ထိုင်း၊ မြန်မာ- အိန္ဒိယ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲကော်မတီ အစည်း အဝေးများတွင်လည်း ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတကာနှင့် ဈေးကွက်ချိတ်ဆက်နိုင်ရေးအတွက် အမေရိကန်၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ စင်ကာပူ၊ ဟောင်ကောင်နှင့် ထိုင်းနိုင်ငံတို့ရှိ မြန်မာနိုင်ငံသံရုံးများတွင် စီးပွားရေး သံမှူးများကိုထားရှိပြီး ပြည်ပနိုင်ငံများ၏ ကုန်သွယ်မှု ဆိုင်ရာ ဈေးကွက်သတင်းအချက်အလက်များ ရရှိနိုင် ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာပြည်၏ လယ်ယာထွက်ကုန်များကို အီးယူ ၂၈ နိုင်ငံ အပါအဝင် သြစတြေးလျ၊ ဘီလာရု၊ ရုရှား၊ ကနေဒါ၊ ဆွစ်ဇာလန်၊ အိုက်စ်လန်၊ တူရကီ၊ ဂျပန်၊ အမေရိကန်နိုင်ငံတို့မှ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးGSP ရရှိပြီဖြစ်သည့်အတွက် ထိုနိုင်ငံများသို့ ကုန်ပစ္စည်းများ တိုးတက်တင်ပို့နိုင်ရေး ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း။
ပို့ကုန်အပိုင်းတွင် ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေး နှင့် ပို့ကုန်ဈေးကွက်များ ချိတ်ဆက်ရှာဖွေနိုင်မှုများကြောင့် ယခုဘဏ္ဍာနှစ် နှစ်ကုန်ကာလအထိ ပို့ကုန်တင်ပို့မှု အပိုင်းကို သုံးသပ်ကြည့်လျှင် နိုင်ငံပိုင်ကဏ္ဍမှ သဘာဝ ဓာတ်ငွေ့တင်ပို့မှု အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံခန့်နှင့် ကျောက်စိမ်းနှင့်သတ္တုတင်ပို့မှု အမေရိကန် ဒေါ်လာ သန်း ၂ဝဝ လျော့ကျသွားသော်လည်း လယ်ယာ ထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် ရေထွက်ပစ္စည်း တင်ပို့မှုစသည့် ကဏ္ဍများတွင် တိုးတက်လာသည့်အတွက် ပြည်ပပို့ကုန် အမေရိကန်ဒေါ်လာ သန်း ၄၈ဝ ခန့် ပိုမိုရရှိ ခဲ့ပါကြောင်း။
လယ်ယာထွက်ပစ္စည်းတင်ပို့မှု
ယခုဘဏ္ဍာနှစ်တွင် လယ်ယာထွက်ပစ္စည်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၉၃၁ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာ ၃၁၅ သန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါကြောင်း၊ အထူးသဖြင့် ဆန် တန်ချိန် ၂ ဒသမ ၅ သိန်း၊ ပဲမျိုးစုံ တန်ချိန် ၁ ဒသမ ၈ သိန်း၊ ပြောင်းတန်ချိန် တစ်သိန်း၊ မြေပဲတန်ချိန် ငါးသောင်း ကျော်၊ ဖရဲသီးတန်ချိန် ၁ ဒသမ ၃ သိန်းခန့် ပိုမိုတင်ပို့နိုင်ခဲ့ ပါကြောင်း၊ ဆန် ပြည်ပတင်ပို့မှုတွင် ပင်လယ်ရေကြောင်းမှ ယခင်ဘဏ္ဍာနှစ်ထက် တန်ချိန် ၃ ဒသမ ၈ သိန်းခန့် ပိုမိုတင်ပို့နိုင်ခဲ့သလိုRe–export စနစ်ဖြင့် သကြားတင်ပို့မှု တွင် တန်ချိန် ၁ ဒသမ ၇ သန်းအထိ တင်ပို့နိုင်ခဲ့ပါကြောင်း။
နှမ်းမျိုးစုံတွင် ယခင်က တရုတ်နိုင်ငံကိုသာ အားထားတင်ပို့နေရာမှ ယခုဘဏ္ဍာနှစ်အတွင်း တရုတ် နိုင်ငံအပြင် ကိုရီးယား၊ စင်ကာပူ၊ ဂျပန်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံသို့ ဈေးကွက်ချဲ့ထွင်နိုင်ခဲ့ပါကြောင်း၊ ပြောင်းတင်ပို့မှုတွင် ယခင်က နယ်စပ်မှတစ်ဆင့် တရုတ် နိုင်ငံဈေးကွက်တစ်ခုတည်းကိုသာ တင်ပို့နေရာမှ ယခု ဘဏ္ဍာနှစ်တွင် ပင်လယ်ရေကြောင်းမှ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဟောင်ကောင်၊ စင်ကာပူနှင့် အိန္ဒိယနိုင်ငံတို့သို့ တန်ချိန် ၈ သောင်းခန့် ဈေးကွက် ချဲ့ထွင် တင်ပို့နိုင်ခဲ့ပါကြောင်း။
ကျဉ်းမြောင်းစွာ မှီခိုနေရ
ပို့ကုန်ဈေးကွက် ကျယ်ပြန့်လာသော်လည်း လက်ရှိ အခြေအနေတွင် အဓိကအားဖြင့် အိမ်နီးချင်းနိုင်ငံများ၏ ဈေးကွက်ကိုသာ ကျဉ်းမြောင်းစွာ မှီခိုနေရပြီး ထိုဈေးကွက် ၏ လိုအပ်ချက်အရသာ တင်ပို့နေရပါကြောင်း၊ အိမ်နီးချင်း နိုင်ငံများနှင့် တရားမဝင်ကုန်သွယ်မှုများ ရှိနေခြင်းများ ကြောင့် ပို့ကုန်ဝင်ငွေလျော့နည်းခြင်း၊ အခွန်ဘဏ္ဍာ ဆုံးရှုံးခြင်း၊ သဘာဝသယံဇာတပြုန်းတီးမှုဖြစ်စေခြင်း၊ စားသုံးကုန်ပစ္စည်းများ တရားမဝင် တင်သွင်းနေသဖြင့် အလားတူထုတ်လုပ်သည့် ပြည်တွင်းအသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများကို ကြီးမားစွာ ထိခိုက်စေ ခြင်းနှင့် စားသုံးသူများအတွက် ကျန်းမာရေးအန္တရာယ် ဖြစ်ပေါ်နေမှုများကိုလည်း တွေ့ရှိရပါကြောင်း။
မိမိတို့ ဝန်ကြီးဌာနသည် မြန်မာအထူးစီးပွားရေးဇုန် ဆိုင်ရာ ဗဟိုအဖွဲ့၏ တာဝန်ခံဝန်ကြီးဌာနအဖြစ် ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် သီလဝါ၊ ကျောက်ဖြူ၊ ထားဝယ် အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၎င်းအပြင် နယ်စပ်ဒေသများတွင် စီးပွားရေး ဇုန်များ တည်ထောင်နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေး အထူးလုပ်ငန်းအဖွဲ့တို့တွင်လည်း တာဝန်ခံဝန်ကြီးဌာန အဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူချောမွေ့စေမှု အဆင့်သတ်မှတ်ချက် Ease of Doing Business အဆင့်တိုးတက်ရေးကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြား သည်။
ကိုက်ညီမှုရှိ
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမျိုးသားပညာရေးဥပဒေ၏ အကျိုးရလဒ်တစ်ခုအနေဖြင့် ယခုအခါ မြန်မာနိုင်ငံ၏ အခြေခံပညာသင်ကာလသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ၏ အခြေခံပညာသင်ကာလနှင့် အပြည့်အဝ ကိုက်ညီမှုရှိ နေပါကြောင်း။
အစိုးရ၏ ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲမှု ဦးစားပေးလုပ်ငန်းများအနေဖြင့် ရှေးဦးအရွယ် ကလေး သူငယ်ပြုစုပျိုးထောင်ခြင်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နိုင်ငံသားတိုင်းအနည်းဆုံး မူလတန်းပညာ သင်ယူပြီးမြောက်ပြီး အလယ်တန်းပညာနှင့် အထက်တန်း ပညာကို အဆင့်ဆင့်တိုးမြှင့်သင်ယူခွင့်များ ရရှိရန် ဆောင်ရွက်မည်ဖြစ်ရာ မူလတန်းအရွယ်ကလေးတိုင်း မူလတန်းပညာရေးကို ပြီးမြောက်အောင်မြင်ခြင်းနှင့် မူလတန်းပညာသင်ယူရန် အခက်အခဲရှိနေသည့်ကာယ၊ ဥာဏစွမ်းရည်အားနည်းသော ကလေးများ၊ ဆင်းရဲနွမ်းပါး သည့်ကလေးများ၊ ဝေးလံခေါင်ဖျားဒေသရှိ ကလေးများ စသည့် ကလေးများအတွက် အလေးထား ဆောင်ရွက်သည့် ပညာရေးအစီအစဉ်များ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း။
ကွဲပြားခြားနားသည့် ဘာသာစကားပြောသော မူလတန်းတိုင်းရင်းသားကလေးများအတွက် တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် တိုင်းရင်းသားဘာသာစကား သင်ရိုးညွှန်းတမ်း ပြုစု ရေးဆွဲခြင်းနှင့် သင်ကြားပေးခြင်း အပါအဝင် တိုင်းရင်းသား ဘာသာစကားနှင့် ယဉ်ကျေးမှုကို ပံ့ပိုးပေးရန်နှင့် မြှင့်တင် ပေးရန် ဆောင်ရွက်ခြင်း။
ဦးစားပေးဖြည့်ဆည်း
သင့်လျော်သော ဆရာ၊ ကျောင်းသားအချိုးရရှိရန် ဆောင်ရွက်ပေးခြင်း၊ ကျောင်းအသီးသီးမှ ဆရာများ၏ ဘာသာရပ်ကျွမ်းကျင်မှုနှင့် သင်ကြားပို့ချမှု စွမ်းရည်များ မြင့်မားလာစေရန် ဆောင်ရွက်ပေးခြင်း၊ အခြေခံပညာရေး ကို လူတိုင်းပိုမိုလက်လှမ်းမီနိုင်ရန်အတွက် ဖွံ့ဖြိုးမှု အားနည်းသော ဒေသများရှိ ကျောင်းများ၊ အထူးသဖြင့် ကျောင်းအသုံးအဆောင်ပစ္စည်းများ လုံလောက်မှုမရှိသော အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများ၏ လိုအပ်ချက်များကို ဦးစားပေးဖြည့်ဆည်း ဆောင်ရွက်ပေး ခြင်း။
ပညာအရည်အချင်းနည်းပါးသူများ၏ နေထိုင်မှုဘဝ အရည်အသွေး တိုးတက်ကောင်းမွန်စေရန် အခြေခံပညာ အလယ်တန်း၊ အထက်တန်း တန်းညှိအစီအစဉ်များနှင့် သက်မွေးမှုအစီအစဉ်များဖြင့် ဆက်လက်ပညာဆည်းပူးနိုင် သော အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ တက္ကသိုလ် များတွင် ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းရေးဆွဲသင်ကြားခွင့်၊ အုပ်ချုပ်ခွင့်နှင့် သုတေသနလုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်သော ကမ္ဘာ့အဆင့်မီ အဆင့်မြင့်ပညာရေး စနစ် ဖြစ်ထွန်းလာစေရန် ဦးတည်ဖော်ဆောင်ပေးခြင်း။
ပညာရေးပြုပြင်ပြောင်းလဲမှု
နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး ပညာရပ်များကို တက္ကသိုလ်များ၏ ပညာရပ်များနှင့် တန်းတူဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးခြင်း၊ ကျောင်းသား၊ မိဘများနှင့် ရပ်ရွာအသိုက်အဝန်းကို ဝန်ထုပ် ဝန်ပိုးမဖြစ်စေသော ထိရောက်သည့် ပညာရေးဝန်ဆောင်မှု ဖြစ်စေရန်ဆောင်ရွက်ပေးခြင်း၊ နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍနှင့် ပြည်တွင်း ပြည်ပမှရရှိသည့် ပညာရေးဆိုင်ရာ ဘဏ္ဍာငွေများကို အကျိုးရှိထိရောက်စွာ ခွဲဝေသုံးစွဲနိုင်ရန် နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် ဆောင်ရွက်ပေးခြင်း၊ တိကျ မှန်ကန်သည့် သတင်းအချက်အလက်များကို အခြေခံ၍ ထိရောက်သော ပညာရေးပြုပြင်ပြောင်းလဲမှု စီမံခန့်ခွဲမှုနှင့် လေ့လာကြီးကြပ်မှုလုပ်ငန်း အစီအစဉ်များကို အကောင် အထည်ဖော်ဆောင်ရွက်ခြင်းတို့ဖြစ်ပါကြောင်း။
ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းများတွင် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်၌ သတ်မှတ်ကျောင်းသားဦးရေ ပြည့်မီသောကျောင်း ၉၃၇ ကျောင်းနှင့် ကျေးလက်ဒေသ သွားလာရေးခက်ခဲသည့် ကျောင်း ၂၃၇၅ ကျောင်း စုစုပေါင်း ၃၃၁၂ ကျောင်း တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း။
အခြေခံပညာကဏ္ဍ တိုးတက်လာမှုတွင် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်၌ စာသင်ကျောင်း ၅၂၂ ကျောင်း၊ ဆရာ ၁၈၆၉၇ ဦးနှင့် ကျောင်းသား စုစုပေါင်း ၄၂၂၂၆၇ ဦး တိုးတက်လာပါကြောင်း။
ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်ခဲ့
ဆရာ ဆရာမများ သင်ကြားမှုပံ့ပိုးကူညီရေး (Teacher Mentoring) အစီအစဉ်များတွင် ဗဟိုအဆင့် နည်းပြသင်တန်း၊Teacher Mentor သင်တန်း လုပ်ငန်း ဆွေးနွေးပွဲ၊Teacher Mentoring Cluster Support Program ဆိုင်ရာ လုပ်ငန်းဆွေးနွေးပွဲ၊ အကောင်အထည် ဖော်မှု ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းဆွေးနွေးပွဲများ ဆောင်ရွက်နိုင်ခဲ့ကြောင်း။
တိုင်းရင်းသားဘာသာစကား ၄၉ မျိုးအား သင်ကြား ပေးနေသည့် ကျောင်းပေါင်း ၁ဝ၂၉၉ ကျောင်းတွင် သင်ကြားပေးနေသည့် ဆရာ၊ ဆရာမ ၂ဝ၆၇၃ ဦးနှင့် သင်ယူနေသည့် ကျောင်းသား ကျောင်းသူ ၅၅၈၆၄၁ ဦး သင်ကြားပေးနိုင်ခဲ့ပါကြောင်း။
ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ကြိုးပမ်း ဆောင်ရွက်မှုများတွင် စာတတ်မြောက်ရေးလှုပ်ရှားမှုအနေ ဖြင့် နေပြည်တော်ကောင်စီနှင့် မြို့နယ် ၃ဝ တွင် စာသင်ဝိုင်း ၂ဝ၈ဝ၊ သင်ယူသူ စုစုပေါင်း ၂ဝ၅၇၂၇ ဦး၊ ကယားပြည်နယ်တွင် မြို့နယ် ခုနစ်မြို့နယ်၊ စာသင်ဝိုင်း ၄၅၅ ခု၊ သင်တန်းနည်းပြ ၄၅၅ ဦး၊ သင်ယူသူစုစုပေါင်း ၅၃၃၅ ဦးနှင့် တောင်ကြီးမြို့တွင် မြို့နယ် ကိုးမြို့နယ်၊ စာသင်ဝိုင်း ၂၅၉၆ ခု၊ သင်တန်းနည်းပြ ၂၆၈ဝ၊ သင်ယူသူ စုစုပေါင်း ၂၆၇၉၄ ဦး ရှိခဲ့ပါကြောင်း။
ဖွင့်လှစ်ပေး
ပညာရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ညောင်ရွှေသက်မွေးပညာ သင်တန်းကျောင်း (NVTI) တွင် ဒေသအထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပေးခြင်းအနေဖြင့် ဟိုတယ်ဧည့်ကြို လုပ်ငန်းဆောင်ရွက်မှုအခြေခံသင်တန်း၊ ဧည့်ဆောင် ထိန်းသိမ်းရေးသင်တန်း၊ အစားအစာနှင့်အဖျော်ယမကာ ဧည့်ခံကျွေးမွေးရေးသင်တန်း၊ အစားအစာနှင့်အဖျော် ယမကာ ထုတ်လုပ်ရေးသင်တန်း၊ လယ်ယာသီးနှံနှင့် ဥယျာဉ်ခြံသီးနှံများအားGAP နည်းစနစ်ဖြင့် စိုက်ပျိုးခြင်း သင်တန်း၊ ငါးဖိန်းသားဖောက်သင်တန်းနှင့် ငါးဆေးထိုး သားဖောက်သင်တန်း၊ တစ်လုံးထိုးအင်ဂျင် ပြုပြင်သင်တန်း၊ အိမ်တွင်းလျှပ်စစ်သင်တန်းနှင့် အခြေခံကွန်ပျူတာ ပညာရပ်နှင့် ရုံးသုံးစာစီစာရိုက်သင်တန်းများ ဖွင့်လှစ်ပေး နိုင်ခဲ့ပါကြောင်း။
Human Development Report 2016 အရ မြန်မာနိုင်ငံသည် ၂ဝ၁၅ ခုနှစ်တွင် Low Human Development Index Rankတွင် ရှိနေရာမှ ၂ဝ၁၆ ခုနှစ်တွင် Medium Humam Development Index Rank သို့ တိုးတက်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း ရှင်းလင်း ပြောကြားသည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြန်ကြားရေးဝန်ကြီးဌာနက ဘာတွေ ဆောင်ရွက်သလဲဆိုလျှင် ဒီကနေ့လုပ်နေသည့် အလုပ်သည် ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်တစ်ရပ် ဖြစ်ပါကြောင်း၊ ယခုလို တွေ့ဆုံပွဲများ ကျင်းပပေးခြင်းသည် မိမိတို့၏ အလုပ်ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်တစ်နှစ်တာအတွင်း ဤခန်းမ၌ ပြောရေးဆိုခွင့်ပုဂ္ဂိုလ်များနှင့် မီဒီယာများ ထိတွေ့ရန်၊ ထိတွေ့သည့်အခါ ပိုပြီးရင်းရင်းနှီးနှီးဖြစ်စေရန် တွေ့ဆုံပွဲများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း။
စတုတ္ထမဏ္ဍိုင်နှင့် မဏ္ဍိုင်သုံးရပ် ထိတွေ့သည့် ယဉ်ကျေးမှုဓလေ့ထွန်းကားရန် မိမိတို့ ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ယခုတစ်နှစ်တာပြီးမြောက်လာသည့်အချိန် တွင် ဤဓလေ့သည် မိမိတို့ တော်တော်လေး အခြေကျနေ ပြီလို့ မြင်ပါကြောင်း။
မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး
တစ်ဖက်တွင် တာဝန်ရှိပုဂ္ဂိုလ်များက မီဒီယာများ၏ မေးမြန်းချက်ကို ဖြေကြားသလို မီဒီယာများမှတစ်ဆင့် မိမိတို့၏ လုပ်ငန်းဆောင်ရွက်ချက်များ အများပြည်သူ သိရှိအောင် ဖြန့်ချိသည့်အလုပ်ကိုလည်း ထိထိ ရောက်ရောက် ဆောင်ရွက်ကြပါဟု အကြံပေးခဲ့ပါကြောင်း၊ ထိုကဲ့သို့ နှစ်ဖက်ကိုအကြံပေးသည့် ရည်ရွယ်ချက်မှာ မိမိတို့ တိုင်းပြည်တွင် အများပြည်သူ သတင်းအချက်အလက် ပြည့်ဝစွာ သိရှိရန်အတွက် ဆောင်ရွက်ပေးခြင်းဖြစ်ပါ ကြောင်း၊ မီဒီယာများနှင့် မဏ္ဍိုင်များအကြား ရင်းနှီးမှု၊ ဆက်ဆံရေးချောမွေ့ပြေပြစ်ရန်နှင့် ဆက်ဆံရေး တိုးတက် ရန် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း၊ ယင်းမှာ မိမိတို့ မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပါကြောင်း။
ပြန်ကြားရေးက ဘာလုပ်သလဲဆိုသည်နှင့် ပတ်သက် ပြီး ပြည့်ပြည့်ဝဝ နားမလည်နိုင်သေးသည့်အကြောင်းများ ရှိနေသည်ကို သိရပါကြောင်း၊ ပြန်ကြားရေးဟုပြောလိုက် လျှင် အများက ရုပ်မြင်သံကြား၊ သတင်းစာတို့ကို မြင်လေ့ရှိ ပါကြောင်း၊ ပြန်ကြားရေးဆိုသည့်ဌာန၏ သဘောသဘာဝ နှင့် ဘယ်လိုလုပ်ငန်းတာဝန်တွေရှိသလဲဟု ပြောရမည်ဆို လျှင် ပြန်ကြားရေးဆိုတာ မေးတာဖြေရုံလောက်နှင့် ပြီးသလားဆိုလျှင် မဟုတ်ပါကြောင်း၊ မေးတာတွေကို ဖြေသလို အများသိသင့်သည်ကိုသိရန်အတွက် ထုတ်ပြန်ရ ခြင်းများရှိပါကြောင်း၊ အစီရင်ခံသည်ဟုလည်း ပြော၍ ရပါကြောင်း၊ အစိုးရပြန်ကြားရေးဝန်ကြီးဌာနသည် ဘာကို အစီရင်ခံရသလဲဆိုလျှင် မိမိတို့သည် အများပြည်သူက ရွေးကောက်တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်များ က ဖွဲ့စည်းခန့်အပ်ထားသည့် အစိုးရဖြစ်သည့်အတွက် မိမိတို့တိုင်းပြည်အတွက်၊ အများပြည်သူအတွက် ဘာတွေ ဆောင်ရွက်သလဲဆိုသည်ကို ပြန်လည်အစီရင်ခံရန် လိုပါ ကြောင်း၊ ထို့ကြောင့် ပြန်ကြားရေးအဓိပ္ပာယ်ထဲကို အစီရင်ခံ သည်ဆိုတာကို ထည့်သွင်းထားခြင်း ဖြစ်ပါကြောင်း။
အများနှင့်ဆိုင်သည့် လုပ်ငန်းကဏ္ဍများတွင် ပြန်ကြားရေးဆိုသည့်ကဏ္ဍ လိုအပ်ပါကြောင်း၊ အစိုးရ တစ်ရပ်ကဲ့သို့ အဖွဲ့အစည်းကြီး တစ်တိုင်းပြည်လုံး အတိုင်း အတာနှင့် ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ နိုင်ငံ တကာစသည်ဖြင့် ကဏ္ဍပေါင်းများစွာကို ဆောင်ရွက်နေ သည့် အဖွဲ့အစည်းကြီးတစ်ရပ်တွင် ပြန်ကြားရေးဆိုသည့် ဌာနကို ဝန်ကြီးဌာနအဆင့်ထိ ဖွဲ့စည်းပြီး ဆောင်ရွက်ရန် လိုအပ်သည်ဟု ပြောလိုပါကြောင်း။
အစီရင်ခံတင်ပြ
နိုင်ငံတကာရှိ ပြန်ကြားရေးဆိုင်ရာဝန်ကြီးဌာနများကို လက်လှမ်းမီသလောက် ဖော်ပြရလျှင်Information ဆိုသည့် နာမည်သုံးစွဲပြီးဖွဲ့စည်းထားသည့် ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် ကမ္ဘောဒီးယား၊ အီဂျစ်၊ အစ္စရေး၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် စသည်ဖြင့်ရှိပါကြောင်း၊ အိန္ဒိယ နိုင်ငံတွင် Ministry of Information and Broadcasting ဟု သုံးပါကြောင်း၊ တချို့က Communication ဆိုပြီး သုံးပါကြောင်း၊ မြန်မာနိုင်ငံတွင် ပြန်ကြားရေးဝန်ကြီးဌာန သည် မြန်မာပြည်လွတ်လပ်ရေးမရမီကတည်းက ရှိခဲ့ပါ ကြောင်း။
လက်ရှိတွင် ပြန်ကြားရေးဝန်ကြီးဌာနအောက်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနတို့ ရှိပါကြောင်း။
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနသည် အစောဆုံး ဌာနဖြစ်သည်ဟုပြော၍ရပါကြောင်း၊ ဗြိတိသျှအစိုးရ လက်ထက်ကတည်းက ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ယခုလုပ်ဆောင်နေသည့်အလုပ်များကို အဲဒီအချိန်ကာလ လောက်ကတည်းက လုပ်ခဲ့ပါကြောင်း၊ ဗြိတိသျှလက်ထက် တွင် အင်္ဂလိပ်အစိုးရ၏ ပြန်တမ်းများ၊ စာများ ရိုက်နှိပ် ခြင်းဖြစ်ပါကြောင်း၊ ရန်ကုန်ရှိ ဗဟိုပုံနှိပ်တိုက်ဆိုလျှင် နှစ်ပေါင်း ၁ဝဝ ကျော် သက်တမ်းရှိနေပြီဖြစ်ပါကြောင်း၊
Ministry of Information ဟု ခေါ်သည့်အတိုင်း အဓိက ထင်သာမြင်သာသည့် လုပ်ငန်းတာဝန်ကို ပြောရ မည်ဆိုလျှင်Information၊ သတင်းအချက်အလက် ပေးခြင်း ဖြစ်ပါကြောင်း၊ တစ်နည်းပြောရလျှင် အများ ပြည်သူအပေါ် အစီရင်ခံတင်ပြသည့်အလုပ် ဖြစ်ပါကြောင်း၊ ထိုအလုပ်ကို ရေဒီယိုနှင့် ရုပ်မြင်သံကြား၊ သတင်းစာများက လုပ်နေပါကြောင်း။
အများပြည်သူတွေ အသိပညာတိုးပွားရေးနှင့် မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်တဲ့ဌာနမှာ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ဖြစ်ပါကြောင်း၊ တစ်ချိန်က မြန်မာနိုင်ငံတွင် အင်မတန် ထင်ရှားပြီး လူအများတန်ဖိုး ထားလေးစားသည့် ဌာနကြီးတစ်ခုရှိပါကြောင်း၊ ယင်းမှာ စာပေဗိမာန် ဖြစ်ပါကြောင်း၊ ထိုဌာနမှ မြန်မာ့စွယ်စုံကျမ်း ထွက်ပေါ်ရေးအတွက် ဆောင်ရွက်ခဲ့ပါကြောင်း။
မိမိတို့အနေဖြင့် စာပေဗိမာန်၏ လုပ်ငန်းကဏ္ဍကိုလည်း တိုးတက်အောင် ဆောင်ရွက်နေပါကြောင်း၊ ယင်းတို့အနက် မြန်မာ့စွယ်စုံကျမ်းကို ပြန်ပြီးခေတ်မီ တိုးတက်သည့် စွယ်စုံကျမ်းဖြစ်အောင် လုပ်နေခြင်းဖြစ်ပါ ကြောင်း။
မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရန်
တစ်နှစ်တာအတွင်း နိုင်ငံရေးစာပေစာတမ်းဖတ်ပွဲနှင့်စာအုပ်ဈေးရောင်းပွဲတော် ပြုလုပ်ခဲ့ပါကြောင်း၊ ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေ၊ စာတမ်းဖတ်ပွဲကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မကြာမီ ဘာသာပြန်စာပေ ဆိုင်ရာစာတမ်းဖတ်ပွဲကို ကျင်းပရန်ရှိပါကြောင်း၊ စာတမ်း ဖတ်ပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်များသည် ပြန်ကြားရေး ၏ လုပ်ငန်းတစ်ရပ်ဖြစ်သည့် အများပြည်သူ အသိပညာ ဖွံ့ဖြိုးတိုးတက်ရန်နှင့် မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သည့် ကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေ ဖြင့် ကလေးစာပေပွဲတော်များကို ကျင်းပခဲ့ပါကြောင်း၊ ကလေးစာပေပွဲတော်များကို ကျင်းပသည့်အခါ ပွဲတော် တိုင်းသည် အလွန်စည်ကားခဲ့ပါကြောင်း၊ အောင်မြင်သည် ဟု ပြောနိုင်ပါကြောင်း၊ ရန်ကုန်မြို့ သိမ်ဖြူလမ်း၌ စာအုပ် လမ်းကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါကြောင်း ပြောကြား သည်။
စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင် က ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းများအား ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)၏ စံသတ်မှတ်ချက်များနှင့် အညီ သတ်မှတ်အပူချိန်၊ စိုထိုင်းဆများအတိုင်း ထိန်းညှိ၍Good Storage Practice (GSP) ဖြင့် ထိန်းသိမ်းပါ ကြောင်း၊ ဆေးဝါးများထုတ်လုပ်ရာတွင် Good Manufacturing Practice (GMP) စနစ်နှင့်အညီ ထုတ်လုပ်၍ အရည်အသွေး ထိန်းသိမ်းရေးလုပ်ငန်းစဉ် များကို တိတိကျကျချမှတ်ဆောင်ရွက်၍ ကျန်းမာရေး ဝန်ကြီးဌာနအပါအဝင် အခြားသော ဝန်ကြီးဌာနများ၏ လိုအပ်ချက်နှင့်အညီ ဆေးရုံများသို့ တိုက်ရိုက်ဖြန့်ဖြူး ပေးလျက်ရှိပါကြောင်း။
ထုပ်ပိုးမှုပုံစံအသစ်
ဈေးကွက်အတွင်းရောက်ရှိနေသော ပြည်သူလူထု အတွက် အန္တရာယ်ရှိသည့် BPI အမှတ်တံဆိပ်ဆေးဝါး အတုများ၊ သက်တမ်းလွန်ဆေးဝါးများကို ၂ဝ၁၆ ခုနှစ် စက်တင်ဘာလအတွင်းက ရှာဖွေ၊ စစ်ဆေး၊ အရေးယူမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သောBPIအမှတ်တံဆိပ်ဆေးဝါးများကို အတုအပပြုလုပ်ခြင်းမှ ကာကွယ်နိုင်ရေးနှင့် ထုပ်ပိုးအရည်အသွေးပိုမိုကောင်းမွန် စေရေးအတွက် ဆေးပြား ၆၉ မျိုး၊ ဆေးမှုန့် တစ်မျိုးနှင့် ထိုးဆေး ၆၄ မျိုးတို့ကို ထုပ်ပိုးမှုပုံစံအသစ်ဖြင့် ပြောင်းလဲ ထုတ်လုပ်ခဲ့ပါကြောင်း။
ကင်ဆာဝေဒနာရှင်များအတွက် နာကျင်ကိုက်ခဲမှု သက်သာစေသော Morphine Sulfate Syrup နှင့် Morphine Sulfate Tabletတို့ကိုလည်းStability Test စမ်းသပ်နေပြီးHIV နှင့်Hepatitis B ရောဂါဝေဒနာရှင် များအတွက် ကုသဆေးဖြစ်သည့်Tenofovir (300mg)ဆေးအသစ်ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြွေဆိပ်ဖြေဆေး တိုးမြှင့်ထုတ်လုပ်ရေး အဆောက်အအုံကို ၂ဝ၁၆ ခုနှစ် မေ ၂ဝ ရက်တွင် ဆေးဝါးစက်ရုံ(အင်းစိန်)တွင် ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း။
ဈေးကွက်တွင် ရောင်းချနိုင်ခဲ့
ဆေးရုံသုံးခုတင်၊ ပရိဘောဂနှင့် ခွဲစိတ်ခန်းသုံးပစ္စည်း များကို Medical Grade နှင့်အညီ စတီးလ်ပစ္စည်းများဖြင့် ထုတ်လုပ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ဖြန့်ဖြူးပေးလျက်ရှိပြီး Locker တွဲဆက်ထားသည့် ဆေးရုံသုံးခုတင်နှင့် Medicine Cupboard တို့ကို စမ်းသပ်ထုတ်လုပ်လျက်ရှိပါကြောင်း၊ လယ်ယာသုံးစက်နှင့် စက်ကိရိယာပစ္စည်းများကို တောင်သူများ၏ လိုအပ်ချက် နှင့်အညီ တီထွင်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ ဇွဲ လယ်ထွန်စက်များ၏ Hydraulic System နှင့် Clutch ပိုင်းဆိုင်ရာများ ပြုပြင်ပြောင်းလဲခြင်း၊ ဧရာ (၁) လက်တွန်း ထွန်စက်၊ စပါးခြွေလှေ့စက်နှင့် ဆန်စက်ငယ်များအား စွမ်းဆောင်မှု ပိုမိုရရှိစေရန် ပြုလုပ်တီထွင်မှုများ ပြုလုပ်ပြီး ဈေးကွက်တွင် ရောင်းချနိုင်ခဲ့ပါကြောင်း။
နိုင်ငံပိုင်စက်ရုံများအား ပြည်တွင်း၊ ပြည်ပရင်းနှီး မြှုပ်နှံမှုများကို ဖိတ်ခေါ်၍ နည်းပညာနှင့် အရင်းအနှီးများ ထပ်မံထည့်ဝင်စေပြီး ပုဂ္ဂလိက စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်မှု ဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်တွင် စက်ရုံပေါင်း ၁၁၈ ရုံ ရှိသည့်အနက် စက်ရုံ ၅၉ ရုံအား ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
SMEများအား ငွေကြေးအရင်းအနှီးရရှိစေရန် ပံ့ပိုးပေးနိုင်ရေးအတွက် နိုင်ငံတော်၏ ချေးငွေဖြင့် လုပ်ငန်းရှင် ၄၅၆ ဦးနှင့် ဂျပန်နိုင်ငံ၏Two Step Lone ချေးငွေဖြင့် လုပ်ငန်းရှင် ၁၈၉ ဦးတို့အား ချေးငွေ ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ ဗဟိုဘဏ်ဥပဒေအရ ချေးငွေကာလမှာ တစ်နှစ်ဖြစ်သော်လည်း နိုင်ငံတော်အထူး ချေးငွေ၊ ဂျပန်နိုင်ငံ၏Two Step Loan ချေးငွေတို့ဖြင့် ငါးနှစ်ကာလအထိ ထုတ်ချေးပေးနိုင်ခဲ့ပြီး လုပ်ငန်းရှင် များ၏ ရင်းနှီးလည်ပတ်မှု အားကောင်းလာစေရန် ပံ့ပိုး ပေးနိုင်ခဲ့ပါကြောင်း။
လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းရှင် ၆၄၈ ဦးကို ချေးငွေရရှိရေးအတွက် ထောက်ခံချက်ပေးပြီး ဖြစ်ပါကြောင်း၊ ၂ဝ၁၆ ခုနှစ်တွင် CB ဘဏ်တစ်ခုတည်းသာCGI စနစ်ကို စတင်ကျင့်သုံးခဲ့ သော်လည်း KBZ Bank နှင့်SMIDB ဘဏ်တို့မှCGI စနစ်အား ကျင့်သုံးလိုသဖြင့် တွေ့ဆုံညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ထိုင်းနိုင်ငံ KASIKORN BANKမှလည်း မြန်မာနိုင်ငံ၏SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပါ ကြောင်း ပြောကြားသည်။
ထို့နောက် သတင်းထောက်များ၏ မေးမြန်းချက် များကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖြေကြားကြသည်။
ကျောက်ဖြူစီမံကိန်း
ကျောက်ဖြူ-ထားဝယ်စီးပွားရေးဇုန် နောက်ဆုံးအခြေ အနေနှင့် သင်္ကြန်ကာလ လေးရက်အတွင်း နယ်စပ်ဂိတ်များ ပိတ်ထားခဲ့မှုနှင့် စပ်လျဉ်းသည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် တာဝန်ရှိသူများက ဖြေကြားရာတွင် ကျောက်ဖြူစီမံကိန်းကို တရုတ်နိုင်ငံဘက်မှ ကုမ္ပဏီတစ်ခုက တင်ဒါအောင်မြင်ထားပြီးဖြစ်သည့် အတွက် EIA,SIA ကိစ္စများကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ မကြာမီရက်ပိုင်းအတွင်းမှာလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်ပြီး ကျောက်ဖြူနှင့် စစ်တွေဒေသများသို့ သွားရောက်ရန်ရှိပါ ကြောင်း၊ နှစ်ဖက်သဘောတူညီချက်အတိုင်း လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ သင်္ကြန်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်း များကို ပိတ်ရက်မရှိ ဆောင်ရွက်နေပါကြောင်း၊ ထားဝယ် စီးပွားရေးဇုန်နှင့်စပ်လျဉ်းပြီး ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ကုန်ဈေးနှုန်းမြင့်တက်နေမှုအတွက် ထိန်းချုပ်နေမှုနှင့် နယ်လိုင်စင်မော်တော်ယာဉ်များ မူဝါဒပြောင်းလဲရန် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်နှင့် တာဝန်ရှိသူများက ကုန်သွယ်မှုမြှင့်တင် ရေး လျင်မြန်ချောမွေ့စေရေးအတွက် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ကုန်စည်စီးဆင်း မှု လွယ်ကူမြန်ဆန်စေရေးအတွက် UMFCCI အပါအဝင် ညီနောင်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး ကုန်စည်များ တင်ပို့ခြင်း၊ တင်သွင်းခြင်း မြန်ဆန်စေရန်ဆောင်ရွက်လျက် ရှိပါကြောင်း၊Consignment နှင့် တင်သွင်းထားသည့် မော်တော်ယာဉ်များအား သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည် တင်ပို့ရန် ၅ဝဝဝ ကျော်ရှိသော်လည်း လုပ်ငန်းရှင်များနှင့် နိုင်ငံသားများ နစ်နာမှုမရှိစေရန် နည်းလမ်းရှာဖွေ ဆောင်ရွက်လျက်ရှိပါကြောင်း အတည်ပြုချက်ရရှိပါက ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ပဲတင်ပို့မှု အခွန်
မြန်မာ-အိန္ဒိယနှစ်နိုင်ငံအစိုးရများအကြား ပဲတင် ပို့ရန် အစီအစဉ် ရှိ၊ မရှိ၊ အိန္ဒိယနိုင်ငံအနေဖြင့် ပဲတင်သွင်း မှုအတွက် အခွန်တိုးကောက်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း တို့နှင့် စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က အိန္ဒိယနိုင်ငံသို့ အစိုးရများအကြား ပဲတင်ပို့ရန် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံမှ အများဆုံး ပဲတင်ပို့နိုင်မှုမှာ တန် ၁ ဒသမ ၈ သန်းခန့်သာ ရှိပါကြောင်း၊ အိန္ဒိယသို့ တန်ချိန် တစ်သန်းခန့်သာ တင်ပို့နိုင်ပါကြောင်း၊ တန်ချိန် သိန်းဂဏန်းက စတင်ဆောင်ရွက်ပါက ဖြစ်နိုင် မည်ဟု ညှိနှိုင်းထားပါကြောင်း၊ လက်မှတ်ထိုးမည့် MoUမူကြမ်းကို သံရုံးမှ ပြန်လည်ပေးပို့ထားပါကြောင်း၊ နိုင်ငံပိုင် အဖွဲ့အစည်းက ကိုင်တွယ်ဆောင်ရွက်ရန် အိန္ဒိယ အနေဖြင့် တောင်းဆိုနေပါကြောင်း၊ ဆောင်ရွက်ပေးနိုင် သည့် အတိုင်းအတာကို အကြောင်းကြားထားသော်လည်း အကြောင်းပြန်ခြင်း မရှိသေးပါကြောင်း၊ ပဲတင်ပို့မှု အခွန် တိုးကောက်ရန်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံက ထုတ်လုပ် သည့် သက်သေခံလက်မှတ်ပါပါက အခွန်တိုးကောက်မည် မဟုတ်ပါကြောင်း ဖြေကြားသည်။
မြန်မာနိုင်ငံသို့ အမေရိကန်အစိုးရမှ ပေးလိုက်သည့်GSP အခွင့်အရေးနှင့် ပတ်သက်ပြီး ပို့ကုန်တင်သွင်းမှု၌ အသုံးချနေမှုနှင့် တစ်ဦးချင်းကားတင်သွင်းမှုနှင့် စပ်လျဉ်း ၍ မူဝါဒပြောင်းလဲခြင်း ရှိ၊ မရှိ မေးခွန်းတို့အပေါ် ဖြေကြားရာတွင် အမေရိကန်GSP အခွင့်အရေးကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလတွင် ပေးခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံအနေ ဖြင့် ကုမ္ပဏီတစ်ခုသာ စတင်လျှောက်ထားသေးပါကြောင်း၊ အမေရိကန်GSP အခွင့်အရေးများနှင့် စပ်လျဉ်း၍ စီးပွားရေးသတင်းဂျာနယ်၌ အသေးစိတ်ဖော်ပြခဲ့ပါ ကြောင်း၊GSP အခွင့်အရေးကို အသုံးပြုရန် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ အသိပေးပြီးဖြစ်ပါကြောင်း၊ ၂ဝ၁၇ ခုနှစ်အတွက် ကားတင်သွင်းမှုနှင့်စပ်လျဉ်း၍ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလတွင် ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း ဖြေကြား သည်။
အမျိုးသားပညာရေးဥပဒေ
အမျိုးသားပညာရေးနည်းဥပဒေ ဆောင်ရွက်နေမှု ကိစ္စ၊ ဆရာ ဆရာမများအား လိုင်စင်ထုတ်ပေးရန် အစီ အစဉ် ရှိ၊ မရှိ၊ လာမည့်နှစ်အတွက် နေ့စားလပေးဆရာ ဆရာမများခန့်ထားမည့် အရေအတွက်၊ တစ်ဘာသာဖြေဆို ရုံဖြင့် စာမေးပွဲအောင်မြင်သည်ဟု ဝေဖန်နေသည့်ကိစ္စ များနှင့် ပတ်သက်သည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် တာဝန်ရှိသူများက အမျိုးသားပညာရေးဥပဒေကို ပြဋ္ဌာန်း ထားပြီးဖြစ်ပါကြောင်း၊ နည်းဥပဒေနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိကကျောင်းဥပဒေ ထွက်ရှိလာပါက ဆရာ ဆရာမ များအတွက် လိုင်စင် သို့မဟုတ် သတ်မှတ်ချက်တစ်ခုခု ဖြစ်ဖြစ်၊ ပညာအရည်အချင်းဖြစ်ဖြစ် တစ်ခုခုဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်အတွက် နေ့စားလပေး ဆရာ ဆရာမများကို ခန့်အပ်ရန်မှာ ဒေသ လိုအပ်ချက်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တစ်ဘာသာ ဖြေဆိုသည်ဆိုသည်မှာ နောက်ဆုံးစာမေးပွဲ ဖြစ်ပါကြောင်း၊ စာမေးပွဲအောင်တာနှင့် စာတတ်တာ ကွဲပြားဖို့လိုပါကြောင်း၊ စာသင်ချိန် ၁ဝ လရှိပြီး စာမေးပွဲ ဆိုသည်မှာ နှစ်နာရီစာသာ မေးခြင်းဖြစ်ပါကြောင်း၊ ဆန်းစစ်မှုများမှာ တစ်လျှောက်လုံး ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ မတတ်သေးလျှင်လည်း
တတ်အောင် သင်ကြားပေးပါကြောင်း၊ စာမေးပွဲ နှစ်နာရီစာဖြင့် အောင်/ရှုံးကို မဆုံးဖြတ်ဘဲ တစ်နှစ်လုံးဆန်းစစ်ချက်များဖြင့် ပေါင်းစပ်ပြီးမှသာ အောင်/ရှုံးကို ဆုံးဖြတ်ခြင်း ဖြစ်ပါ ကြောင်း ဖြေကြားသည်။
တက္ကသိုလ်များ ဗဟိုအုပ်ချုပ်မှုလျှော့ချပြီး လွတ်လပ် ခွင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ၊ ရန်ကုန်တက္ကသိုလ်သမဂ္ဂ ပြန်လည်တည်ဆောက်မည့်အစီအစဉ်နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် တာဝန်ရှိသူများက တက္ကသိုလ်များကို လွတ်လပ်ခွင့်ပေးထားပါကြောင်း၊ ဘဏ္ဍာငွေခွဲဝေရေးကိစ္စကိုသာ ကြီးကြပ်ဆောင်ရွက်ပါ ကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးကို ပြည်ထောင်စု ဝန်ကြီးကသာ တာဝန်ခံရပါကြောင်း၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အအုံ တည်ဆောက်ရန် ဘတ်ဂျက်ပါရှိပါကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘတ်ဂျက်၌ ငွေကျပ် ၅ ဒသမ ၂ ဘီလီယံကို အတည်ပြု ရရှိ ထားပြီး ဖြစ်ပါကြောင်း ဖြေကြားသည်။
အချိန်ကာလအလျောက် တိုက်ဆိုင်နေ
အစိုးရသစ် တစ်နှစ်ပြည့်တွင် နိုင်ငံပိုင်သတင်းစာများ ၌ အင်တာဗျူးများဖော်ပြခဲ့မှုနှင့်ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ယခုအစိုးရသစ် တစ်နှစ်ပြည့် ချိန်တွင် တစ်နှစ် တာကာလအတွင်း ဆောင်ရွက်ချက်များကို ပြန်လည် သုံးသပ်ခြင်း၊ မီဒီယာများနှင့် ထိတွေ့ပြောဆိုခြင်း အစီ အစဉ်ကို ဆောင်ရွက်ပါကြောင်း၊ ဝန်ကြီးဌာနအလိုက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ခြုံငုံသုံးသပ်ခြင်း၊ အများ၏ အမြင်များကို ပြောနိုင်ရန် ဆောင်ရွက်ထားခြင်းများရှိပါကြောင်း၊ တစ်ချိန်တည်းတွင် နှစ်သစ်ကူးနှင့်ပတ်သက်၍ နှစ်သစ်ဆုတောင်းများ ပြောဆိုရန်ရှိပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် မူဝါဒနှင့် မသက်ဆိုင်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၏ အလုပ်ကို ပုံမှန်ဆောင်ရွက်ခြင်း သာဖြစ်ကြောင်း၊ အစိုးရ၏ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ပြင်ပမှသုံးသပ်ချက် များကို ရယူပါကြောင်း၊ ထင်ထင်ရှားရှားဖြစ်သည့် ပုဂ္ဂိုလ် များကိုမေးမြန်း၍ ဖော်ပြခြင်းဖြစ်ပါကြောင်း၊ အစိုးရ တစ်နှစ်ပြည့်မြောက်သည့်အချိန်တွင် လုပ်ခဲ့သည့် အစီ အစဉ်များထဲက တစ်ခုသာဖြစ်ပါကြောင်း ဖြေကြားသည်။
တရားမျှတစွာဖြင့် မှန်မှန်ကန်ကန် ရွေးချယ်ခဲ့
ပုဂ္ဂလိကကုမ္ပဏီ ငါးခုအား Content Provider များအဖြစ် လုပ်ပိုင်ခွင့်ပေးခြင်းနှင့် စပ်လျဉ်း၍ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး က Content Provider များ ရွေးချယ်ရာတွင် ပွင့်လင်း မြင်သာမှု၊ ငွေကြေးရင်းနှီးမြှုပ်နှံမှု နှင့်ပတ်သက်၍ ခိုင်မာမှု၊ တရားဥပဒေလိုက်နာမှု၊ လက်ရှိထုတ်ပြန်သည့် မူဝါဒနှင့် နောင်အခါအားလျော်စွာ ထုတ်ပြန်မည့် မူဝါဒများအား လိုက်နာနိုင်မှု ရှိ၊ မရှိ၊ လိုအပ်သည့် ငွေကြေးများ ပေးချေ နိုင်ခြင်း၊ ပစ္စည်းများ ဝယ်ယူတပ်ဆင်နိုင်ခြင်း ရှိ၊ မရှိ အသေးစိတ်မေးမြန်းပြီး တကယ်လုပ်နိုင်မည့် ကုမ္ပဏီ ငါး ခုကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပေးနိုင်သည့် Channel သည် ငါးခု ဖြစ်သည့်အတွက် အဆင့်ဆင့် စနစ်တကျ ရွေးချယ်ခဲ့ပါကြောင်း၊ ပုဂ္ဂိုလ်ရေးအရ ချစ်ခြင်း၊ မုန်းခြင်း မရှိဘဲ တရားမျှတစွာဖြင့် မှန်မှန်ကန်ကန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါကြောင်း ဖြေကြားသည်။
အမျိုးသားစာပေဆု
အမျိုးသားစာပေဆုရွေးချယ်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က အမျိုးသား စာပေဆု အမျိုးအမည် များစွာရှိပါကြောင်း၊ တစ်ခုစီအတွက် ရွေးချယ်ရေးဆပ်ကော်မတီများရှိပါကြောင်း၊ ဆုရွေးချယ် ရေးဆောင်ရွက်ရန် စာပေနယ်ပယ်တွင် ထင်ရှားသော၊ အများအသိအမှတ်ပြုသော ပုဂ္ဂိုလ်များကို ဆုရွေးချယ်ရေး အဖွဲ့ထဲတွင် ပါဝင်ရန် ဖိတ်ခေါ်ပါကြောင်း၊ ထင်ရှားသည့် ဆရာကြီးများ ဦးဆောင်ပြီး အမျိုးသားစာပေဆု ရွေးချယ် ရေးအဖွဲ့ကို ဖွဲ့စည်းရန် မိမိတို့က အပ်ပါကြောင်း၊ ရွေးချယ် သည့်အခါတွင်လည်း ယင်းအဖွဲ့အစည်းများက သတ်မှတ် သည့် စည်းမျဉ်းစည်းကမ်းများနှင့် ရွေးချယ်ပေးမည့် ရလဒ် များအတိုင်း ထွက်ပေါ်လာရန် ရှိပါကြောင်း ဖြေကြားသည်။
သတင်းမီဒီယာသမားများ ကျင့်ဝတ်
သတင်းမီဒီယာသမားများ ကျင့်ဝတ်ဆိုင်ရာကိစ္စ နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က သတင်းမီဒီယာသမားများ ကျင့်ဝတ်ကို ထိန်းသိမ်းရန် အတွက်မှာ သတင်းမီဒီယာသမားများကိုယ်တိုင် ဦးဆောင် ၍ ဆောင်ရွက်ရမည့်ကိစ္စဖြစ်ပါကြောင်း၊ သတင်းမီဒီယာ အဖွဲ့အစည်းများက အဓိကဦးဆောင်၍ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း မီဒီယာဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန် တာဝန်ရှိသည့် အတွက် မိမိတို့အနေဖြင့်လည်း သက်ဆိုင်ရာ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မီဒီယာ သမားများသည် ယခု လေး ၊ ငါးနှစ်အတွင်းတွင် ဖွံ့ဖြိုးလာ သည့်အတွက် အားနည်းသည့်အပိုင်းများ ရှိသေးပါ ကြောင်း၊ ကျင့်ဝတ်ကိစ္စများ တိုးတက်ရန် သတင်းမီဒီယာ သမားများအားလုံး ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပါ ကြောင်း၊ မိမိတို့အနေဖြင့် အမြဲတမ်းပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိပါကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ်အရေးကိစ္စ
ရခိုင်ပြည်နယ်အရေးကိစ္စ သတင်းများရယူခွင့်နှင့် ပတ်သက်သည့် မေးခွန်းကို ဖြေကြားရာတွင် ရခိုင်ပြည် နယ် သတင်းများရယူခွင့်အပိုင်းတွင်လည်း သတင်းရယူ နိုင်စေရန် အမြဲကြိုးစားပါကြောင်း၊ ယင်းနေရာနှင့်ပတ်သက် သည့် သတင်းများစွာ ထွက်ပါကြောင်း၊ သတင်းအများ စုသည့် မမှန်သည့်သတင်းများဖြစ်ပါကြောင်း၊Internatio-nal Crisis Group ( ICG ) အစီရင်ခံစာတွင် ရခိုင် မြောက်ပိုင်းနှင့်ပတ်သက်၍ သတင်းပြည့်ပြည့်ဝဝ ရရှိနိုင် ရန် ဆောင်ရွက်နိုင်ခဲ့ကြောင်းကို ရေးထားပါကြောင်း၊ မေးမြန်းသင့်သည့်နေရာများကို ပြည့်စုံအောင် မေးမြန်းနိုင် ခဲ့ကြောင်း၊ လိုအပ်သည့်အခါတွင် ဒေသစကားနားလည် သည့် စကားပြန်များအသုံးပြုခဲ့သည်ဟု သိရပါကြောင်း၊ မိမိတို့ ပြည်တွင်း၌ရှိသော သတင်းသမားများသည် ယင်းနေရာမှ သတင်းကိုရရန်ICG ထက် အားမနည်းပါ ကြောင်း၊ အထူးသဖြင့် ရခိုင်ပြည်နယ်တွင် နေထိုင်သည့် သတင်းသမားများသည် ယင်းအချိန်က သတင်းအမှန် များကို ပိုမိုသိနိုင်မည်ဟု မြင်ပါကြောင်း၊ ယင်းအချိန်က နိုင်ငံတကာက မမှန်မကန်သတင်းများကို ထုတ်လွှင့်နေချိန် တွင် မိမိတို့ မီဒီယာသမားများထဲမှ မောင်တောက အခြေ အနေကို စုံစမ်းမေးမြန်းပြီး တွေ့ရှိခဲ့သည့် အခြေအနေမှန်ကို သတင်းထုတ်ပြန်ခြင်းမျိုး မတွေ့ခဲ့ရပါကြောင်း၊ သတင်းရ ရန
် ခက်ခဲသည့်နေရာများရှိနိုင်ပါကြောင်း၊ သို့သော် မီဒီယာသမားများ တကယ်အားထုတ်ပါက ရနိုင်ပါကြောင်း ဖြေကြားသည်။
် ခက်ခဲသည့်နေရာများရှိနိုင်ပါကြောင်း၊ သို့သော် မီဒီယာသမားများ တကယ်အားထုတ်ပါက ရနိုင်ပါကြောင်း ဖြေကြားသည်။
ဒစ်ဂျစ်တယ်သတင်းစာ
ဒစ်ဂျစ်တယ်သတင်းစာနှင့်စပ်လျဉ်း၍ မေးမြန်းမှုကို ဖြေကြားရာတွင် ပုံနှိပ်မီဒီယာသည် ကမ္ဘာတွင် မေးမှိန် လာပါကြောင်း၊ နည်းပညာများ တိုးတက်ပြောင်းလဲလာ သည်နှင့်အမျှ ကမ္ဘာတစ်ဝန်းတွင် အွန်လိုင်းမီဒီယာ လုပ်ငန်းများ ဆောင်ရွက်လာသည့်အတွက် အများနည်းတူ ကြိုးစားဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူများထံ သတင်းအချက်အလက်များ မြန်မြန်ဆန်ဆန် အသိပေး နိုင်ရန်ရည်ရွယ်ပါကြောင်း၊ မိမိတို့တိုင်းပြည်၏ ဆောင်ရွက် နေမှုများကို ပြည်တွင်း၊ ပြည်ပစာဖတ်ပရိသတ်များနှင့် တစ်ကမ္ဘာလုံးက သိရှိနိုင်ရန် သတင်းအချက်အလက်များကို မြန်မြန်ဆန်ဆန် အချိန်နှင့် တစ်ပြေးညီ အသိပေးလိုသည့် ရည်ရွယ်ချက်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်ကို အကောင်အထည်ဖော်ခြင်းဖြစ်ပါကြောင်း ဖြေကြားသည်။
ဆေးဝါးထုတ်လုပ်နေမှု
BPI ဆေးဝါးစက်ရုံမှ ကင်ဆာဝေဒနာရှင်များအတွက် နာကျင်ကိုက်ခဲမှု သက်သာသည့် ဆေးဝါးထုတ်လုပ်နေမှု အခြေအနေနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကိုကိုလွင်က ကင်ဆာဝေဒနာရှင်များအတွက် နာကျင်ကိုက်ခဲမှု သက်သာစေရန် ဆေးဝါးထုတ်လုပ်ရာ၌ မော်ဖင်းနှင့် ကိုဒင်းတို့ ပါဝင်ပါကြောင်း၊ လိုအပ်သည့် မော်ဖင်းအား ပြည်ပမှ ဝယ်ယူတင်သွင်းပါကြောင်း၊ ကိုဒင်း အတွက် လိုအပ်သည့် ဘိန်းစိမ်းကီလို ၆၅ဝဝ ဂရမ်ရရှိရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး တောင်းခံထားပါ ကြောင်း၊ ရရှိပါက ဘိန်းစိမ်းမှ ကိုဒင်းဖော့စဖိတ် ထုတ်လုပ် မည်ဖြစ်ပါကြောင်း၊ မော်ဖင်းမှ မော်ဖင်းဆေးတောင့် ထုတ်ယူမည်ဖြစ်ပါကြောင်း၊ အဆိုပါ ဆေးဝါးများကို ဆေးဝါးဖော်စပ်ပုံနည်းပညာအသစ်ဖြင့် သုတေသနပြု ထုတ်လုပ်ထားခြင်းဖြစ်ပြီး ပြည်တွင်း၌ ဈေးနှုန်းသက်သာ စွာဖြင့် ထုတ်လုပ်ဖြန့်ဖြူးပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ခုခံအားကျဆင်းမှုရောဂါနှင့်Hepatitis B ရောဂါ များအတွက် ကုသဆေးဖြစ်သည့်Tenofovir (300 mg) အတွက် ဆေးဝါးထုတ်လုပ်မှုနည်းပညာကို အိန္ဒိယနိုင်ငံမှ ဝယ်ယူ၍ ဆေးဝါးစက်ရုံ (ရန်ကုန်)၌ စမ်းသပ်ထုတ်လုပ် နေပါကြောင်း၊FDA လိုင်စင်ရရှိအောင် ဆောင်ရွက်နေပြီး ဈေးကွက်အတွင်း ဆက်လက်ရောင်းချနိုင်အောင်
စီစဉ်နေ ပါကြောင်း၊ BPI ဆေးဝါးများ ထုတ်လုပ်ရာတွင် အရည် အသွေး ကောင်းမွန်မှု၊ လုံခြုံစိတ်ချရမှုနှင့် အာနိသင်ရှိရမည် ဟူသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေပါကြောင်း ဖြေကြားသည်။
စီစဉ်နေ ပါကြောင်း၊ BPI ဆေးဝါးများ ထုတ်လုပ်ရာတွင် အရည် အသွေး ကောင်းမွန်မှု၊ လုံခြုံစိတ်ချရမှုနှင့် အာနိသင်ရှိရမည် ဟူသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေပါကြောင်း ဖြေကြားသည်။
မှန်စားပွဲ ထုတ်လုပ်နေမှု
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒီဇိုင်းရေးဆွဲပေး သည့် မြန်မာမှုလက်ရာ ယွန်း၊ ကနုတ်၊ ပန်းပု တို့ဖြင့် ပေါင်းစပ်ထားသည့် မှန်စားပွဲ ထုတ်လုပ်နေမှုနှင့်စပ်လျဉ်း ၍ ဖြေကြားရာတွင် မှန် အခြေပြု၍ ယွန်း၊ ကနုတ်ဖြင့် မှန်စားပွဲကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒီဇိုင်းရေးဆွဲ ပြီး အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်းရှိ မှန်စက်ရုံ (ကျောက်ဆည်)က ထုတ်လုပ်ခြင်း ဖြစ်ပါကြောင်း၊ မြန်မာ့ လက်မှုပညာကို ဈေးကွက်ရရှိရေး၊ အဆင့်မြင့် မှန်များကို အသုံးချရေးနှင့် ရောင်းချနိုင်ရေးစသည့် ရည်ရွယ်ချက် များဖြင့် ဆောင်ရွက်နေပါကြောင်း၊ အဆိုပါ ရည်ရွယ်ချက် များဖြင့် စမ်းသပ်ထုတ်လုပ်ရောင်းချနေရာတွင် ခြောက်လ အတွင်း စားပွဲခုံ ၂ဝ ရောင်းချခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ မှန်စားပွဲများကို ဒီဇိုင်းပေါ် မူတည်၍ ငွေကျပ်တစ်သိန်းမှ နှစ်သိန်းဝန်းကျင်အထိရှိပြီး ဝယ်လိုအား လိုအပ်ချက်ပေါ် မူတည်၍ ဆက်လက်ထုတ်လုပ်ရောင်းချသွားမည် ဖြစ်ပါ ကြောင်း ဖြေကြားကြသည်။
(သတင်းအဖွဲ့)
No comments:
Post a Comment