Sunday, April 2, 2017

ပြည်သူလူထု သဘာဝဘေးရင်ဆိုင် တုံ့ပြန်နိုင်စွမ်းမြင့်မားစေရေး အမျိုးသားအဆင့်မူဘောင်စာအုပ်မိတ်ဆက်ပွဲကျင်းပ



Image may contain: 4 people, people standing and text
နေပြည်တော် ဧပြီ ၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် သဘာဝဘေးဒဏ်ခံစားရသော ပြည်သူလူထုအတွက် ကောင်းမွန်သော လူနေမှုဘဝပြန်လည်ရရှိစေရေး နှင့် ဘေးဒဏ်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း ရှိသော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်စေရေး မူဝါဒများချမှတ်ပြီး ပြည်သူကို ဗဟိုပြုသော သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို အလေးထား ဆောင်ရွက်လျက်ရှိသည်။
ပြည်သူလူထု သဘာဝဘေး ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းမြင့်မားစေရေး အမျိုးသားအဆင့် မူဘောင်စာအုပ် မိတ်ဆက်ပွဲကို မတ် ၃၁ ရက် နံနက် ပိုင်းက နေပြည်တော် Park Royal Hotel ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းများကို ရပ်ရွာလူထုက ဦးဆောင်ဦးရွက်ပြုပြီး လုပ်ဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ဘေးအန္တရာယ်များကို ရင်ဆိုင်တုံ့ပြန်နိုင်ရန် ကြိုတင်ပြင်ဆင်မှုနှင့် ပြန်လည် တုံ့ပြန်နိုင်စွမ်းများ ပိုမိုအားကောင်း လာစေရန် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် သဘာဝဘေးအမျိုးမျိုးကြောင့် ဆုံးရှုံးမှု မြောက်မြားစွာကို ခံစားခဲ့ရပြီး ဖွံ့ဖြိုးမှု အသီးအပွင့်များကိုလည်း ထိခိုက်စေခဲ့ကြောင်း၊ ဘေးဒဏ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း တည်ဆောက်ရာတွင် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်း များနှင့် အရင်းအမြစ်များ၊ ကြိုးပမ်းအားထုတ်မှုများကို တစ်သားတည်း ကျအောင် ပေါင်းစည်းဆောင်ရွက်ရန် အရေးကြီးကြောင်း၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးခြင်း တစ်ခုတည်းဖြင့် ရပ်ရွာလူထု၏ ပြဿနာများကို ရေရှည် ဖြေရှင်းပေးနိုင်မှာမဟုတ်ကြောင်း၊ ယခု မိတ်ဆက်သည့် မူဘောင်တွင် ရပ်ရွာလူထုဦးဆောင်သော ပေါင်းစပ်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဖော်ထုတ်ပေးထားကြောင်း၊ ရေရှည် တည်တံ့ပြီး ဘေးဒဏ်ခံနိုင်ရည်ရှိသော ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်ရာတွင် အဖွဲ့အစည်းအားလုံးက ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ Asian Development Bank နှင့် United Nations Development Programme မှ တာဝန်ရှိသူများက မူဘောင်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက မူဘောင်စာအုပ်များကို သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment