Sunday, April 2, 2017

မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ



Image may contain: text
မြန်မာပြည်ကြီးငြိမ်းချမ်းစေရေး၊ မြန်မာပြည်ကြီး ဖွံ့ဖြိုးစေရေးအတွက် မြန်မာနိုင်ငံ၏သမိုင်းကြောင်းကို မြန်မာနိုင်ငံသားများ အထူးတလည် လေ့လာရန်လိုအပ်သည်။ မြန်မာပြည်လွတ်လပ်ရေးမရမီ နှစ်ပေါင်းတစ်ရာ ကျော် တိုင်းတစ်ပါးလက်အောက် ကျွန်သဘောက်ဘဝရောက်ခဲ့သည်။ သူ့ကျွန်မခံလို၍ မျိုးချစ်မြန်မာများက အသက်၊ သွေး၊ ချွေး ပေးဆပ်ပြီး နယ်ချဲ့ကိုတွန်းလှန်ခဲ့ကြရာ စစ်ပွဲများ၊ ဆင်းရဲမွဲတေမှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများနှင့် နှစ်ပေါင်းတစ်ရာမက မငြိမ်းမချမ်းဘဝနှင့် နေခဲ့ကြရသည်။
လွတ်လပ်ရေးမရရှိမီက တိုင်းတစ်ပါးအုပ်ချုပ်မှုကို မခံလိုသည့် သူ့ကျွန်ဘဝမှလွတ်မြောက်လိုသော မျိုးချစ်စိတ်ဓာတ်ဖြင့် မြန်မာအမျိုးသား ခေါင်းဆောင်များနှင့် တိုင်းရင်းသားများ ညီညွတ်ခဲ့ကြသည်။ လွတ်လပ်ရေး ရရှိပြီးသောကာလ ကိုယ့်အမျိုးသားခေါင်းဆောင်များနှင့် မိမိတိုင်းပြည်ကို မိမိတို့ကိုယ်တိုင် အုပ်ချုပ်စီမံရမည့်ကာလသို့ ရောက်သောအခါ မျိုးချစ်ခေါင်းဆောင်များအချင်းချင်း အယူအဆကွဲ၊ ဝါဒကွဲလွဲမှုတို့ကြောင့် စိတ်ဝမ်းကွဲခဲ့ကြသည်။
စိတ်ဝမ်းကွဲရုံသာမက လက်နက်စွဲကိုင်တိုက်ခိုက်ကြသောကြောင့် တိုင်းပြည်မငြိမ်းချမ်းခဲ့သည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။ ဤသည်ကို ကျွန်ုပ်တို့နိုင်ငံသားအားလုံး သမိုင်းသင်ခန်းစာရယူသင့်သည်။ တိုင်းတစ်ပါး အုပ်ချုပ်မှုကိုမခံလို၍ တိုင်းရင်းသားပြည်သူများညီညွတ်မှု၊ စည်းလုံးမှုရှိခဲ့ကြသည်။ တိုင်းတစ်ပါးကျူးကျော်မှုကိုမခံလို၍ လက်နက်စွဲကိုင်တွန်းလှန်မှုကြောင့် ကျခဲ့ရသည့် အသက်၊ သွေး၊ ချွေးနှင့် ဆုံးရှုံးမှုများမှာ တိုင်းပြည်နှင့် လူမျိုးအတွက်ဖြစ်၍ ဆုံးရှုံးမှုမှာ ထိုက်တန်သလို တန်ဖိုးကြီးမားသည်။
လွတ်လပ်ရေးရပြီး တိုင်းပြည်ကို ကိုယ့်လူမျိုးကိုယ်တိုင် အုပ်ချုပ်မည် ဆိုသောအခါ အချင်းချင်းစိတ်ဝမ်းကွဲပြားပြီး လက်နက်စွဲကိုင်တိုက်ခိုက်ကြ၍ ညီညွတ်မှု၊ စည်းလုံးမှုပျက်ပြားပြီး မငြိမ်းချမ်းသောတိုင်းပြည်ဖြစ်ခဲ့ရသည်။ အချင်းချင်းလက်နက်စွဲကိုင်တိုက်ခိုက်ခြင်းကြောင့် ကျခဲ့ရသည့် အသက်၊ သွေး၊ ချွေးနှင့် ဆုံးရှုံးမှုများမှာ တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုးမဲ့သာဖြစ်သည်။ ငြိမ်းချမ်းရေးရရှိရန်အတွက် စောင့်စားခဲ့ရသည့် အချိန်ကာလများစွာနှင့် ဆုံးရှုံးမှုများကြောင့် တိုင်းပြည်အတွက် မည်မျှ နစ်နာခဲ့ရသည်ကို စဉ်းစားသုံးသပ်ကြည့်ရန် လိုမည်ဖြစ်သည်။
နှစ်ပေါင်းများစွာ အဆုံးမသတ်နိုင်သော လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နေပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးကို စတင်လိုက်နိုင်သည်မှာ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် လင်းလက်လာသော ရောင်ခြည်တစ်ခုပင်ဖြစ်သည်။ လက်နက်ကိုင်ဖြေရှင်းခြင်းမှ စားပွဲဝိုင်း ဖြေရှင်းခြင်းသို့ ဖော်ဆောင်ကြသည်။ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံ၍အမြင်ချင်း ဖလှယ်နိုင်ခြင်းသည် တိုးတက်မှုပင်ဖြစ်သည်။ တစ်ဆင့်ခံတွေ့ဆုံခြင်းသည် နားလည်မှုလွဲမှားစေနိုင်ပြီး တိုက်ရိုက်တွေ့ဆုံဆွေးနွေးခြင်းဖြင့် ရလဒ်ကောင်းတစ်ခုထွက်အောင် အဖြေထုတ်နိုင်ပေသည်။
ငြိမ်းချမ်းရေးအတွက် မျှော်လင့်ခြင်းသည် စိတ်ကူးသက်သက်မျှသာ ရှိသေး၍ ငြိမ်းချမ်းရေးကို လက်ဝယ်ပိုင်ပိုင်ရရှိနိုင်ရန် ဝိုင်းဝန်းပူးပေါင်း ကြိုးစားရမည်ဖြစ်သည်။ မျှော်လင့်ချက်နှင့်အတူ အမှန်တကယ်ဖြစ်လိုသော ပြင်းပြသည့်ဆန္ဒများဖြင့် ယုံကြည်မှုကိုတည်ဆောက်ကြရမည်ဖြစ်သည်။ ထို့နောက် ယုံကြည်ချက်ကိုကိုင်စွဲကာ ငြိမ်းချမ်းရေးမူဝါဒအပေါ်အခြေခံ၍ လုပ်သင့်လုပ်ထိုက်သည်တို့ကို အမြန်ဆုံးအကောင်အထည်ဖော်ကြရမည် ဖြစ်သည်။ တစ်ရက်စောလျှင် တစ်ရက်၊ တစ်လစောလျှင် တစ်လ၊ တစ်နှစ် စောလျှင်တစ်နှစ် ငြိမ်းချမ်းရေးအသီးအပွင့်များကို ပြည်သူများခံစားရရှိနိုင် သည်ကို မမေ့သင့်ချေ။
ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် မတူကွဲပြားမှုများနေခြင်းသည် အကျိုးများသော တန်ဖိုးရှိသည့်အရာဖြစ်သည်။ မတူကွဲပြားမှုများကို အခြေခံ၍ နိုင်ငံပိုမိုတိုးတက်အောင်၊ ဖွံ့ဖြိုးအောင်လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ မတူကွဲပြားမှုများကို ဘုံအကျိုးထုတ်မှသာ နိုင်ငံအတွက်အကျိုးရှိနိုင်ပြီး မိမိတို့အကျိုးအတွက်သာရှေးရှုလျှင် ပန်းတိုင်နှင့် အလှမ်းဝေးနေမည်သာဖြစ်သည်။ ထို့ကြောင့် ပြည်သူများမျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် မြန်မာပြည်ကြီးငြိမ်းချမ်းရေးကို ရှေးရှုကာ ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်စေချင်ပါသည်။ ။

No comments:

Post a Comment