မြန်မာ့အလင်းအယ်ဒီတာအာဘော်
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအပါအဝင် အရှေ့ဥရောပနိုင်ငံများရှိ
ကွန်မြူနစ်ပါတီများ၏ တစ်ပါတီဦးဆောင် ဗဟိုချုပ်ကိုင်စီမံကိန်းစီးပွား
ရေးစနစ်တို့ ကျဆုံးခဲ့ရခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ်သည် တိုင်းပြည်၏
ပကတိအခြေအနေမှန်ကို သိရှိရန် စနစ်က အဟန့်အတား ပြုနေခြင်းဖြစ်ပါသည်။
တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ တိုင်းပြည်၏
ပကတိအခြေအနေမှန်ကို သိရှိရန်လိုအပ်သည်သာမက အသိအမှတ်ပြုရန်လည်းလိုအပ်ပါသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ''ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုအားနည်းသကဲ့သို့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် ဗဟိုအစိုးရတို့အကြား ပူးပေါင်း ဆောင်ရွက်မှု အားနည်းနေပါကြောင်း'' ဟု ပွင့်လင်းစွာ မိန့်ကြားခဲ့ခြင်း ဖြစ်သည်။ တိုင်းပြည်၏ ပကတိအခြေအနေမှန်ကို မကွယ်မထောက် အသိအမှတ်ပြု ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ပြောစကားများကို အပေါ်ယံကြည့်ပါက အားနည်းချက်တစ်ရပ် ကို ဝန်ခံအသိအမှတ်ပြုခြင်းဟုသာ မြင်စရာရှိသော်လည်း လေးလေး နက်နက် သုံးသပ်ပါက ရှေ့သို့အရှိန်အဟုန်ဖြင့် ချီတက်နိုင်ရန်အတွက် လမ်းစဉ်မှန်ကို အားမာန်သွင်းလှုံ့ဆော်ခဲ့ခြင်းဖြစ်ပါသည်။ ဤသို့သော ပွင့်လင်းစွာမိန့်ကြားမှုကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော် ၏ စွမ်းအင်မူဝါဒညှိနှိုင်းအစည်းအဝေးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါ နိုင်ငံတော်၏စွမ်းအင်မူဝါဒ ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်၏ စွမ်းအင်မူဝါဒ မျှော်မှန်းချက်များကို ချပြခဲ့ပါသည်။ နိုင်ငံတော်၏ စွမ်းအင်မူဝါဒ မျှော်မှန်းချက်သည် တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ ဖြစ်ရန်ဆိုသည်မှာ ရှင်းလင်းပြီးဖြစ်သော်လည်း ဤအချက်မျှဖြင့် မလုံလောက်သည်ကို က္ဘာ့နိုင်ငံများစွာတို့၏ အတွေ့အကြုံတို့က သက်သေပြပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က နိုင်ငံတော်၏ စွမ်းအင်မူဝါဒဆိုင်ရာ မျှော်မှန်းချက်များချပြရာ၌ စွမ်းအင်သယံဇာတအရင်းအမြစ်များ ရေရှည်တည်တံ့စွာအသုံးပြုနိုင် ရေးနှင့် တိုင်းဒေသကြီးများအပါအဝင် ပြည်နယ်များအကြား မျှတ မှန်ကန်စွာခွဲဝေအသုံးပြုနိုင်ရေးတို့ကိုပါ အဓိကမျှော်မှန်းချက်များ အဖြစ် ချပြခဲ့ခြင်းဖြစ်ပါသည်။
တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော စွမ်းအင် တို့ကို အပြည့်အဝဖြည့်ဆည်းပေးနိုင်ရေးအတွက် ပုဂ္ဂလိက ကဏ္ဍမှ ပါဝင် ဆောင်ရွက်ရန် လိုအပ်နေသည်မှာအထင်အရှားဖြစ်ပါသည်။ ဤလိုအပ် ချက် ဖြည့်ဆည်းနိုင်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပါဝင်ဆောင် ရွက်နိုင်ရေးကို စီမံခန့်ခွဲရာ၌ စွမ်းအင်ဈေးနှုန်းမူဝါဒသည် အရေးကြီးသော မူဝါဒလိုအပ်ချက်ဖြစ်ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က စွမ်းအင်ဈေးနှုန်းသည် စွမ်းအင်ထုတ်လုပ်သူနှင့် စွမ်းအင်သုံးစွဲသူတို့ နှစ်ဦးနှစ်ဖက် စီးပွားရေးအာမခံချက်ရှိစေရမည်ဟု ချပြခဲ့ခြင်းသည် စွမ်းအင်ကဏ္ဍတွင် ပါဝင်ဆောင်ရွက်လိုသော လုပ်ငန်းရှင်တို့အတွက် အားတက်စရာဖြစ်သကဲ့သို့ ပြည်သူလူထုကြား၌လည်း မလိုလားအပ် သော စိုးရိမ်ပူပန်မှုတို့ မဖြစ်ပွားစေသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်း ပုဂ္ဂိုလ်တို့အနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွှန်ကြားချက်များကို နှလုံးသွင်းလျက် ဆတက် ထမ်းပိုး ကြိုးပမ်းဆောက်ရွက်ကြပါရန် လေးစားစွာနှိုးဆော်တိုက်တွန်း အပ်ပါသည်။ ။

No comments:
Post a Comment