Saturday, April 1, 2017

အမျိုးသားကျန်းမာရေးစီမံကိန်းသည် ပြည်သူကိုအခြေပြုသည့် စီမံကိန်းမျိုးဖြစ်ပြီး ပညာတတ်၊ကျန်းမာသည့် ပြည်သူပြည်သားများသည် နိုင်ငံ၏အကောင်းဆုံးအာမခံချက်ဖြစ်



Image may contain: 2 people
နေပြည်တော် မတ် ၃၁
အမျိုးသားကျန်းမာရေးစီမံကိန်း(၂ဝ၁၇-၂ဝ၂၁)စတင်ဆောင်ရွက်မှု အသိပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများ၏ ကျန်းမာရေး ကောင်းမွန်ခြင်းသည် နိုင်ငံတစ်ခုအတွက် အကောင်းဆုံး လာဘ်လာဘဖြစ်သည်ဟု ဆိုချင်ပါကြောင်း၊ သို့သော် လာဘ်လာဘဟု ပြောသည့်အခါ အများကပေးသည့် လွယ်လွယ်နှင့်ရသော လာဘ်လာဘမျိုးမဟုတ်ဘဲ ဉာဏ်ပညာ၊ ဝီရိယတို့နှင့် ယှဉ်တွဲပြီး စနစ်တကျရယူသည့် ဆုလာဘ်မျိုး ဖြစ်ရမည်ဖြစ်ကြောင်း၊ ယခုလို အတွေးအခေါ်နှင့် မိမိတို့၏ အမျိုးသားကျန်းမာရေးစီမံကိန်းကို ရေးဆွဲထား ခြင်းဖြစ်ပါကြောင်း၊ စိတ်ကူးယဉ်၍ လည်းကောင်း၊ ယေဘုယျအားဖြင့်လည်းကောင်း ရေးဆွဲထားခြင်းမဟုတ်ဘဲ တစ်နှစ်ပြီးတစ်နှစ် ဘယ်လိုဆက်လက်၍ ဆောင်ရွက်သွားမလဲဆိုတာကိုဆုံးဖြတ်ပြီး ရေးဆွဲထားသည့် စီမံကိန်းတစ်ခု ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအတွက် ပြည်သူပြည်သားများ၏ ကျန်းမာရေးသည် အင်မတန် အရေးကြီးပါကြောင်း။
သူနာပြုဆရာမတစ်ဦးဖြစ်ခဲ့သည့် မိခင်ဖြစ်သူက အမြဲပြောလေ့ရှိပါကြောင်း၊ ကျန်းမာမှဖြစ်မယ်၊ မကျန်းမာလျှင် ဘာမှလုပ်လို့မရဘူးဟု ပြောပါကြောင်း၊ ဉာဏ်ပညာ၊ အလုပ်အကိုင်၊ ဓနအင်အားများစွာရှိသည့် ပုဂ္ဂိုလ်များသည် ကျန်းမာရေးပျက်စီးယိုယွင်းသွားသည့်အခါ မည်သည့်စွမ်း ရည်မှမရှိတော့သည်ကို သူနာပြုဆရာမတစ်ဦးအနေဖြင့် ၎င်းကိုယ်တိုင်မြင်ခဲ့၍ ဖြစ်ပါကြောင်း၊ ကျန်းမာရေးကို အလွန်အလေးထားခဲ့ပါကြောင်း၊ ပြည်သူပြည်သားများ၏ ကျန်းမာရေးသည် မိမိတို့နိုင်ငံ၏ အဖိုးမဖြတ်နိုင်သည့် သယံဇာတတစ်ခုဖြစ်သည်ဟု ပြောလိုပါကြောင်း၊ ထို့ကြောင့် စနစ်တကျ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အားလုံးဝိုင်းပြီးကြိုးစားရမှာဖြစ်ပါကြောင်း၊ ယခုမိမိတို့၏ အမျိုးသားကျန်းမာရေးစီမံကိန်းသည် ပြည်သူကိုအခြေပြုသည့် စီမံကိန်းမျိုးဖြစ်ပါကြောင်း၊ ပြည်သူကို အခြေပြုသည့် စီမံကိန်းဖြစ်၍ ကျန်းမာရေးသည် အိမ်တွင်းမှစသည်ဟူသည့် အမြင်ဖြင့် မိမိတို့ဆက်သွားရန်လိုပါကြောင်း။
ဆေးရုံရောက်မှ ကျန်းမာရေးကုသမှု ယူရခြင်းမဟုတ်ပါကြောင်း၊ ကိုယ့်အိမ်အတွင်းမှစပြီး ကျန်းမာရေးကို ဂရုစိုက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ကျန်းမာရေးစောင့်ရှောက်ရန် လိုအပ်သူနှင့် ကျန်းမာရေးစောင့် ရှောက်မှုပေးသည့်သူဆိုပြီး ခွဲခြားပြီး မြင်ကြကြောင်း၊ သို့သော် အမှန်တွင် ထိုသို့ခွဲခြား၍ မရပါကြောင်း၊ တချို့က ပြောကြသည်မှာ တကယ်ကုတာက ဆရာဝန်များကကုခြင်း မဟုတ်ပါဘဲ လူနာက ကိုယ့်ကိုယ်ကိုယ်ကုရပါကြောင်း၊ ဆရာဝန်များက လမ်းပြရုံပဲဖြစ်သည်ဟု ဆိုပါကြောင်း၊ ဒါလည်းမှန်ပါကြောင်း၊ ဆရာဝန်များက ကျန်းမာရေးနှင့် ပတ်သက်၍ တာဝန်ယူရသည့် ပုဂ္ဂိုလ်များဖြစ်ပြီး ပညာပေး၊ လမ်းပြရန်ဖြစ်ပါကြောင်း၊ ပြည်သူပြည်သားများသည် မိမိ၏ ကျန်းမာရေးအတွက် ကိုယ့်ဘာသာကိုယ် တာဝန်ယူရမည်ဖြစ်ပါကြောင်း၊ ဒီလိုကိုယ့်ကိုယ်ကိုယ် ကျန်းမာရေးအတွက် တာဝန်ယူနိုင်သည့် အခြေအနေရောက်အောင် မိမိတို့၏ အမျိုးသားစီမံကိန်းကို ရေးဆွဲထားခြင်းဟု မိမိအနေဖြင့် နားလည်ပါကြောင်း ပြောကြားသည်။
''မိခင်ရဲ့ဝမ်းထဲကနေစပြီးတော့ ကျန်းမာရေးဂရုစိုက်မှုက အထူးပဲအရေးကြီးပါတယ်။ ငယ်ငယ်တုန်းက ကျန်းကျန်းမာမာနဲ့ မွေးမြူလာတဲ့ပြုစုထားတဲ့ကလေးတွေဟာ ကြီးလာတော့လည်း ပိုပြီးတော့ ကျန်းမာရေးလည်းကောင်းပါတယ်၊ ဉာဏ်ရည်လည်း ကောင်းပါတယ်။ အဘက်ဘက်ကနေပြီးတော့ နိုင်ငံအတွက်လည်း အကူအညီအထောက်အပံ့ ဖြစ်နိုင်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ရင် အားလုံးဝိုင်းပြီး လုပ်ဖို့လိုတဲ့နေရာမှာ ကျွန်မတို့နိုင်ငံအတွင်းတင်မဟုတ်ဘဲနဲ့ ပြည်ပက မိတ်ဆွေတွေကလည်း ကူညီထောက်ပံ့ မှုတွေအများကြီးရပါတယ်။ ဒါပေမယ့်လည်း လူစွမ်းမှနတ် မတယ်ဆိုသလို ကိုယ်စွမ်းမှလည်း ကိုယ့်ကို ကူညီချင်တဲ့ စိတ်တွေဖြစ်မှာဖြစ်ပါတယ်။
''ဥပမာအားဖြင့် ပြောရမယ်ဆိုရင် ကျွန်မတို့အနေနဲ့တောင်မှ ဂုဏ်ယူရတဲ့ ရောဂါသုံးမျိုးတိုက်ဖျက်ရေးကိစ္စမှာ ကျွန်မတို့ရဲ့နိုင်ငံက တိုးတက်မှုရှိလို့၊ အောင်မြင်မှုရှိလို့ ပိုမိုပြီးတော့ တစ်ကမ္ဘာလုံးကနေ ပံ့ပိုးချင်တဲ့စိတ်တွေဖြစ်လာပါတယ်။ လက်တွေ့ကျကျနဲ့ ပံ့ပိုးဖို့အစီအစဉ်တွေကို အခုအကောင်အထည်စပြီး ဖော်နေတာဖြစ်ပါတယ်။ ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် ကူညီနိုင်မှလည်း တခြားသူတွေက ကျွန်မတို့ကို ကူညီချင်မှာဖြစ်ပါတယ်။ အခုကျွန်မတို့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ကိစ္စရပ်များဟာ အင်မတန်မှ ကျယ်ပြန့်ပါတယ်။ အင်မတန်မှများပါတယ်။ ကျွန်မတို့ရဲ့ ဘဏ္ဍာရေးအခြေအနေကတော့ အကန့်အသတ်နဲ့ ရှိပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ ဘဏ္ဍာရေးအခြေအနေအရ ပြည်သူပြည်သားများကို အကောင်းဆုံးကျန်းမာရေးပေးနိုင်ဖို့အတွက် ဦးတည်ပြီးတော့ ဒီစီမံကိန်းကို ရေးဆွဲထားတာပါ။ ငွေရေးကြေးရေးနဲ့ ရေးဆွဲထားတဲ့ စီမံကိန်းမဟုတ် ပါဘူး။ ဖြစ်နိုင်ခြေရှိတဲ့စီမံကိန်းပဲ ကျွန်မတို့ ဆွဲထားတာ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဟာ အထူးသဖြင့် ပြည်သူကိုအခြေပြုတဲ့ ကျန်းမာရေးဘက်မှာအားသန်တာကြောင့် ကျွန်မတို့အတွက် ရထားတဲ့လာဘ်လာဘတစ်ခုပဲလို့ ပြောချင်ပါတယ်။ အဲဒါကြောင့် ဦးဆောင်မှုကောင်းရင် နောက်လိုက်တွေကလည်း ကောင်းဖို့လိုပါတယ်။
''ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဝန်ထမ်းများအားလုံးဟာ ဝန်ကြီးရဲ့ဦးဆောင်မှုနဲ့ ဝိုင်းဝန်းပြီး ပြည်သူများရဲ့ ကျန်းမာရေးတိုးတက်ဖို့အတွက် လုပ်ဆောင်သွားကြမယ်လို့ ယုံကြည်ပါတယ်။ လူတိုင်းလက်လှမ်းမီတဲ့ ကျန်းမာရေးကို ဦးတည်ပါတယ်။ လူတိုင်းလည်း လုပ်နိုင်တဲ့ ကျန်းမာရေးဆိုတော့ အထူးဂရုစိုက်လိုတာကတော့ ကျေးလက်တောရွာမှာနေတဲ့ ပြည်သူလူထုပဲ ဖြစ်ပါတယ်။ အများသိတဲ့အတိုင်းပါပဲ လူဦးရေရဲ့ ၇ဝ ရာခိုင်နှုန်းလောက်က ကျေးလက်တောရွာမှာ နေတာပါ။ မြို့တွင်းမှာနေတာ မဟုတ်ပါဘူး။ ကျေးလက်တောရွာမှာနေတဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့၊ ဦးစားပေးဖို့ ဒီစီမံကိန်းထဲမှာ ထည့်သွင်းရေးဆွဲထားပါတယ်''ဟု နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့ပြည်သူများ၏ စွမ်းရည်များကို မြှင့်တင်ပေးရန် အမြင့်ဆုံးမြှင့်တင်နိုင်အောင် ရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ မိမိတို့က ယခုလို ကြိုးစားသည့်အခါ ကျန်းမာရေးဝန်ကြီးဌာနတစ်ခုတည်းနှင့်လည်း မပြီးပါကြောင်း၊ အခြားဝန်ကြီးဌာနများကလည်း ဝိုင်းဝန်းပြီး ကူညီပေးရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာန အသီးသီးကလည်း ဝိုင်းဝန်းပြီး ကူညီရန်လိုအပ်ပါကြောင်း၊ ထို့ပြင် လွှတ်တော်၏ကဏ္ဍကလည်း အလွန်အရေးကြီးပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်၍ လိုအပ်သည့် စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေကိုပြဋ္ဌာန်းသည့် နေရာတွင် လွှတ်တော်၏ အကူအညီလည်းလိုအပ်ပါကြောင်း၊ မိမိတို့ နိုင်ငံသူနိုင်ငံသားများ၏ ကျန်းမာရေးကို စောင့်ရှောက်သည့်နေရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ကဏ္ဍကလည်း အလွန်အရေးပါပါကြောင်း၊ မိမိတို့ပြည်သူ ပြည်သားများ ကျန်းမာရေးကောင်းရန်ဆိုသည်မှာ အားလုံးဝိုင်းဝန်းပြီး လုပ်ဆောင်ရမည့်ကိစ္စ ဖြစ်ပါကြောင်း။
မိမိတို့၏ အမျိုးသားကျန်းမာရေးစီမံကိန်းသည် မိမိတို့ ပြည်သူပြည်သားများ၏ ကျန်းမာရေးအတွက်ဖြစ်သလို မိမိတို့နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးအတွက်လည်း ဖြစ်ပါကြောင်း၊ မိမိတို့ပြည်သူပြည်သားများ ကျန်းမာသည့်အခါ လုပ်ရည်ကိုင်ရည်လည်း တက်လာပါကြောင်း၊ လုပ်ရည် ကိုင်ရည်တက်လာသည့်အခါ နိုင်ငံတိုးတက်ဖွံ့ဖြိုးရေး အတွက်လည်း အများကြီးပံ့ပိုးနိုင်ပါကြောင်း၊ နိုင်ငံတိုးတက် ဖွံ့ဖြိုးရေးဆိုသည်မှာ နိုင်ငံ၏တည်ငြိမ်အေးချမ်းရေးကို အများကြီး အထောက်အကူပြုပါကြောင်း၊ နိုင်ငံကတည် ငြိမ်သည်၊ အေးချမ်းသည်၊ တိုးတက်သည်ဆိုလျှင် ကမ္ဘာကလည်း လေးစားကြောင်း၊ ဝိုင်းဝန်းပြီး ကူညီပံ့ပိုးချင်သည့် စိတ်ဓာတ်များလည်း များပြားလာပါကြောင်း၊ ထို့ကြောင့် အမျိုးသားကျန်းမာရေးစီမံကိန်းသည် မိမိတို့နိုင်ငံအတွက် အလွန်အရေးကြီးသည့်စီမံကိန်းတစ်ခုဖြစ်သည်ကို အားလုံး သဘောပေါက်စေလိုပါကြောင်း။
ပညာတတ်သည့်၊ ကျန်းမာသည့် ပြည်သူပြည်သားများသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်အတွက် အကောင်းဆုံးအာမခံချက်ပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံသည် တိုးတက်မလား၊ မတိုးတက်ဘူးလားဆိုသည်ကို နိုင်ငံ၏ ကျန်းမာရေး၊ ပညာရေးအခြေအနေကိုကြည့်ပြီး ဆုံးဖြတ်၍ရပါကြောင်း၊ တစ်ချိန်က မြန်မာနိုင်ငံကို တစ်ကမ္ဘာလုံးက လေးစားရသည့် အကြောင်းရင်းတစ်ခုမှာ မိမိတို့နိုင်ငံသူ နိုင်ငံသားများ၏ ကျန်းမာရေးနှင့် ပညာရေးကို အလေးထားပြီး အောင်မြင်အောင်လုပ်နိုင်ခဲ့လို့ ဖြစ်ပါကြောင်း။
မိမိတို့ယခုစီမံကိန်းကို မြန်မာပြည်တစ်ဝန်းလုံးအောင် အောင်မြင်မြင်နှင့် အကောင်အထည်ဖော်နိုင်ရန်အတွက် မိမိတို့ဝန်ကြီးဌာနက ဦးဆောင်သွားမည်၊ ကျန်ဝန်ကြီးဌာန များ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများကလည်း ဝိုင်းဝန်း ပြီး ပံ့ပိုးသွားရမည်ဖြစ်ပါကြောင်း၊ အရေးကြီးသည်မှာ ပြည်သူပြည်သားများ ပါဝင်လာရန်ဖြစ်ပါကြောင်း၊ မိမိတို့ ပြည်သူပြည်သားများ ပါဝင်လာနိုင်အောင် လုပ်ရန်မှာ မိမိတို့ တာဝန်ဖြစ်ပါကြောင်း၊ အစိုးရကတာဝန်ပေးမှ နိုင်ငံသူနိုင်ငံသားများကလည်း တာဝန်သိမည်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် နိုင်ငံသူနိုင်ငံသားများ၏ ကျန်းမာရေး ကောင်းမွန်ရန်အတွက် တတ်နိုင်သမျှ မှန်မှန်ကန်ကန်နှင့် လုပ်နေသည်မှာ ပေါ်လွင်လျှင် ပြည်သူပြည်သားများကလည်း မိမိတို့၏ ကျန်းမာရေးကို မိမိတို့စောင့်ရှောက် ရန်တာဝန်ရှိသည်ဆိုသည့်အသိဖြင့် ဝိုင်းဝန်းပြီး ပူးပေါင်းဆောင်ရွက်ပံ့ပိုးသွားမည်မှာ သံသယရှိစရာကိစ္စမဟုတ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမျိုးသား ကျန်းမာရေးစီမံကိန်း(၂ဝ၁၇-၂ဝ၂၁)ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား အမျိုးသားကျန်းမာရေး စီမံကိန်း (၂ဝ၁၇-၂ဝ၂၁)စတင်ဆောင်ရွက်ခြင်း အထိမ်းအမှတ်လက်ဆောင်ကို ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဆောင်ရွက်လျက်ရှိသည့် ပြည်သူအခြေပြု ကျန်းမာရေး စောင့်ရှောက်မှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည် ကြည့်ရှုကြသည်။
အမျိုးသားကျန်းမာရေးစီမံကိန်း (၂ဝ၁၇-၂ဝ၂၁)၏ အဓိကပန်းတိုင်သည် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံသားအားလုံးအတွက် အခြေခံအကျဆုံးသော မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှုများကို ငွေကြေးကုန်ကျမှု နည်းပါးစွာဖြင့် နေရာမရွေး၊ ဒေသမရွေး ပေးစွမ်းနိုင်ရေး ဖြစ်ပြီးအဆိုပါ ပန်းတိုင်ရောက်ရှိရေးအတွက် အမျိုးသား ကျန်းမာရေးစီမံကိန်းကို ကျန်းမာရေးစောင့်ရှောက်မှု စီမံချက်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ တိုင်းရင်းသားကျန်းမာ ရေးအဖွဲ့များ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ ပုဂ္ဂလိ က ကျန်းမာရေးစောင့်ရှောက်သူများ၊ ကျန်းမာရေးစောင့်ရှောက်မှု အကောင်အထည်ဖော်နေသည့် အဖွဲ့အစည်းများကြား ဟန်ချက်ညီပူးပေါင်းဆောင်ရွက်မှုအသွင်ရရှိရေးကို ရည်မှန်းဆောင်ရွက်ကြောင်း သိရသည်။
အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးဝန်ကြီးများ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးပညာ ရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ သင်ရိုးညွှန်းတမ်းများ ပြန်လည်စိစစ်သုံးသပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment