ရန်ကုန် မတ် ၎
AGD Bank မှ အဓိကကူညီပံ့ပိုးပြီး မြန်မာလက်ခမောင်းကုမ္ပဏီက ဦးဆောင်ကျင်းပသော WORLD LETHWEI CHAMPIONSHIP (WLC) မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များကို ယမန်နေ့ ည ၇ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံဥယျာဉ်မြို့တော်ရှိ မင်္ဂလာဒုံ EVENT ဇုန်၌ ကျင်းပသည်။
လိုက်ဝိတ်တန်း(၅၇/၆ဝ) ကီလိုတန်းသုံးချီစိန်ခေါ်ပွဲတွင် ရဲသွေး (Adventure)က စောမင်းနိုင်(ရွှေသောင်ရင်)ကို သုံးချီယှဉ်ပြိုင် ထိုးသတ်အနိုင်ရရှိခဲ့ပြီး လိုက်မစ်ဒယ်ဝိတ်တန်း(၆၇/၇၁) ကီလို သုံးချီစိန်ခေါ်ပွဲတွင် ပိုက်ထွေး(T&Tသထုံ)က ထွန်းထွန်းနိုင် (မြွေပွေး)ကို ပထမအချီတွင်လည်းကောင်း၊ ဖယ်သာဝိတ်တန်း (၅၄/၅၇)ကီလိုတန်း သုံးချီစိန်ခေါ်ပွဲတွင် သက်ပိုင်အောင် (တောင်ကလေး)က ရွှေဖားစည်(ဘိလပ်မြေစက်ရုံ)ကို တတိယ အချီတွင် လည်းကောင်း၊ လိုက်ဝယ်သာဝိတ်တန်း (၆ဝ/ ၆၃.၅)ကီလို လေးချီစိန်ခေါ်ပွဲတွင် ရန်နိုင်ထွန်း(တိုက်ဂါး)က ဇွဲရွှေကို (T&T)သထုံကို တတိယအချီတွင် လည်းကောင်း၊ ဝယ်သာဝိတ်တန်း (၆၃.၅/၆၇)ကီလိုတန်း ငါးချီပြိုင်ပွဲတွင် ကျားပေါက် (မြန်မာ)က ပက်ခ်ချန်ဆင်(ကမ္ဘောဒီးယား)ကို ပထမအချီ တစ်မိနစ်နှင့် ၄ဝ စက္ကန့်တွင် အလဲထိုးအနိုင်ရခဲ့ပြီး စိန်မျိုးအောင် (တောင်ကလေး)က ရဲမာန်ဟိန်း(မုဒုံသား)ကို ပဉ္စမအချီတွင် လည်းကောင်း၊ လိုက်မယ်ဒယ်ဝိတ်တန်း(၆၇/၇၁)ကီလို ငါးချီ စိန်ခေါ်ပွဲတွင် ဖိုးသော်(မြန်မာ)က ဂျန်ကိုင်ချီ(မလေးရှား)ကို ပထမ အချီ ၅၆ စက္ကန့်တွင် အလဲထိုးအနိုင်ရရှိခဲ့ပြီး သွေးသစ်ဝင်းလှိုင် (Adventure)က စောဘဦး(တောင်ကလေး)ကို ပဉ္စမအချီတွင် လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။
အထူးပွဲစဉ်များဖြစ်သော မစ်ဒယ်ဝိတ်တန်း(၇၁/၇၅) ကီလို ငါးချီစိန်ခေါ်ပွဲ နိုင်ငံခြားပွဲစဉ်နှစ်ပွဲကို ဆက်လက်ယှဉ်ပြိုင်ရာ တူးတူး (မြန်မာ)နှင့် အီဒီဖာရယ်(သြစတြေးလျ)ပွဲစဉ်တွင် ပဉ္စမအချီထိ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြရာ ပရိသတ်အကြိုက်တွေ့သော ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး တူးတူး(မြန်မာ)က အမှတ်ဖြင့်အနိုင်ရခဲ့သည်။
နောက်ဆုံးပွဲစဉ်ဖြစ်သော ထွန်းထွန်းမင်း(မြန်မာ)နှင့် နီကိုလက်စ်ကာတာ(အင်္ဂလန်)တို့ပွဲစဉ်တွင် ပထမအချီ နှစ်မိနစ် နှင့် ၄၈ စက္ကန့်တွင် ထွန်းထွန်းမင်းက နီကိုလက်စ်ကာတာအား အလဲထိုးအနိုင်ရရှိခဲ့ကြောင်း သိရသည်။
သတင်း-တင့်လွင်၊ ဓာတ်ပုံ-အောင်မျိုးထွဋ်

No comments:
Post a Comment